အခုမှသားဦးလေးကို မွေးဖွားကြမယ့် မိဘအသစ်စက်စက်လေးတွေအနေနဲ့ ကလေးတွေဝမ်းသွားခြင်းနဲ့ပက်သက်လို့ ဘယ်လောက်အထိ စိုးရိမ်လွန်၊ ပြောမိ၊ တွေးမိလဲဆိုတာကို ပြန်ကြားမိမယ်ဆိုရင် အံ့အားသင့်သွားနိုင်ပါတယ်။ ကလေးကပုံမှန်ဝမ်းသွားသည့်အခါ ခန္ဓာကိုယ်အတွင်းက ကလီစာများပုံမှန်အလုပ်လုပ်နေပြီး အသွင်းနဲ့အထုတ် ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေဝမ်းသွားတာ ပုံမှန်မဟုတ်တော့ဘူးဆိုရင် မိဘတွေအတွက် ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာပါပြီ။ ဝမ်းချုပ်ခြင်းနဲ့ပတ်သက်လို့ အပြစ်တင်ဖို့ တရားခံရှာရမယ်ဆိုရင် အစားအသောက်က ရှေ့ဆုံးကနံပါတ်တစ်ဖြစ်နေလို့ ကလေးတွေကို ဘယ်လိုအစားအသောက်တွေကျွေးသင့်ပြီး ဘယ်လိုအစားအစာတွေကိုတော့ ရှောင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

ရင်ခွင်ပိုက်ကလေးတွေဟာ အရည်တွေကိုသာ အစားအစာအဖြစ်သုံးစွဲရပြီး မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူပဲ အစာဝင်လွယ်၊ အစာခြေလွယ်ကြပါတယ်။ ပျမ်းမျှအားဖြင့် မွေးကင်းစကနေ ၄ လအရွယ်ကလေးတွေဟာ တစ်နေ့လျှင် ၃ ကြိမ်မှ ၄ ကြိမ်လောက် ဝမ်းသွားတတ်ကြပါတယ်။ သို့သော်လည်း သူတို့ပုံမှန်သွားတာမသွားတာထက် သွားတဲ့ဝမ်းတွေက နူးညံ့မှုရှိမရှိဆိုတာကို စောင့်ကြည့်ဖို့က ပိုအရေးကြီးပါတယ်။ အကယ်လို့ကလေးရဲ့ဝမ်းက မာတောင့်နေတယ်ဆိုရင် လိုတာထက်ပိုပြီး ကလေးရဲ့ဗိုက်ထဲမှာ ကြာကြာရှိနေတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။

မိခင်နို့တိုက်ကျွေးနေတဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ ဝမ်းချုပ်ခြင်းက နို့ပရိုတင်းအလာဂျီ လက္ခဏာတစ်ခုလည်းဖြစ်နိုင်တယ်လို့ Wisconsin ကလေးဆေးရုံရဲ့ အမ်ဒီ Diana Lerner က ဆိုသလို နို့ချိုတိုက်ကျွေးနေတဲ့ မိခင်များအနေနဲ့ နွားနို့တွေသောက်မယ့်အစား ပဲနို့လိုမျိုးကို အစားထိုးသောက်သုံးဖို့လည်း အကြံပြုထားပါသေးတယ်။ မိခင်စားသုံးတဲ့ အစားအစာတွေပေါ်မူတည်ပြီး ကလေးတွေဝမ်းချုပ်တာကို သက်သာစေနိုင်လို့ သင့်ကလေးက ဝမ်းချုပ်နေတယ်ဆိုပါက မက်မန်းနှင့်ဆင်သော ဆီးသီးခြောက်နည်းနည်းကို စားသုံးပေးပါ။

မိခင်နို့ထက် ဖော်မျူလာတွေကိုချည်း သီးသန့်တိုက်တဲ့ ကလေးတွေမှာ ဝမ်းချုပ်တဲ့ပြဿနာတွေဖြစ်ဖို့ အလားအလာပိုများတယ်လို့လည်း ဒေါက်တာ မော်တန်ကဆိုပါသေးတယ်။ ဖော်မျူလာမှာပါဝင်တဲ့ တစ်ချို့သောပါဝင်ပစ္စည်းတွေက ကလေးရဲ့အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ထိုမှတဆင့် ဝမ်းတွေမာတောင့်ရခြင်းဖြစ်ပါတယ်။
ကလေးတစ်ဖြည်းဖြည်းနဲ့ကြီးလာလို့ အဖတ်တွေ စတင်ကျွေးတော့မယ်ဆိုရင် ငှက်ပျောသီး၊ ပန်းသီးအနှစ်၊ စီရီယယ် တို့ကို အများကြီးမကျွေးပါနဲ့။ အထူးသဖြင့် စီရီယယ်အများကြီးစားမိခြင်းက သင့်ကလေးမှာ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပြီး ချိစ်နှင့် ဒိန်ချဥ်တို့လို နို့ထွက်ပစ္စည်းတွေကိုလည်း သတိထားပါ။ ဒါ့အပြင် ဆန်ဖြူ၊ ပေါင်မုန့်ဖြူ၊ ပါစတာတို့လို Low-fiber အစားအစာတွေကလည်း ကလေးတွေကို ဝမ်းချုပ်စေနိုင်လို့ သင့်တင့်လျှောက်ပတ်ရုံသာကျွေးပါ။

ဝမ်းချုပ်တဲ့ကလေးတွေအတွက် ဖိုက်ဘာက အင်မတန်အကူအညီဖြစ်စေပါလိမ့်မယ်။ ဆန်လုံးညို၊ ဖိုက်ဘာကြွယ်ဝတဲ့ စီရီယယ်များ၊ Whole-wheat ပါစတာများ၊ သစ်တော်သီး၊ မက်မန်းသီး၊ မက်မွန်သီးနှင့် ဆီးသီးခြောက်တွေက ကလေးတွေဝမ်းကိုပျော့စေနိုင်ပါတယ်။ ထိုမျှသာမက ပန်းဂေါ်ဖီစိမ်း၊ ပဲများကလည်း အထောက်အပံ့ဖြစ်စေပြီး နောက်ဆုံးမမေ့သင့်တာကတော့ ရေများများသောက်ဖို့ပါပဲ။
#Chit_May_May
#Thinzar
Ref- parents