ရင်ခွင်ပိုက်အရွယ် ကိုယ့်ရဲ့ရင်သွေးငယ်လေးက နေ့ခင်းဘက်ပဲဖြစ်ဖြစ် ညဖက်အချိန်မှာဖြစ်ပဲဖြစ်ဖြစ် သူ့ကိုပွေ့မချီသေးသရွေ့ မအိပ်ဘဲနေနေလို့ စိုးရိမ်ပူပန်နေရပါသလား။ ငိုပဲငိုနေပြီးတော့ ဘယ်လိုပဲလုပ်လုပ် မအိပ်ဘူးဖြစ်နေတာက ဘာပြဿနာကြောင့်မှန်းမသိ စိုးရိမ်ရမလား စိတ်အေးရမလား ဘာလုပ်လို့ဘာကိုင်ရမှန်းမသိနဲ့ မိဘတွေမှာ ပျာယာကိုခတ်နေရတာပါပဲ။ ကလေးလည်း ကောင်းကောင်းအိပ်ပျော်ပြီး မိဘနှစ်ပါးလည်း စိတ်အေးလက်အေး နေနိုင်ဖို့အတွက် လိုအပ်မယ့် အကြံပြုချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။
ပွေ့ချီပြီးမသိပ်ပါနဲ့

သူ့ကိုမချီတာနဲ့ပဲ ငိုနေတာကြောင့် တစ်နေကုန်ချီပိုးထားဖို့ မလိုအပ်ပါဘူး။ မွေးကင်းစအရွယ်မှာ ကလေးကိုသိပ်ဖို့အတွက် ကလေးသုံးပစ္စည်းအများကြီးကို အသုံးပြုကြည့်ပါ။ ကျောပိုး သို့မဟုတ် ရင်ဘတ်လွယ်အိတ်ထဲမှာထည့်ထားခြင်းက သူ့ကို ကိုယ်နဲ့နီးနီးကပ်ကပ်ရှိနေစေသလို နွေးနွေးထွေးထွေးလည်းရှိစေပြီး လက်နှစ်ဖက်ကလည်း အားနေလို့ ကိုယ့်ရဲ့တခြားအလုပ်တွေကိုပါ အေးအေးဆေးဆေး လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် နောက်တစ်နည်းအနေနဲ့ ပုခက်ထဲမှာ သိပ်ကြည့်ပါ။ ရှေ့လွှဲနောက်လွှဲ လွှဲပေးခြင်းက ကလေးကိုမူးလာစေရာကနေ အိပ်ပျော်သွားစေမှာဖြစ်ပါတယ်။
လုံးဝအိပ်ပျော်သွားတဲ့အထိ စောင့်ပါ

ကလေးအိပ်ပြီထင်ပြီး အောက်ချလိုက်ကာမှ နိုးသွားလို့ ပြန်သိပ်မရတော့တဲ့ အခက်အခဲမျိုး မကြုံချင်ဘူးဆိုရင် ကလေးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မပျော်ဆိုတာ သေချာစစ်ပါ။ ဘယ်လိုစစ်မလဲဆိုတော့ ပထမနည်းလမ်းကတော့ အချိန်မှတ်ဖို့ပါပဲ။ သူတို့အိပ်ပျော်ပြီးနောက် ၁၅မိနစ် မိနစ် ၂၀ လောက်အတွင်းပိုင်းမှာ လွယ်လင့်တကူ လန့်နိုးလာတတ်ပါတယ်။ နောက်တစ်နည်းက သူတို့ရဲ့လက်ကလေးကို မကြည့်ပြီးလွှတ်ချကြည့်လိုက်ပါ။ လွှတ်လိုက်တဲ့အချိန် လှုပ်သွားပြီးတွန့်သွားမယ်ဆိုရင်တော့ ပြန်နိုးနိုင်သေးပေမယ့် လက်ချလိုက်တဲ့အခါ အေးအေးဆေးဆေးကျသွားတယ်ဆိုရင်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါပြီ။
ထုပ်ပိုးပေးထားပါ

ဘေဘီအများစုက သူတို့ကိုအနှီးလေးတွေနဲ့ဖြစ်ဖြစ် ထုပ်ပိုးပေးထားသည့်အခါ ပိုပြီးကောင်းကောင်း အိပ်ပျော်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ မိခင်ဝမ်းဗိုက်အတွင်းမှာ နေစဥ်တုန်းက အချိန်ပုံစံမျိုးနဲ့ ဆင်တူတဲ့အနေအထားကို ပြန်ပြီးသတိရစေတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အခုလိုထုပ်ပိုးထားခြင်းက လက်တွေကိုယမ်းခါတဲ့အခါ၊ ဆတ်ခနဲလှုပ်လိုက်တဲ့အခါ လန့်နိုးခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။
အသံတိုးတိုးလေးတွေဖွင့်ပေးပါ

အရမ်းဆူညံပွက်လောရိုက်တဲ့ အသံတွေကြောင့် ကောင်းကောင်းအိပ်မပျော်စေနိုင်သလို အသံလုံးဝတိတ်သွားလို့လည်း ကောင်းကျိုးမဖြစ်စေပါဘူး။ ဘာသံမှမထွက်ဘဲ တိတ်ဆိတ်နေခြင်းက ကလေးကို လန့်ပြီးနိုးစေနိုင်တာကြောင့် ထိုအစား သူတို့နဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်က အသံတွေကို တိုးတိုးလေးဖွင့်ပေးထားပေးနိုင်ပါတယ်။
#Chit_May_May
#Thinzar
Ref- sleepingshouldbeeasy