
ကလေးတွေ ကြီးပြင်းလာပြီး သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေ ဖွံ့ဖြိုးတိုးတတ်လာတာနှင့်အမျှ မိဘတွေနဲ့ သဘောထားကွဲလွဲမှုတွေ ရှိလာနိုင်ပါတယ်။ မိဘအုပ်ထိ်နးခြင်းက အခက်ခဲဆုံးအလုပ်တွေထဲကမှ တစ်ခုဖြစ်ပါတယ်။ ဘယ်လောက်ပဲ အသိဉာဏ်ရှိရှိ လုပ်ဆောင်တတ်ပြီး ဆင်ခြင်တုံတရားရှိသော ပြုစုစောင့်ရှောက်ပေးသူ ဖြစ်ပါစေ၊ အမှားအယွင်းတွေကြောင့် ရှုပ်ထွေးမှုတွေ မလွဲမသွေ ဖြစ်ပေါ်လာတတ်ပါတယ်။ တကယ်တော့ မိဘတွေက လူသားတွေပါပဲ၊ လူသားတိုင်းက အမှားနဲ့မကင်းပါဘူး။ ဒါ့ကြောင့် တစ်ခါတလေမှာ မိဘတွေအတွက် အချိန်ပိုလိုအပ်ပါတယ်။ ဒါ့အပြင် မိဘတွေအနေနဲ့ ရှောင်သင့်တဲ့ အပြုအမှုတွေလည်း ရှိပါတယ်။
၁။ ကိုယ်ထုတ်ဖော်မပြနိုင်တဲ့ အပြုအမှုတွေကို မျှော်လင့်ခြင်း
တခြားသူတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုပြီး အကြံပေးတာမျိုး (သို့) ဆေးလိပ်သောက်ခြင်းကဲ့သို့သော အန္တရာယ်ရှိတဲ့ အပြုအမှု၊ ပုန်ကန်တဲ့ အမူအကျင့်တွေကို မလုပ်ဖို့ သတိပေးတာမျိုးမှာ ဥပမာအားဖြင့် ကိုယ်က ဦးဆောင်တာမျိုးမရှိဘူးဆိုရင် ကွာခြားမှာ မဟုတ်ပါဘူး။ သင့်ကလေးကို ဘာမလုပ်ရဘူးဆိုပြီး ရိုးရိုးရှင်းရှင်း ပြောမယ့်အစား သူတို့ကို ပြသပါ။ ကလေးတွေက မိဘတွေရဲ့ အကျင့်စရိုက်တွေကို အတုယူလေ့ရှိတာကြောင့် ကိုယ်ပြောလိုက်တဲ့အရာကို လက်တွေ့ကျင့်သုံးတာက အသင့်တော်ဆုံးဖြစ်ပါတယ်။

၂။ ကလေးရဲ့ တိုက်ပွဲတွေကို တိုက်ပေးခြင်း
ကိုယ်ကတော့ ကိုယ့်ကလေးကို ကာကွယ်ပေးတာပေါ့ ! ဒါပေမယ့် စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေ၊ မနှစ်မြို့ဖွယ် အခြေအနေတွေ (သို့) မစီစဉ်ထားတဲ့ အခြေအနေတွေကို ရင်ဆိုင်တတ်ဖို့ သင်ယူခြင်းက သင့်ကလေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သတိပြုမိဖို့ အရေးကြီးပါတယ်။ လုပ်ရပ်တွေက အကျိုးဆက်တွေရှိကြောင်း သင်ယူဖို့ဆိုတာ သူတို့အတွက် အရေးကြီးတဲ့ သင်ခန်းစာတစ်ခုပါ။ ဒါက အခြားသူတွေနဲ့၊ သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ ဆက်ဆံပုံအပေါ် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ ကလေးအား အကျိုးဆက်တွေကို ရှောင်တိမ်းစေပြီး သူတို့အတွက် တိုက်ပွဲဝင်ဖို့ နည်းလမ်းရှာခြင်းက သူတို့ရဲ့ ကြီးထွားမှုကို ဟန့်တားစေတာကြောင့် ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေပါတယ်။ အဲဒီအစား အကူအညီလိုပါက သင့်ဆီလာနိုင်ကြောင်း အာမခံချက်နှင့်အတူ သူတို့ကိုယ်တိုင်ဖြေရှင်းဖို့ အခွင့်အရေးပေးပါ။
၃။ Quality Time အတွက် Quantity မှားယွင်းခြင်း
မိဘအများစုက အားလပ်ချိန်တိုင်း မိမိတို့ကလေးတွေနားမှာ ရှိပေးကြပါတယ်။ အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ သားသမီးတွေရဲ့ အချိန်ဇယားကို ဂရုစိုက်ဖို့ တရစပ် ရုန်းကန်ကြရပါတယ်၊ ဥပမာအားဖြင့် ကျောင်းဆင်းတာနဲ့ သွားကြိုခြင်း၊ ညစာပြင်ဆင်ပေးခြင်းနဲ့ အာရုံစူးစိုက်မှု လိုအပ်တဲ့ တခြားတာဝန်တွေ ထမ်းဆောင်ခြင်းတို့ဖြစ်ပါတယ်။
သင်နဲ့ သင့်ကလေးက နီးနီးကပ်ကပ် ရှိနေတာကြောင့် သင့်ဆီကနေ လိုချင်တောင့်တတဲ့ အာရုံစိုက်မှုကို ရရှိတယ်လို့ ယူဆမိဖို့ လွယ်ကူပါတယ်၊ သို့သော် ဒါက သေချာပေါက် မမှန်ပါဘူး။ ကလေးအများစုက သူတို့ရဲ့ မိဘတွေဟာ အခြားအလုပ်တွေကို အမြဲလုပ်နေတာကြောင့် လစ်လျူရှုခံရတယ်လို့ ခံစားရပါတယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀လောက်အတူထိုင်ပြီး သူတို့ရဲ့ ဘဝတွေကို စိတ်ဝင်စားမှုပြသခြင်းက ကြီးမားတဲ့ ခြားနားမှုကို ဖြစ်စေနိုင်ပါတယ်။

၄။ သင့်ပါတနာကို လျစ်လျူရှုခြင်း
ကလေးပြုစုပျိုးထောင်ခြင်းက ရှုပ်ထွေးပြီး အချိန်ကုန်နိုင်ပါတယ်။ စုံတွဲတွေ လုပ်လေ့ရှိတဲ့ အမှားတွေထဲက တစ်ခုကတော့ သားသမီးအတွက် ခွန်အားတွေ အားလုံးကို မြှုပ်နှံပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးကို လျစ်လျူရှုခြင်းပါပဲ။ သင့်ကလေးက သင့်မိသားစုအတွက် ထပ်လောင်းတစ်ခုဖြစ်ပြီး အစားထိုးမဟုတ်ကြောင်း သတိရပါ။ သင့်ပါတနာနဲ့ ရင်းနှီးပြီး ကျန်းမာပျော်ရွှင်တဲ့ နေထိုင်မှုပတ်ဝန်းကျင်ကို ထူထောင်ရာမှာ အချိန်ကို ရင်းနှီးမြုပ်နှံခြင်းက သင့်ကလေးအတွက် အံ့သြစရာတွေ ဖြစ်စေပါလိမ့်မယ်။
၅။ “ကိုယ့်အတွက်” အချိန်ကို လျစ်လျူရှုခြင်း
အသက်မွေးဝမ်းကျောင်းအလုပ်ကတစ်ဖက်၊ ပါတနာနဲ့ သားသမီးတွေကို ပြုစုပျိုးထောင်ရတာတစ်ဖက်ဖြင့် နေ့စဉ် ကိုယ့်အတွက်ကိုယ် အချိန်မပေးနိုင်တဲ့ မိခင်တွေ ရှိကြပါတယ်။ ကလေးအတွက် သင်လုပ်နိုင်တဲ့ အကောင်းဆုံးအရာတွေထဲမှ တစ်ခုက သင့်အတွက် နေ့စဉ်အချိန်ဇယား ဖြစ်ပါတယ်။ မနက်တိုင်း လက်ဖက်ရည်တစ်ခွက် ထိုင်သောက်တာပဲဖြစ်ဖြစ်၊ အနှောက်အယှက်မဖြစ်ဘဲ ပျော်နေတာပဲဖြစ်ဖြစ်၊ ညနေ ၁၅မိနစ်လောက် စာဖတ်တာပဲဖြစ်ဖြစ် ဒီ” ကိုယ့်အတွက်” အချိန်က မိဘတွေအတွက် အလုပ်မပျက်၊ စိတ်မပျက်ဘဲ မိဘအုပ်ထိန်းမှု ဖိအားတွေကို ပြေလျော့စေပြီး ရင်ဆိုင်နိုင်စေပါမယ်။ ကိုယ့်ကိုယ်ကို ဦးစားပေးခြင်းကလည်း သင့်ကလေးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

၆။ သင့်ကလေးရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ခြင်း
ကလေးငယ်တွေ ကြီးပြင်းလာတာနှင့်အမျှ အမှီအခိုကင်းအောင်၊ စမ်းသပ်မှု ပြုနိုင်အောင် အခန်းပေးရန် အရေးကြီးပါတယ်။ တခြားအရာတွေလိုပဲ ဒါက အချိန်ယူရမှာဖြစ်ပြီး အဆင့်ဆင့် လုပ်ဆောင်နိုင်ပါတယ်။ အရာအားလုံးကို တစ်ပြိုက်နက်တည်း ဇက်ကြိုးလွတ်ပေးလိုက်လို့တော့ မရပါဘူ။ တကယ်တော့ ကလေးတွေကို ဂရုစိုက်ပြီး စည်းကမ်းထိန်းသိမ်းဖို့ လိုပါသေးတယ်။ သေးငယ်တဲ့ လွတ်လပ်မှုတွေကို ခွင့်ပြုပေးပြီး သူတို့ပတ်ဝန်းကျင်ကို သူတို့ကိုယ်တိုင် ရှာဖွေစူးစမ်းနိုင်စေခြင်းဖြင့် သူတို့ကို ကာကွယ်ဖို့ အရေးကြီးပါတယ်။ သူတို့ဘာလုပ်လုပ် အဝေးကနေ သင်စောင့်ကြည့်ပေးနိုင်ပါတယ်။

၇။ သင့်ကလေးအား အော်ငေါက်ခြင်း
မိဘတွေအားလုံးက တစ်ခါတစ်ရံမှာ သူတို့ရဲ့ အေးချမ်းမှု ပျောက်ဆုံးပြီး ကလေးတွေကို အော်ဟစ်တတ်ကြပေမယ့် သင့်ကလေးအား ပြောဆိုဆက်ဆံဖို့နဲ့ ဆုံးမပဲ့ပြင်ဖို့ အော်ဟစ်တာကို အသုံးပြုခြင်းက လုံးဝအကူအညီဖြစ်မှာ မဟုတ်ပါဘူး။ ဒီအခိုက်အတန့်မှာ သင့်အသံကို မြှင့်တင်ခြင်းက သင့်ကလေးကို ပိုအလေးအနက်ထားဖို့ ကူညီပေးသလို ခံစားရနိုင်ပေမယ့် ကလေးအတွက်တော့ အမှားလုပ်မိမှာကို ပိုစိုးရိမ်ပြီး ကြောက်ရွံ့မှုတွေပဲ ဖြစ်စေပါတယ်။ သူတို့ဟာ နောက်တစ်ကြိမ် ကြိမ်းမောင်းခံရမှာကို ကြောက်ရွံ့ခြင်းကြောင့် ဘာမှဖွင့်မပြောတော့တာမျိုး လုပ်လာနိုင်ပါတယ်။

Chit_MayMay
Nandar
Source-momjunction.