
မေမေတို့အနေနဲ့ သားသားမီးမီးတွေကို စနစ်တကျ လက်ဆေးနည်းလေးတွေ သင်ပေးထားပြီးဖြစ်မှာပါနော်။ ကလေးတွေကို လက်ဆေးဖို့ အလေ့အကျင့်လေး သေချာလုပ်ထားပေးဖို့ လိုပါတယ်။ ငယ်သေးတဲ့အရွယ်ဖြစ်တာကြောင့် အမြဲတမ်း ဆော့ကစားနေပြီး မျက်စိထဲ မြင်သမျှ အရာဝတ္ထုတွေကို လက်နဲ့ ကိုင်တတ်တာကြောင့် တစ်ခုခုဆို ရောဂါပိုးက ဗိုက်ထဲရော နှာခေါင်းထဲရော အလွယ်တကူဝင်သွားတတ်ပါတယ်။ ကလေးဘဝမှာ အစာအိမ်၊ အူရောင်ရမ်းနာနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ကဲ့သို့သော ရောဂါအများစုက ညစ်ပတ်တဲ့ လက်တွေကနေ ကူးစက်တတ်ပါတယ်။
စနစ်တကျ လက်ဆေးခြင်းဟာ ဖျားနာခြင်းအန္တရာယ်တွေကို လျှော့ချဖို့အတွက် ထိရောက်သော အတိုင်းအတာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ပါးစပ်ထဲကို အရာဝတ္တုတွေ၊ လက်တွေ ထည့်လေ့ရှိတဲ့ ကလေးတွေ၊ တခြားကလေးတွေနဲ့ နီးကပ်စွာ ထိတွေ့ပြီး အသုံးများတဲ့အရာဝတ္တုကို မျှဝေသုံးစွဲလေ့ရှိတဲ့ ကျောင်းနေကလေးတွေဖြစ်ပါတယ်။ ဒီတော့ လက်ဆေးခြင်းဖြင့် ဘယ်လိုရောဂါတွေကို ကာကွယ်နိုင်လဲ သိပါသလား? အောက်မှာ မျှဝေပေးထားပါတယ်။
၁။ မျက်မြှေးရောင်ခြင်း ၊ မျက်စိနာခြင်း
မျက်မြှေးရောင်ခြင်းက မျက်ခွံရဲ့အတွင်းမျက်နှာပြင်ကို ဖုံးအုပ်ထားတဲ့ အပါးလွှာဆုံး၊ အကြည်ဆုံးအလွှာဖြစ်တဲ့ conjunctiva (မျက်စိရဲ့ အဖြူသားနေရာနဲ့ မျက်ခွံအတွင်းဖက်ကို ဖုံးအုပ်ထားသော အမြှေးပါးလေး) ရောင်ရမ်းခြင်းဖြစ်ပါတယ်။ ဘက်တီးရီးယား, ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်မြှေးရောင်ခြင်းလည်းရှိသလို ၊ ဓာတ်မတည့်မှုတွေ၊ ဓါတုပစ္စည်တွေကြောင့်လည်း မျက်မြှေးရောင်ခြင်း ဖြစ်တတ်ပါတယ်။ ဓါတ်မတည့်မှုကြောင့်လည်း ဖြစ်ပွားတဲ့ မျက်မြှေးရောင်နာဟာ မကူးစက်တတ်ပါဘူး။ ရောဂါအမျိုးအစားပေါ်မူတည်ပြီး လက္ခဏာတွေ ကွဲပြားပါတယ်။ CDC မှ အကြံပြုချက်တွေအရ လက်ဆေးခြင်းဟာ မျက်မြှေးရောင်ရမ်းမှုကို ဖြစ်စေတဲ့ ပိုးမွှားတွေ ပျံ့နှံ့မှုကို ကန့်သတ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၂။ ရေကျောက်ရောဂါ
ရေကျောက်ဟာ varicella-zoster virus ကြောင့်ဖြစ်ရတဲ့ ကလေးဘဝမှာ အဖြစ်များသော ကူးစက်ရောဂါဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေထက် ကလေးတွေမှာ ပိုအဖြစ်များပြီး များသောအားဖြင့် အပျော့စားဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာတော့ ပိုပြင်းထန်တဲ့ အခြေအနေတွေကို ခံစားရနိုင်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ အရင်ဆုံး ကိုယ်လက်မအီမသာဖြစ်တာတို့၊ ဖျားတာတို့ဖြစ်လာပါတယ်။ ဒီလက္ခဏာတွေပြပြီး ၂ရက်လောက်အကြာမှ ယားယံတဲ့ အရေကြည်ဖုလေးတွေ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့အပြားမှာ ထွက်လာပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုက အရေပြားမှတဆင့်ဖြစ်စေ၊ အသက်ရှုလမ်းကြောင်းမှတဆင့်ဖြစ်စေ၊ လူတွေကြား တိုက်ရိုက်ထိတွေ့ခြင်းဖြင့် ဖြစ်စေ ကူးစက်ပါတယ်။ သူတို့က လက်နဲ့ မျက်နှာပြင်တွေကိုလည်း ညစ်ပတ်စေပါတယ်။

၃။ အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်း (Salmonellosis)
Salmonellosis ရောဂါဟာ အစာအိမ်ရောဂါ အမျိုးအစားဖြစ်ပြီး Salmonella အုပ်စုမှ ဘက်တီးရီးယားတွေ ပါဝင်တဲ့ အစားအစာ (သို့) ရေကို စားသုံးမိပြီးနောက် ၆နာရီမှ ၄၈ နာရီအတွင်း ရောဂါလက္ခဏာတွေ စတင်ပါတယ်။ ၎င်းရဲ့လက္ခဏာအချို့မှာ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းနဲ့ ဗိုက်နာခြင်းတို့ ဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်းနဲ့ ကြွက်သားနာခြင်းတို့ ရှိကောင်းရှိနိုင်ပေမယ့် အမြဲတမ်းတော့ မဟုတ်ပါဘူး။
၄။ Giardiasis ရောဂါ
Giardiasis ရောဂါဟာ Giardia အမျိုးအနွယ် ကပ်ပါးပိုးတွေကြောင့် ဖြစ်ပေါ်တဲ့ အူလမ်းကြောင်းပိုးဝင်ခြင်းဖြစ်ပါတယ်၊။ များသောအားဖြင့် အနံ့အသက်ဆိုးထွက်ခြင်း၊ အရည်ဝမ်းသွားခြင်း ၊ ပျို့ခြင်း၊ အော့အန်ခြင်း၊ ဝမ်းဗိုက်နာခြင်းနဲ့ လေပွခြင်းတို့ ဖြစ်ပေါ်လာတတ်ပါတယ်။ ယခင်ကိစ္စတွေနဲ့ မတူဘဲ ဒီအစာအိမ်ရောဂါဟာ ဘက်တီးရီးယားအမျိုးအစားထက် အချိန်ပိုကြာတတ်ပါတယ်။
ကပ်ပါးပိုးပါတဲ့ ညစ်ညမ်းသောရေကို သောက်သုံးမိခြင်း၊ (သို့) ရောဂါပိုးထိတွေ့ထားတဲ့ လက်တွေကနေ တစ်ဆင့်ကူးစက်ခြင်း တို့ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်သန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးက ကူးစက်မှုကို ကန့်သတ်ဖို့ အဓိကအချက်တွေ ဖြစ်ပါတယ်။

၅။ အရေပြားပိုးဝင်ခြင်း
Impetigo (အနာစက်) ဟာ ကလေးတွေမှာ အဖြစ်များတဲ့ ဘက်တီးရီးယား အရေပြား ပိုးဝင်ခြင်း ဖြစ်ပါတယ်။ ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးတွေက အခြားသူတွေရဲ့ ဒဏ်ရာနဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှ ရရှိနိုင်ပါတယ်။
၆။ အဆုတ်ရောင်ရောဂါ (Pneumonia)
အဆုတ်အအေးမိခြင်း အပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေဟာ အသက် ၅နှစ်အောက် ကလေးငယ်တွေမှာ သေဆုံးမှုရဲ့ အဓိကအကြောင်းရင်းတွေထဲမှ တစ်ခုဖြစ်ပါတယ်။ လက်ကို ဆပ်ပြာ၊ ရေဖြင့် ဆေးကြောခြင်းက ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။

၇။ တုပ်ကွေး
အအေးမိခြင်း (သို့) တုပ်ကွေးက ကလေးဘဝမှာ အဖြစ်များသော အခြေအနေတွေဖြစ်ပြီး အထူးသဖြင့် အေးတဲ့လတွေမှာ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကျွမ်းကျင်သူတွေက လက်ကို ဆပ်ပြာ၊ ရေဖြင့် ကောင်းစွာ ပွတ်တိုက်ဖို့ အကြံပြုထားပြီး ပိုးမွှားတွေ အသေအချာ သန့်ရှင်းဖို့အတွက် အနည်းဆုံး စက္ကန့် ၂၀ခန့် ဆေးပေးရပါမယ်။ လက်နဲ့ လက်သည်းတွေရဲ့ မျက်နှာပြင်အားလုံးကို ဆေးကြောပြီး လက်ကောက်ဝတ်အထိ ဆေးကြောနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။

၈။ အအေးမိခြင်း
အအေးမိခြင်းက လက်မှတဆင့် တိုက်ရိုက် (သို့) သွယ်ဝိုက်၍ ကူးစက်ပါတယ်။ လေ့လာမှုအရ လက်ဆေးခြင်းဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ လက်မှ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေကို ဖယ်ရှားခြင်းဖြင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခြင်း၊ တခြားကလေးတွေကို ကူးစက်ခြင်းမှ ကင်းဝေးစေပါတယ်။
၉။ လက်- ခြေထောက် -ပါးစပ်ရောဂါ
လက်၊ ခြေထောက်နဲ့ ပါးစပ်ရောဂါ ဆိုတာ Coxsackie မျိုးနွယ်မှ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်ပါတယ်။ ဒီပိုးကူးစက်ခံထားရတဲ့ ကလေးဟာ အောက်ဖော်ပြပါ အညစ်အကြေးတွေမှတဆင့် အခြားကလေးတွေဆီ ကူးစက်နိုင်ပါတယ်။
- တံတွေးအစက်များ (သို့) နှာခေါင်းမှ ချွဲများ
- အရည်ကြည်ဖုများ (သို့) အနာဖေးမှ အရည်များ
- မစင်
ကူးစက်ခံထားရတဲ့ ကလေးငယ်တွေဟာ ဖျားနာမှု ပထမအပတ်မှာ ပိုပြီးကူးစက်တတ်တာကြောင့် ဒီကာလအတွင်း ကျောင်းမသွားဘဲ အိမ်မှာနေဖို့ အကြံပြုထားပါတယ်။

၁၀။ ရိုတာဗိုင်းရပ်များ
ရိုတာဗိုင်းရပ်စ်ဟာ မစင်မှတဆင့်၊ လက်နဲ့ ပါးစပ်ထိတွေ့မှုမှတဆင့် ၊ ညစ်ပတ်နေတဲ့ မျက်နှာပြင်တွေ(ဥပမာ- ညစ်ပတ်နေတဲ့ ဒိုက်ဘာ (သို့)အရုပ်တွေ) ထိတွေ့ခြင်းမှတဆင့် ကူးစက်ပါတယ်။ ချောင်းဆိုး (သို့) နှာချေတဲ့အခါ ထွက်လာတဲ့ တံတွေးအမှုန်အမွှားလေးတွေမှာ ရောဂါပိုး ပါရှိရင် လေထဲမှတဆင့် ကူးစက်နိုင်ပါတယ်။
လက်တွေကို သန့်ရှင်းအောင်ထားခြင်းက ကလေးတွေရဲ့ ရောဂါတွေကို ရှောင်ရှားဖို့နဲ့ ကူးစက်မှုသံသရာကို ဖြတ်တောက်ဖို့ အရေးကြီးတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတစ်ခုဖြစ်ပါတယ်။ သူတို့နဲ့ သူတို့ ပတ်ဝန်းကျင်က အမြဲကျန်းမာနေမှာ ဖြစ်တာကြောင့် လက်ဆေးခြင်းရဲ့ အရေးကြီးပုံကို ငယ်စဉ်ကတည်းက ကလေးတွေကို ပညာပေးကြပါစို့။
Chit_MayMay
Nandar
Source-youaremom