လက်ထပ်ပြီးနောက် မိဘတွေနဲ့အတူ တစ်အိမ်တည်းနေခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ

0
271
- Advertisement -

မိန်းကလေးအများစုအနေနဲ့ အိမ်ထောင်ပြုပြီးနောက် ယောင်နောက်ဆံထုံးပါဆိုတဲ့ စကားအတိုင်း အမျိုးသားအိမ်လိုက်နေကြတာက ဒီနေ့ခေတ်မှာ ရှားသွားပါပြီ။ လက်ထပ်ပြီးသွားတာတောင် မိဘအိမ်မှာပဲ အတူတူနေသေးတာက ပိုပြီးအဆင်ပြေတာကတစ်ကြောင်း၊ လွတ်လွတ်လပ်လပ်ရှိတာကတစ်ကြောင်း စသဖြင့် အကြောင်းအရင်းအမျိုးမျိုးနဲ့ လိုက်မနေဖြစ်ကြတာက များလာပါတယ်။ ဒါပေမယ့် အခုဒီဆောင်းပါးလေးကို ဖတ်ရှုမယ့် စာဖတ်သူအနေနဲ့လည်း အိမ်ထောင်ပြုပြီး သပ်သပ်စီအိမ်ခွဲနေသင့်မသင့်ကို သေသေချာချာသိနိုင်ဖို့အတွက် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။

ကောင်းကျိုးများ

၁။ လစဥ်ကုန်ကျစရိတ်အတူတူဝေမျှ အသုံးပြုနိုင်ခြင်း

အခုလိုအစစအရာရာ ကုန်ဈေးနှုန်းတွေတက်နေတဲ့ခေတ်ကြီးမှာ တစ်လတစ်လ အသုံးစရိတ်က ဘယ်လိုနည်းနဲ့မှ လျော့သုံးလို့မဖြစ်နိုင်ပါဘူး။ မီတာခ၊ အင်တာနက်ခ၊ အစားအသောက်၊ သန့်ရှင်းရေ စသဖြင့် ဝေယျာဝစ္စအမျိုးမျိုးတွေက လစာရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ပြိုက်ခနဲကုန်သွားစေနိုင်ပါတယ်။ ဒါပေမယ့် မိဘတွေနဲ့အတူတူ တစ်အိမ်တည်းနေမယ်ဆိုရင်တော့ လစဥ်ကုန်ကျစရိတ်ကို အတူတူမျှခံနိုင်မှာဖြစ်တာကြောင့် အကုန်အကျလည်းနည်းနည်းသက်သာသွားမှာဖြစ်ပါတယ်။

၂။ တစ်ဦးအကြောင်းတစ်ဦးပိုသိနိုင်ခြင်း

အပျိုတုန်းကအတူနေတာထက် အိမ်ထောင်ကျပြီးမှ အတူတူနေကြခြင်းက လုံးဝကိုကွာခြားသွားပါတယ်။ သားသမီးနဲ့ မိဘကြားက သေချာမသိသေးတဲ့ အကြောင်းလေးတွေကို နောက်ထပ်တစ်ကြိမ် ပိုပြီးသိနားလည်နိုင်ပါလိမ့်မယ်။

၃။ ကလေးမွေးတဲ့အခါ ကူထိန်းပေးခြင်း

ကျွမ်းကျင်တတ်နားလည်တဲ့ ကလေးထိန်းတွေရဲ့ အဆိုထက် ကိုယ့်မိဘရဲ့ အကြံပြုချက်တွေကို ပိုပြီးအသုံးချတတ်တဲ့ စုံတွဲတွေအများကြီးရှိပါတယ်။ မိသားစု၊ ဆွေမျိုးရင်းချာရဲ့ လက်ထဲမှာ ကလေးကိုအပ်ထားခဲ့တာဖြစ်လို့ ပိုပြီးယုံကြည်စိတ်ချရကာ ကလေးနဲ့အဘိုးအဘွား၊ ဦးလေးအဒေါ်သံယောဇဥ်ကို ပိုမိုတွယ်တာစေမှာဖြစ်ပါတယ်။

ဆိုးကျိုးများ

၁။ ခင်ပွန်းသည်ရဲ့ယုံကြည်မှုကို လျော့ကျစေခြင်း

မိဘတွေရဲ့အိမ်မှာနေတာဖြစ်တဲ့အတွက် ခင်ပွန်းသည်အနေနဲ့ အိမ်ထောင်ဦးစီးတာဝန်ကို မထမ်းဆောင်နိုင်တော့ပါဘူး။ မိဘတွေအိမ်ဖြစ်တာကြောင့် တစ်အိမ်လုံးကို စိုးမိုးထားသူတွေကလည်း မိဘတွေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အိမ်ထောင်ဦးစီးဝတ္တရားကို ကောင်းကောင်းမလုပ်ဆောင်နိုင်တော့တဲ့အခါ ခင်ပွန်းသည်အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ခံစားလာရနိုင်ပါတယ်။

၂။ ဟိုဖက်အိမ် ဒီဖက်အိမ်အရှုပ်အထွေးကြား ညပ်နေခြင်း

သင်ကတော့ ကိုယ့်မိဘတွေဖြစ်လို့ နေရထိုင်ရတာ စိတ်ကျဥ်းကျပ်မှုတစုံတရာမရှိပေမယ့်လည်း ခင်ပွန်းသည်အနေနဲ့တော့ ကျင့်သားရဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုလောက်လိုအပ်ပါတယ်။ နေထိုင်မှုပုံစံ၊ အကျင့်စရိုက်၊ ဝါသနာ စတာတွေမတူညီခြင်းကြောင့် သင့်မိဘနဲ့ ယောက္ခမတို့အိမ်ဖက်ကြား ပြဿနာတွေဖြစ်လာနိုင်ပြီး ကာယကံရှင်သင်က ဘယ်ဖက်ကိုလိုက်ရမှန်းမသိဖြစ်သွားတတ်ပါတယ်။

၃။ ကိုယ့်အရေးကိစ္စတွေမှာ ဝင်ပါလာခြင်း

မိဘတွေအိမ်မှာနေတာဖြစ်တာကြောင့် ကိုယ့်ရဲ့အိမ်ထောင်ရေးကိစ္စတွေထဲမှာလည်း ဝင်ရောက်စွက်ဖက်ကောင်း စွက်ဖက်လာနိုင်ပါတယ်။ မိဘတွေကတော့ အမြင်မတော်လို့ ဝင်ပြော၊ ဝင်ပါတာဆိုပေမယ့်လည်း သားသမီးနဲ့ သမက်အနေနဲ့တော့ မကြိုက်တဲ့အတွေးတွေဝင်လာနိုင်ပါတယ်။

အခုလို ကောင်းကျိုး၊ ဆိုးကျိုးကို သိထားပြီးပြီဆိုရင် မိဘတွေနဲ့အတူမနေခင် မိဘတွေနဲ့ခင်ပွန်းသည်ကြား နားလည်မှုကို ကြိုတင်တည်ဆောက်ထားဖို့အတွက် အကြံပြုချင်ပါတယ်။ အေးအေးလူလူ စကားပြောဆိုတတ်တဲ့ ဆက်ဆံရေးရှိမယ်ဆိုရင်တော့ နှစ်ဖက်စလုံးမှာ ဘာပြဿနာမှ ဖြစ်လာတော့မှာမဟုတ်ပါဘူး။

#Chit_May_May

#Thinzar

Ref – bridestory

LEAVE A REPLY

Please enter your comment!
Please enter your name here