လိုချင်တာကို မရမကပူဆာတတ်တဲ့ ကလေးငယ်တွေကို ဘယ်လိုထိန်းကျောင်းမလဲ

0
529
- Advertisement -

လိုချင်တာမရမချင်း အော်ဟစ်ငိုယိုပူဆာတတ်တဲ့ ကလေးငယ်တွေကို ထိန်းသိမ်းပြုစုရတာမလွယ်ကူပါဘူး။ ကလေးငယ်တွေ သူတို့လိုချင်တာကို ဇွဲရှိရှိတောင်းဆိုတတ်တာဟာ ပုံမှန်အခြေအနေလို့ပြောလို့ရမှာပါ။ ဒါပေမယ့် အမြဲလိုပူဆာတတ်တဲ့ ကလေးငယ်တွေကျ မိဘတွေအတွက် စိတ်ရှုပ်ထွေးစရာတွေဖြစ်လာပါတယ်။ ဒီတော့ အဲဒီလိုကလေးငယ်တွေကို ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ပူဆာတတ်တဲ့ ကလေးငယ်တွေရဲ့ စရိုက်လက္ခဏာများ

လိုချင်တာကို မရမကပူဆာတတ်တဲ့ ကလေးငယ်တွေကြောင့် မိဘတွေ အရမ်းကို စိတ်သောကဖြစ်ကြရပါတယ်။ အဲဒီလိုကလေးငယ်တွေရဲ့ လိုရင်းအချက်ကတော့ သူတို့ဟာ လူကြီးမိဘတွေရဲ့ ဂရုစိုက်ခြင်းကို အလွန်အမင်းလိုချင်လို့ဘဲဖြစ်ပါတယ်။ အဲဒီလိုကလေးငယ်တွေကို နွေးထွေးကြင်နာမှုတွေပေးဖို့လိုအပ်ပါတယ်။ သူတို့ဟာ လွယ်လွယ်ကူကူ စိုးရိမ်ကြောက်လန့်တတ်ကြပါတယ်။ သူတို့ကိုယ်သူတို့လည်း စိတ်ကျေနပ်ခြင်းမရှိကြပါဘူး။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ အဲဒီလိုကလေးငယ်တွေကို
ပြောဆိုဆက်ဆံရာမှာ အထူးဂရုစိုက်ဖို့လိုပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေကို စိတ်မပျက်ပါနဲ့။ သူတို့ရဲ့ စိတ်နေသဘောထားနဲ့ ကိုယ်အမူအရာတွေကို ပြောင်းလဲပစ်ဖို့အတွက် သူတို့ရဲ့ လိုအပ်ချက်တွေကို ဘယ်လို စီမံခန့်ခွဲရမလည်းဆိုတာကို သင်ကြားပေးဖို့လိုအပ်ပါတယ်။

ငြင်းဆိုချက်ကို လက်ခံတတ်စေခြင်း

လိုချင်တာအားလုံးရနိုင်ဖို့ဆိုတာ မလွယ်ကူနိုင်ဘူးဆိုတာနဲ့ ကြီးပြင်းလာတဲ့အချိန်မှာလည်း ဖြစ်ချင်တိုင်းဖြစ်လို့မရတဲ့ အနေအထားတွေကိုလည်း ကြုံတွေ့လာရနိုင်တာမို့ အခုချိန်ကတည်းက လိုအင်ဆန္ဒတွေမပြည့်နိုင်တာကို နားလည်ဖို့လိုအပ်တယ်ဆိုတာကို သိနားလည်စေပြီး အချို့သောတောင်းဆိုချက်တွေဟာ အမြဲတမ်းမရနိုင်တာကို သင်ကြားပေးဖို့လိုပါတယ်။
သူတို့လိုချင်တာတွေကို ရချင်တဲ့အခါမျိုးမှာလည်း ဆူဆူပူပူအော်ဟစ်ငိုကြွေးကာ မတောင်းဆိုဖို့နဲ့ မိဘတွေရဲ့ အရိပ်အကဲနဲ့ စီးပွားရေးအခြေအနေတွေကို နားလည်နိုင်ဖို့လည်း ပြောပြထားသင့်ပါတယ်။

မိဘတွေကိုယ်တိုင်ကလည်း အလိုမလိုက်သင့်တဲ့နေရာမျိုးမှာ အလိုမလိုက်ဖို့နဲ့ သူတို့တောင်းဆိုတဲ့အရာတွေဟာ ပညာရေး၊ ဗဟုသုတနဲ့ နည်းပညာပိုင်းဆိုင်ရာတွေ၊ သူတို့ရဲ့ ဝါသနာအတွက် အကျိုးရှိနိုင်တဲ့အရာမျိုးတွေဆိုရင်တော့ တတ်နိုင်သမျှဖြည့်ဆည်းပေးဖို့လိုအပ်ပါလိမ့်မယ်။ သူတို့တွေရဲ့ စိတ်ခံစားချက်တွေဟာ အထိအခိုက်မခံတာမို့ သူတို့ရဲ့ လိုအင်ဆန္ဒတွေဖြစ်မလာတဲ့အခါမျိုးမှာ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနဲ့ သူတို့ကိုယ်သူတို့ ယုံကြည်ချက်ပျောက်ဆုံးသွားခြင်း စတာမျိုးတွေလည်းဖြစ်တတ်ကြတာကို မိဘတွေအနေနဲ့ သိထားဖို့လည်းလိုအပ်ပါတယ်။ ဒါမှသာ ဘယ်လိုအရာမျိုးကို ဖြည့်ဆည်းပေးပြီး ဘယ်လိုအရာတွေကို ငြင်းဆိုရမယ်ဆိုတာကို မိဘတွေအနေနဲ့ စိတ်ပိုင်းဖြတ်နိုင်မှာဘဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chti_May_May

#Dmo_aung

#Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here