လူကြီးတွေသတိမထားမိတတ်ကြတဲ့ ပါရမီရှင်ကလေးငယ်တွေရဲ့ လက္ခဏာများ

0
171
- Advertisement -

ပါရမီရှင်ကလေးငယ်တွေဟာ အခြားသောကလေးငယ်များနဲ့ နေထိုင်၊ ပြုမူ၊ ပြောဆိုပုံတွေဟာကွဲပြားကြပါတယ်။ သူတို့ဟာ ဉာဏ်ရည်မြင့်မားခြင်း၊ ဖန်တီးနိုင်မှုစွမ်းရည်မြင့်ခြင်း၊ အနုပညာခံစားနိုင်မှုကြီးမားခြင်းနဲ့ ခေါင်းဆောင်မှုစွမ်းရည်ကောင်းမွန်ခြင်းအစရှိတဲ့ စွမ်းရည်တွေကိုပိုင်ဆိုင်ထားပါတယ်။ တကယ်လို့ သင့်ရဲ့ ကလေးငယ်မှာ အဲဒီလိုစွမ်းရည်တွေ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်အောင်ဘယ်လိုကူညီပေးရမလဲဆိုတာ သိဖို့လိုအပ်ပါလိမ့်မယ်။

ဉာဏ်ကောင်းတဲ့ ကလေးနဲ့ ပါရမီရှင်ကလေးငယ်တွေရဲ့ ကွဲပြားခြားနားချက်

လူတွေဟာ ဉာဏ်ရည်မြင့်မားတဲ့ကလေးငယ်တွေကို ပါရမီရှင်ကလေးငယ်တွေအဖြစ် မှားယွင်းသတ်မှတ်တတ်ကြပါတယ်။ ဉာဏ်ရည်မြင့်မားတဲ့ ကလေးငယ်တွေနဲ့ ပါရမီရှင်ကလေးငယ်တွေဟာ အမှန်တကယ်တော့ မတူကွဲပြားမှုတွေရှိကြပါတယ်။

ဉာဏ်ရည်မြင့်မားတဲ့ကလေးငယ်တွေဟာ ကျောင်းမှာကောင်းကောင်းနေပြီး စာကြိုးစားတယ်။ မှန်မှန်ကန်ကန်ပြုမူပြောဆိုတယ်။ တဆင့်ပြီးတဆင့် လေ့လာသင်ယူတယ်။ အသက်အရွယ်အလိုက် လူမှုဆက်ဆံရေးကောင်းမွန်တယ်။ အသက်အရွယ်ထက်စာရင် ရင့်ကျက်တည်ငြိမ်မှုရှိတယ်။ စာဖတ်ခြင်း၊ စာရေးခြင်း၊ ပုံဆွဲခြင်းစတာတွေကို လွယ်ကူစွာပြုလုပ်နိုင်တဲ့ အရည်အချင်းတွေပိုင်ဆိုင်ကြပါတယ်။

ပါရမီရှင်ကလေးငယ်တွေကတော့ ကျောင်းသင်ခန်းစာတွေနဲ့ပတ်သတ်ရင် သိပ်ပြီးမကြိုးစားရပါဘူး။ မေးခွန်းတွေကို တရစပ်မေးမြန်းတတ်ကြတယ်။ စပ်စုကြတယ်။ သူတို့လုပ်ချင်တာကို ခွင့်ပြုမပေးရင်လည်း ဖြစ်အောင်လုပ်တတ်ကြပါတယ်။ ပြဿနာတွေရဲ့ ထွက်ပေါက်ကိုလည်း လွယ်ကူစွာရှာဖွေတတ်ကြပါတယ်။ သူတို့ထက် အသက်အရွယ်ကြီးတဲ့သူ၊ အသိပညာမြင့်မားတဲ့သူတွေနဲ့ဘဲပေါင်းသင်းတတ်ကြပါတယ်။ ကိုယ့်ဘာသာလေ့လာစူးစမ်းရတာတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်။ အသေးစိတ်အချက်အလက်လေးတွေကစလို့ တိတိကျကျရှိကြတယ်။ စိတ်ဝင်စားတတ်ကြပါတယ်။ ဒါဟာ ပါရမီရှင်ကလေးငယ်တွေပိုင်ဆိုင်တဲ့ စွမ်းရည်တွေဘဲဖြစ်ပါတယ်။

အခြားသောထူးချွန်ထက်မြတ်တဲ့ ကလေးငယ်တွေနဲ့ ရင်းနီးကျွမ်းဝင်မှုပေးပါ

သက်တူရွယ်တူအချင်းချင်း ရင်းနီးသောဆက်ဆံရေးဟာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ကလေးငယ်အားလုံးအတွက်လူများနဲ့ပူပေါင်းသင်ယူရန်နဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် ပါရမီရှင်ကလေးငယ်တွေကတော့ လူမှုပေါင်းသင်းဆက်ဆံရေးအတွက် ရုန်းကန်ရလေ့ရှိပြီး သူငယ်ချင်းအပေါင်းအသင်းရှိဖို့အတွက် ခက်ခဲကြလေ့ရှိပါတယ်။ သူတို့ရဲ့ ဝါသနာ၊ စိတ်ဝင်စားမှုနဲ့ စဉ်းစားတွေးခေါ်ပုံနည်းလမ်းတွေဟာ သာမာန်ကလေးငယ်တွေနဲ ကွာခြားလွန်းတာကြောင့် ရွယ်တူကလေးငယ်တွေရဲ့ကြားမှာ တဦးတည်းဖြစ်နေတတ်ပါတယ်။ သူတို့ကိုရွယ်တူကလေးငယ်တွေက နားလည်မှုမရှိတာကြောင့် အနိုင်ကျင့်ခြင်းခံရတဲ့ အခြေအနေတွေလည်းဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ပါရမီရှင်ကလေးငယ်တွေကို အထီးကျန်စိတ်နဲ့ အဆိုးမြင်စိတ်တွေဝင်မလာစေဖို့အတွက် ရွယ်တူဉာဏ်ရည်ထက်မြတ်တဲ့ ကလေးငယ်တွေနဲ့ အပေါင်းအသင်းသူငယ်ချင်းဖြစ်စေဖို့၊ ရရှိနိုင်ဖို့အတွက် ကူညီပေးဖို့လိုအပ်ပါတယ်။

သင်ယူခြင်းနဲ့ ကောင်းမွန်စွာလေ့လာနိုင်တဲ့ အခွင့်အရေးတွေကို စီစဉ်ပေးပါ

ပါရမီရှင်ကလေးငယ်တွေဟာ အသစ်အသစ်သောအရာများကို လေ့လာသင်ယူခြင်းနဲ့ လက်တွေ့လုပ်ဆောင်ရတာကို နှစ်သက်တတ်ကြတဲ့အတွက် သူတို့ရဲ့စွမ်းရည်ကို အပြည့်အဝအသုံးချနိုင်ဖို့အတွက် မိဘများအနေနဲ့ အခွင့်အလမ်းတွေကိုဖန်တီးပေးဖို့လိုပါတယ်။ ဒါမှသာ သူတို့ရဲ့စွမ်းရည်ကို မြှင့်တင်နိုင်ပြီး ကောင်းမွန်တဲ့ အနာဂတ်လမ်းကို လျောက်လှမ်းနိုင်မှာဘဲဖြစ်ပါတယ်။ ပညာရေးအရင်းအမြစ်တွေကို အလိုရှိတိုင်းရယူသုံးစွဲနိုင်ဖို့အတွက် ဖန်တီးပေးတာက သူတို့အတွက် ပိုပြီးအကျိုးရှိစေပါတယ်။ လေ့လာဖတ်ရှုဖို့အတွက် စာအုပ်များ၊ အင်တာနက်က သင်ခန်းစာများ အစရှိတာတွေကို အသုံးချပြီး ပါရမီရှင်ကလေးငယ်တွေကို အကောင်းဆုံးအထောက်အပံ့ပေးလို့ရနိုင်ပါတယ်။ မိဘတွေအနေနဲ့ ထောက်ခံအားပေးနေတာကို ကလေးငယ်တွေသိရှိထားပါက သူတို့ရဲ့ယုံကြည်မှုနဲ့ စွမ်းရည်တွေဟာ ပိုပြီးကောင်းမွန်မြင့်တက်လာပါလိမ့်မယ်။

ပင်ကိုယ်စွမ်းရည်ပြည့်ဝတဲ့ ကလေးငယ်တွေကို စိတ်ထားကောင်း၊ အပြုအမူကောင်းတွေသင်ကြားပေးဖို့လည်းလိုအပ်ပါတယ်။ ဒါမှသာ သူတို့ရဲ့ ဉာဏ်ရည်နဲ့ ဖန်တီးတီထွင်နိုင်မှုတွေဟာ လောကကြီးအတွက် အကျိုးပြုနိုင်မှာဖြစ်ပြီး သူတို့ရဲ့ ကောင်းတဲ့ဂုဏ်သတင်းတွေဟာ ကမ္ဘာတည်သရွေ့ခိုင်မြဲတည်တံ့နေမှာဘဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-study

LEAVE A REPLY

Please enter your comment!
Please enter your name here