သင့်ရဲ့ကလေးက သူ့ရဲ့အဖေ၊ အဖိုးအဖွား၊ မူကြိုကျောင်း၊ ကစားကွင်း စတဲ့ လူစုံနေရစုံကျရင် အင်မတန်သဘောတွေကောင်း၊ အလိမ္မာဆုံးသော ကလေးတစ်ယောက်ဆိုပေမယ့် မိခင်နားရောက်ပြီဆိုရင်ကို ပုံစံမျိုးစုံနဲ့ ဂျီတိုက်ပြီးဆိုးသွမ်းနေတတ်ပါသလား။ ဒီမေးခွန်းလေးက အခုဆောင်းပါးလေးကို ဖတ်နေတဲ့စာဖတ်သူနဲ့ တိုက်ဆိုင်နေတာကြောင့ ငါဘာလုပ်မိလို့ ကလေးက ဒီလိုဖြစ်နေရတာလဲဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်မတင်လိုက်ပါနဲ့။ မိခင်ကြောင့်မဟုတ်ဘဲ ကလေးတွေမှာ သူတို့ရဲ့ အကြောင်းအရင်းနဲ့သူတို့ရှိတတ်ကြပြီး ဒီအကြောင်းအရင်းတွေကလည်း ဆိုးတဲ့ဖက်သွားတာမဟုတ်ပါဘူး။
ဝုန်းဒိုင်းကျဲတယ်ဆိုတာဟာ ဆက်သွယ်ရေးပုံစံတစ်မျိုးဖြစ်ပြီးတော့ “ချစ်တယ် မေမေ” လို့ ကလေးတွေရဲ့ ပြောပုံပြောနည်းဖြစ်ပါတယ်

ကလေးက စကားကောင်းကောင်းမပြောတတ်သေးဘူးဆိုရင်တော့ မိခင်ရဲ့အာရုံထားမှုကို ခံချင်တဲ့အတွက်ကြောင့် သူတို့တတ်နိုင်သမျှ နည်းလမ်းလေးတွေနဲ့ ကြိုးစားကြတာဟာ မူမှန်လွန်းတဲ့အခြေအနေဖြစ်ပါတယ်။ ကလေးတိုင်းအတွက် မိခင်ဟာဆိုရင် အစားအသောက်ဖြစ်စေ၊ လုံခြုံမှုဖြစ်စေ သူတို့ရဲ့အခြေခံလိုအပ်ချက်တွေကို ပေးစွမ်းနိုင်မယ့် အရင်းအမြစ်တစ်ခုဖြစ်တာကြောင့်လည်း မိခင်အနားမှာရှိနေချိန်ဆို ပိုပြီးတော့ စိတ်ခံစားချက်ပြင်းထန်ကြတာဖြစ်ပါတယ်။
မိခင်ရင်ခွင်ဟာ ကလေးရဲ့နားခိုရာနေရာတစ်ခုပါ

ကလေးတွေဟာဆိုရင် သူတို့ရဲ့စိတ်ခံစားချက်အလုံးစုံကို သူတို့မယုံကြည်ရတဲ့သူတွေဆီမှာ ပြသလေ့မရှိကြပါဘူး။ ကလေးတွေက မိခင်ဖြစ်တဲ့ကိုယ့်အပေါ်ကိုပဲ တအားဆိုးနေတယ်လို့ ထင်မယ်ဆိုရင်တော့ ဒါဟာ လုံးဝမမှန်ပါဘူး။ မိဘအနားမှာရှိတဲ့အချိန်က သူတို့အတွက် လုံခြုံမှုရှိပြီး အပြည့်အဝယုံကြည်တဲ့အတွက် သူတို့စိတ်တိုင်းကျ ဝုန်းဒိုင်းကြဲမှုတွေ၊ တညည်းညည်းတညူညူအသံတွေ လုပ်ကြတာဖြစ်ပါတယ်။
ကလေးက ကိုယ့်အပေါ်ပဲဆိုးနေတယ်လို့ ထင်နေရင် ဘာတွေလုပ်ရမလဲ

• ကလေးရဲ့ဆိုးသွမ်းမှုတွေကို အရှိအတိုင်းလက်ခံပြီးတော့ အသည်းစွဲအောင်မှတ်မထားပါနဲ့။ သူတို့ကိုယ်သူတို့နဲ့ တခြားပတ်ဝန်းကျင်က လူတွေအပေါ်ကို ဒုက္ခမပေး၊ အနှောင့်အယှက်မပေးသေးသရွေ့ သူတို့နွဲ့ဆိုးဆိုးနိုင်အောင် အချိန်တစ်ခု၊ နေရာတစ်ခုလုပ်ပေးလိုက်ပါ။
• ကလေးက မူကြို သို့မဟုတ် နေ့ကလေးထိန်းကျောင်းတွေ တက်ရတဲ့အခါ တစ်နေ့လုံးကောင်းကောင်းနေရတာဖြစ်တာကြောင့် အိမ်ပြန်ရောက်တဲ့အခါမှာတော့ လွတ်လွတ်လပ်လပ် အရှိကိုအရှိအတိုင်းနေချင်ကြတာက သူတို့လိုချင်တာလေးပါပဲ။ ဒါကြောင့် သူတို့စိတ်လွတ်လပ်စေဖို့အတွက် အိမ်ကခြံဝန်းထဲမှာ ပြေးလွှားဆော့ကစားခိုင်းတာ၊ ပုံဆွဲခိုင်းတာ၊ ပုံပြင်အကျယ်ကြီးအော်ဖတ်ခိုင်းတာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်။
• ပြောစကားတွေကို အတော်အသင့် နားလည်နိုင်လောက်အောင် အရွယ်ကြီးနေပြီဆိုရင် ကလေးနဲ့စကားလက်ဆုံပြောပြီးတော့ ခံစားနေရတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောပြပါ။ ကိုယ့်မြင်ကွယ်ရာမှာ ဆိုးသွမ်းခြင်းက ယုံကြည်ခြင်းလက္ခဏာဆိုပေမယ့်လည်း စည်းမျဥ်းစည်းကမ်းတွေ၊ သင်စရာတွေကိုတော့ အမြဲမပြတ်သင်ပေးရမှာဖြစ်ပါတယ်။
#Chit_May_May
# Thinzar
Ref- wikihow