လူမှုဆက်ဆံရေးကောင်းမွန်တဲ့ သားသားမီးမီးတွေဖြစ်လာစေဖို့အတွက်နည်းလမ်းများ

0
393
- Advertisement -

လူမှုဆက်ဆံရေးဆိုတာက လူတိုင်းလူတိုင်းအတွက် အရေးကြီးတဲ့အရာပါ။ လူတွေကြားထဲမှာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ဖို့အတွက် ငယ်ငယ်တည်းက နေထိုင်လာတဲ့အကျင့်စရိုက်တွေနဲ့ သက်ဆိုင်ပြီး လူမှုဆက်ဆံရေးကောင်းမွန်တဲ့ သားသားမီးမီးလေးတွေဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ သားသားမီးမီးတို့ ဝါသနာပါရာကို လိုက်လျောပေးပါ။

လူတစ်ကိုယ်၊ စိတ်တစ်မျိုးဆိုတဲ့အတိုင်းပဲ သားသားမီးမီးတို့ရဲ့ အားသန်ရာ၊ ဝါသနာပါရာကိစ္စရပ်တွေက ချစ်မေမေတို့ဖြစ်စေချင်တဲ့အရာတွေနဲ့ကွဲပြားခြားနားနိုင်ပါတယ်။ အဲ့ဒီအတွက်လည်း သူတို့လေးတွေကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း အတင်းသွပ်သွင်းဖို့ မကြိုးစားဘဲ သူတို့ဝါသနာပါရာ ကိစ္စရပ်လေးတွေကို လိုက်လံဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားကြည့်ပါ။ အဲ့ဒီလိုဆိုရင်တော့ သားသားမီးမီးတို့လည်း စိတ်ပျော်ရွှင်လာမှာဖြစ်ပြီး သူတို့အားသန်ရာကိစ္စရပ်တွေကို ဆောင်ရွက်ရင်း အသိမိတ်ဆွေသူငယ်ချင်းတွေများပြားလာနိုင်သလို လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာလည်း တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။

- Advertisement -

၂။ မေးခွန်းများမေးတတ်အောင် သင်ကြားပေးပါ။

ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့လေ့လာရေးစင်တာရဲ့ သုတေသနပြုချက်အရ သားသားမီးမီးလေးတွေဟာ အပေါင်းလက္ခဏာဆောင်နိုင်တဲ့ စကားလုံးတွေကို ပြောဆိုနိုင်ကြပြီး အဲ့ဒီအထဲက အရေးကြီးတဲ့နည်းလမ်းတစ်ခုကတော့ မေးခွန်းတွေမေးမြန်းခြင်းပဲဖြစ်ပါတယ်။ အခြားသူတွေရဲ့အကြောင်းမေးမြန်းခြင်းနဲ့ စကားပြောဆိုခြင်းအပြင် သူတို့မသိတဲ့အကြောင်းအရာတွေကို စပ်စုမေးမြန်းတတ်အောင် သင်ကြားပေးထားပါ။ Yes or No တစ်ခွန်းတည်း ပြန်ဖြေရုံနဲ့လုံလောက်တဲ့မေးခွန်းတွေတင်မဟုတ်ဘဲ သေချာနည်းလမ်းတကျနဲ့ဖြေရှင်းရမယ့်မေးခွန်းတွေကို မေးမြန်းနိုင်အောင် သင်ကြားပေးထားသင့်ပါတယ်။

၃။ လက်တွေ့လေ့ကျင့်သင်ကြားပေးပါ။

သားသားမီးမီးတို့နဲ့အတူ မိဘတွေကလည်း အတူတကွ စကားပြောရင်း လေ့ကျင့်သင်ကြားပေးသင့်ပြီး အထူးသဖြင့် အခြားသောလူပုဂ္ဂိုလ်တစ်ယောက်ယောက်နဲ့ စကားပြောဖို့ ခက်ခဲနေတဲ့ သားသားမီးမီးလေးတွေကို အနီးကပ်လေ့ကျင့်သင်ကြားပေးနိုင်ပါတယ်။ သားသားမီးမီးတို့နဲ့ စကားပြောတဲ့အခါမှာလည်း ပြုံးပြခြင်း၊ မျက်လုံးချင်းစကားပြောခြင်းတို့လို Body Language တွေကို ပြုလုပ်ပြဖို့လည်း မမေ့ပါနဲ့နော်။

၄။ စာနာတတ်အောင် သင်ကြားပေးပါ။

သူတစ်ပါးအပေါ် စာနာစိတ်ရှိတယ်ဆိုရင် အဲ့ဒီလူနဲ့ စိတ်ချင်းဆက်သွယ်နိုင်မှာဖြစ်ပြီး အပြုသဘောဆောင်တဲ့နှောင်ကြိုးလေးတွေကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မိဘတွေအနေနဲ့ သားသားမီးမီးတို့ကို သူတစ်ပါးအပေါ်စာနာတတ်ဖို့ မဖြစ်မနေ သင်ကြားပေးထားရမှာပါ။ စာနာတတ်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းက သူတစ်ပါးရဲ့ခံစားချက်ကို နားထောင်ပေးခြင်းဖြစ်ပြီး အဲ့ဒီနောက်မှာတော့ သားသားမီးမီးတို့ကလည်း ပြန်လည်နှစ်သိမ့်ဆွေးနွေးပေးရင်းနဲ့ ဆက်ဆံရေးကောင်းတွေကို တည်ဆောက်နိုင်မှာလည်းဖြစ်ပါတယ်။

၅။ သားသားမီးမီးတို့ရဲ့အခြေအနေကို ကောင်းကောင်းသိနိုင်ပါစေ။

အချို့သော သားသားမီးမီးလေးတွေဟာ လိုအပ်တာထက်ပိုပြီး ပေါင်းသင်းဆက်ဆံရေးကောင်းကြတယ်ဆိုပေမယ့် အချို့ကတော့ ရှက်တတ်ပြီး introvert လေးတွေဖြစ်နေတတ်ကြပါတယ်။ ဒီလိုမျိုးရှက်တတ်တဲ့ သားသားမီးမီးလေးတွေကတော့ သူတို့အတွက် သက်သောင့်သက်သာဖြစ်စေတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးကိုပဲ ရှာဖွေတတ်ကြပြီး အပေါင်းအသင်းတွေနဲ့ တစ်နာရီကနေ နှစ်နာရီလောက်အထိပဲ စိတ်လွတ်လွတ်လပ်လပ်နဲ့ ပေါင်းသင်းဆက်ဆံနိုင်တာကြောင့် ဒီအချက်ကိုလည်း သေချာပေါက်နားလည်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

၆။ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါစေ။

ချစ်မေမေတို့အပါအဝင် မိဘတွေက သားသားမီးမီးတို့ရှေ့မှာ လူမှုဆက်ဆံရေးနဲ့ပတ်သက်လို့ တက်ကြွတဲ့သူတွေဖြစ်ရဲ့လား။ မသိနားမလည်တဲ့အရာတွေအတွက် မေးခွန်းတွေမေးပြီး စူးစမ်းနေရဲ့လား။ မိတ်ဆွေအပေါင်းအသင်းတွေအပေါ် စာနာစိတ်အပြည့်နဲ့ ကူညီနေသူဖြစ်ရဲ့လား။ “အတုမြင်၊ အတတ်သင်” ဆိုတဲ့ စကားအတိုင်း ဒီအကြောင်းအရာတွေက သားသားမီးမီးတို့အတွက် အရေးပါပြီး သူတို့ရှေ့မှာ မိဘတွေက လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်မှပဲ မိဘတွေကို အတုယူရင်းကြီးပြင်းလာမှာပါ။ သားသားမီးမီးလေးတို့ လူမှုဆက်ဆံရေးကောင်းမွန်ဖို့ဆိုတဲ့ကိစ္စက အရေးပါတဲ့အရာဖြစ်ပြီး အဲ့ဒီလိုမျိုးလူမှုဆက်ဆံရေးကောင်းမွန်သွားပြီဆိုရင်လည်း ဘဝတစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွင့်အလမ်းကောင်းတစ်ရပ်လို့ဆိုနိုင်တာကြောင့် လူမှုဆက်ဆံရေးကောင်းမွန်တဲ့ သားသားမီးမီးလေးတွေဖြစ်လာဖို့အတွက် ငယ်ငယ်တည်းက စနစ်တကျသင်ကြားပေးထားသင့်ပါတယ်လို့ ချစ်မေမေတို့ကို အကြံပြုလိုက်ရပါတယ်။

#HM

#ChitMayMay

Source: brainbalancecenters

LEAVE A REPLY

Please enter your comment!
Please enter your name here