Home Parenting Parent Guide လေ့လာဆန်းစစ်ချက်များအရ ကလေးငယ်တွေနဲ့ပတ်သတ်ပြီး မိဘတိုင်း စိုးရိမ်ကြီးတတ်ကြတဲ့ ထိပ်တန်းအချက် ၅ ချက်

လေ့လာဆန်းစစ်ချက်များအရ ကလေးငယ်တွေနဲ့ပတ်သတ်ပြီး မိဘတိုင်း စိုးရိမ်ကြီးတတ်ကြတဲ့ ထိပ်တန်းအချက် ၅ ချက်

0
လေ့လာဆန်းစစ်ချက်များအရ ကလေးငယ်တွေနဲ့ပတ်သတ်ပြီး မိဘတိုင်း စိုးရိမ်ကြီးတတ်ကြတဲ့ ထိပ်တန်းအချက် ၅ ချက်

မိဘတစ်ဦးဖြစ်လာပြီဆိုတာနဲ့ ကိုယ့်ရဲ့ကလေးငယ်နဲ့ပတ်သတ်ပြီး စိုးရိမ်ကြီးတတ်ကြ၊ ကြောက်တတ်ကြတဲ့ အကြောင်းတရားတွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှ မိဘပေါင်း ၂၄၀၀ ကျော်ကို လေ့လာဆန်းစစ်မှုတွေပြုလုပ်ပြီး မိဘတိုင်းစိုးရိမ်တတ်ကြတဲ့ ထိပ်တန်းအချက် ၅ ချက်ကို ချစ်မေမေစာဖတ်သူတွေသိရှိနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

၁။ ကောင်းမွန်တဲ့ ပညာသင်ကြားခွင့်နဲ့ အခွင့်အလမ်းကောင်းများမရမှာကို စိုးရိမ်ခြင်း

စစ်တမ်းကောက်ယူများအရ ဒီအချက်ဟာ မိဘတိုင်းစိုးရိမ်တတ်ကြတဲ့ ထိပ်တန်းအချက်အလက်အဖြစ်တည်ရှိနေပါတယ်။ ခေတ်အခြေအနေအရ ကောင်းမွန်တဲ့ပညာသင်ကြားခွင့်ဆိုသည်များမှာလည်း ငွေကြေးတန်ဖိုးအရ အရင်းအနှီးကြီးတတ်ကြပါတယ်။ ဒါကြောင့်မို့ မိဘတွေဟာ သူတို့ရရှိတဲ့ ၀င်ငွေပေါ်မူတည်ပြီး မိမိတို့ရဲ့ ကလေးငယ်ကို ကောင်းမွန်တဲ့ပညာသင်ကြားခွင့်ရရှိနိုင်စေဖို့အတွက် အကောင်းဆုံးကြိုးစားပေမယ့်လည်း သူတို့ရဲ့ကြိုးစားမှုဟာ လုံလောက်မှုမရှိမှာကို အစိုးရိမ်ကြီးတတ်ကြပါတယ်။ ဒီအချက်ကို ဖာထေးနိုင်ဖို့အတွက် ပညာရှင်တွေရဲ့ အကြံပြုစကားများကတော့ ကလေးငယ်တွေကို မလိုအပ်တဲ့ အသုံးအဆောင်များ၊ ဈေးကြီးပြီး ဉာဏ်ရည်ဉာဏ်သွေးအတွက် သိပ်ပြီးအထောက်အကူမပြုတဲ့ကစားစရာများအစား ကောင်းမွန်တဲ့ပညာရေးအတွက် ပုံအောအသုံးပြုသင့်တယ်လို့ ဆိုကြပါတယ်။

၂။ လူစိမ်း/ သူစိမ်းများရဲ့ အန္တရာယ်

ခေတ်အခြေအနေအရ ဆိုရှယ်မီဒီယာများ(သို့) မိမိတို့ရဲ့နီးစပ်ရာပတ်ဝန်းကျင်များတွင် ကလေးခိုးယူခံရခြင်း၊ ပျောက်ဆုံးခြင်း၊ ပြန်ပေးဆွဲခံခြင်း၊ လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက်စော်ကားခံရခြင်း အစရှိသည်များကို ကြားသိနေရသည်နှင့်အမျှ မိဘတွေဟာ မိမိတို့ရဲ့ ကလေးငယ်ကို အထက်ပါကိစ္စများကြုံတွေ့ခံစားရမှာကို စိုးရိမ်ပူပန်တတ်ကြပါတယ်။ ဒါပေမယ့် လေ့လာစမ်းစစ်မှုတွေအရ ထိုထိုသောကိစ္စများကို ပြုလုပ်တတ်သူများမှာ လူစိမ်းများထက် မိသားစု၀င်များ(ဆွေမျိုးနီးစပ်များ)၊ မိမိပတ်ဝန်းကျင်တွင် ရင်းနှီးသောသူများက ပိုမိုပြုလုပ်တတ်ကြကြောင်းတွေ့ရှိကြရပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိတို့ရဲ့ ကလေးငယ်ကို လုံလုံခြုံခြုံကောင်းကောင်းမွန်မွန်ကြီးပြင်းလာစေလိုသောစိတ်ဆန္ဒမှာ မိဘတိုင်းထားရှိတတ်ကြပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေကို လူစိမ်း/သူစိမ်းများနဲ့ ဆက်ဆံရာတွင် အသက်အရွယ်အလိုက် မိမိရဲ့ ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး မသင့်လျော်သောထိတွေ့ဆက်ဆံမှုတွေကို ခွင့်မပြုရန် ကြိုတင်သင်ကြားပြသပေးထားခြင်း၊ ထိုကဲ့သို့ ကြုံတွေ့လာခဲ့ပါက အခြားသောလူကြီးများကို အကူအညီတောင်းခံခြင်း(သို့ ) မိဘများကိုအသိပေးဖွင့်ပြောခြင်းများပြုလုပ်ဖို့အတွက် သင်ကြားထားပေးရပါမယ်။ ကလေးငယ်တွေကို သူငယ်ချင်းအပေါင်းအဖော် လူစုလူ၀ေးများနဲ့ ၀ေးရာများတွင် တစ်ဦးတည်းနေခြင်း၊ မရင်းနီးမသိရှိသောလူစိမ်းများက ချော့မြူခေါ်ဆောင်မှုများကို လက်ခံခြင်း အစရှိသည်များကိုလည်း မလုပ်မိစေရန်လည်း သင်ကြားပြသပေးထားရပါမယ်။

၃။ မတော်တဆထိခိုက်မှုများ ကြုံတွေ့ရမှာ စိုးရိမ်ခြင်း

ယာဥ်မတော်တဆမှုများ၊ အမြင့်တစ်နေရာမှပြုတ်ခြင်း ဒါမှမဟုတ် ပြေးလွှားဆော့ကစားရာမှ မတော်တဆထိခိုက်မှုကြီးကြီးမားမားဖြစ်ခြင်း အစရှိသည်များမှာလည်း မိဘများအတွက် စိုးရိမ်မှုမြင့်တက်စေသောအကြောင်းအရာများဖြစ်ကြပါတယ်။ အသက်အရွယ်အပိုင်းအခြားအရ စကူတာစီးခြင်း၊ စက်ဘီးစီးခြင်း၊ စကိတ်စီးခြင်း အစရှိသောအရာများမှာ ကလေးများနှစ်ခြိုက်မှုရှိသောအရာများဖြစ်ပါတယ်။ သို့ပေမယ့် ထိုကဲ့သို့သောအရာများမှ ကြီးမားသောထိခိုက်မှုများမဖြစ်စေရန်အတွက် မိဘများအနေနဲ့ မိမိတို့ရဲ့ ကလေးငယ်တွေကို ကောင်းမွန်သောအကာအကွယ်များ( ဦးထုပ်၊ ဒူးကာ၊ တံတောင်ကာ )အစရှိသည်တို့ကို ဝတ်ဆင်ပေးပြီးမှသာ စီးနင်းခွင့်ပြုသင့်ပါတယ်။ ယာဉ်မတော်မဆမှုများမှ ထိခိုက်မှုမဖြစ်စေရန်အတွက်လည်း မူးယစ်သောက်စားပြီး ယာဥ်မောင်းခြင်း၊ ခါးပတ်မပတ်ခြင်း အစရှိတာများကိုလည်း သတိပြုရှောင်ရှားသင့်ပါတယ်။

၄။ ကျောင်းတွင်း/ပြင်ပ အနိုင်ကျင့်မှုများ

မိဘများဟာ မိမိတို့ရဲ့ ကလေးငယ်တွေကို သူတို့ရဲ့ ပတ်ဝန်းကျင်တွင် လူမှုပေါင်းသင်းဆက်ဆံရေးမကောင်းမှာနဲ့ အနိုင်ကျင့်ခံရမှာကို ဒွန့်တွဲပြီးစိုးရိမ်ပူပန်တတ်ကြပါတယ်။ အနိုင်ကျင့်ခံရမှုတွေေဟာ ရေရှည်မှာ မိမိကိုယ်ကိုလေးစားမှုပြဿနာများ၊ ကျောင်းတွင်းစွမ်းဆောင်ရည်ညံ့ဖျင်းခြင်း၊ စိတ်ဓါတ်ကျခြင်း၊ လူအများနဲ့ပေါင်းသင်းဆက်ဆံရေးတွင် မရွံ့မရဲဖြစ်စေခြင်းနှင့် အဆိုးဆုံးသောအခြေအနေအဖြစ် မိမိကိုယ်ကိုသတ်သေခြင်း အစရှိတာတွေကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့်မို့ ဒီအချက်ဟာလည်း မိဘများကို အိပ်မက်ဆိုးမက်စေနိုင်သော အချက်တစ်ချက်ဖြစ်ပါတယ်။ ဒီလို အနိုင်ကျင့်ခံရများကို မကြုံတွေ့စေနိုင်ဖို့အတွက် မိဘများဟာ မိမိတို့ရဲ့ကလေးငယ်တွေကို မိမိကိုယ်ကိုကာကွယ်ရန်နဲ့ လိုအပ်သောစွမ်းဆောင်ရည်တွေရှိစေဖို့ လေ့ကျင့်ထားပေးသင့်ပါတယ်။ မိသားစုအားလပ်ချိန်များတွင်လည်း ကလေးငယ်တွေနဲ့ ပုံမှန်ဆွေးနွေးပြောဆိုမှုများလည်း ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

၅။ ပုံမှန်ကြီးထွားမှုဖြစ်စဉ်များတွင် စိုးရိမ်ခြင်း(အဝလွန်ခြင်း၊ ပိန်လွန်းခြင်း)

ကျန်းမာရေးနဲ့မညီမညွတ်သောအစားအစာများနှင့် အသင့်စား စားသောက်ကုန်တွေဟာ ကလေးငယ်တွေရဲ့ ပုံမှန်ကြီးထွားမှုဖြစ်စဉ်ကို များစွာဆိုးရွားစေပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ စားသောက်နေထိုင်မှုပုံမှန်မဟုတ်ခြင်း အစရှိတာတွေကလည်း ကလေးငယ်တွေရဲ့ ပုံမှန်ကြီးထွားမှုဖြစ်စဉ်ကို များစွာထိခိုက်စေပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကလေးတွေကို စိုးရိမ်လွန်ပြီး အိမ်တွင်းမှာသာနေထိုင်စေခြင်း၊ ပြေးလွှားလှုပ်ရှားကစားနည်းများကို ပိတ်ပင်ခြင်း အစရှိတာတွေကိုလည်း ရှောင်ရှားဖို့လိုအပ်ပါတယ်။ မိဘတွေဟာ ကလေးငယ်တွေရဲ့ အကောင်းဆုံးစံပြလူသားတွေမို့ မိမိကိုယ်တိုင်လည်း မကောင်းသော အလေ့အကျင့်အနေအထိုင် စားသောက်မှုများကို ရှောင်ရှားဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်း ချစ်မေမေ စာဖတ်ပရိသတ်တွေ သိရှိစေနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Ref- babycenter

LEAVE A REPLY

Please enter your comment!
Please enter your name here