လွတ်လပ်စွာဆော့ကစားခြင်းက ကလေးငယ်တွေအတွက် ဘာကြောင့်အရေးကြီးတာလဲ

0
98
- Advertisement -

ကလေးငယ်တဦး လွတ်လပ်စွာဆော့ကစားခြင်းဆိုသည်မှာ သူတို့ထက်အသက်အရွယ်ကြီးတဲ့ ကလေးတယောက် ဒါမှမဟုတ် လူကြီးတယောက်ရဲ့ ဦးဆောင်ညွှန်ကြားမှုမရှိဘဲ သူတို့စိတ်စေရာအတိုင်း ကလေးသဘာဝ ဆော့ကစားခြင်းကို ဆိုလိုရင်းဖြစ်ပါတယ်။ ကလေးတွေရဲ့ ငယ်ရွယ်စဉ်ကာလမှာ သူတို့ထက် အသက်အရွယ်ကြီးတဲ့ ကလေးတယောက် ဒါမှမဟုတ် လူကြီးတဦးရဲ့ ဦးဆောင်မှုနဲ့ ဆော့ကစားခြင်း၊ သူတို့ဘာသာ လွတ်လပ်စွာဆော့ကစားခြင်း အစရှိတဲ့ ဆော့ကစားခြင်းနှစ်မျိုးစလုံးဟာ ကလေးတယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အတွက် အလွန်အရေးပါပါတယ်။

ကလေးငယ်တဦးသည် အပေါင်းအဖော်မရှိဘဲ သူ့တယောက်တည်း ဆော့ကစားနေတာမျိုးဟာ ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်လာစေနိုင်သလို ကိုယ့်ထက်ကြီးတဲ့သူတွေရဲ့ ဦးဆောင်မှုနဲ့ အမြဲလိုဆော့ကစားတာမျိုးကလည်း သူ့ရဲ့ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေပျောက်ဆုံးသွားစေနိုင်ပါတယ်။ ဒါပေမယ့် သူ့စိတ်ကူးနဲ့သူဆော့ကစားတဲ့အခါမျိုးမှာ ဗီဒီယိုဂိမ်းတွေကို ဆော့ကစားစေတာမျိုးကိုတော့ ခွင့်မပြုသင့်ပါဘူး။ ဒါဟာ ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာတွေကို အခက်အခဲဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေ လွတ်လပ်စွာဆော့ကစားခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု

- Advertisement -

ကလေးငယ်တွေ သူ့စိတ်တိုင်းကျ၊ စိတ်ကူးပေါက်ရာ ဆော့ကစားခြင်းဟာ ဦးနှောက်ရဲ့ အလုံးစုံဖွံ့ဖြိုးမှုကို တိုးတက်စေဖို့အတွက် အရေးကြီးပါတယ်။ ကလေးငယ်များသည် စူးစမ်းလေ့လာမှုပြုလုပ်တဲ့အခါမှာ သူတို့ရဲ့ ဦးနှောက်မှာ ဆက်သွယ်မှုအသစ်များနဲ့ လမ်းကြောင်းအသစ်တွေဖြစ်ပေါ်လာပါတယ်။ အရွယ်ရောက်ပြီးသူ တယောက်ရဲ့ ဦးနှောက်လုပ်ဆောင်မှုထက် နှစ်ဆမြန်တဲ့ ကလေးငယ်တွေရဲ့ ဦးနှောက်လုပ်ငန်းဖြစ်စဉ်တွေဟာ သူတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် သိသာထင်ရှားတဲ့ လက္ခဏာတွေဘဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုလုပ်ဆောင်စေတာဟာ အာရုံခံစားမှုတွေကို စောစီးစွာ ဆုံးဖြတ်သွားစေနိုင်ပါတယ်။

တီထွင်ဖန်တီးမှု

လွတ်လပ်စွာဆော့ကစားခြင်းဆိုသည်မှာ တီထွင်ဖန်တီးမှုပြုလုပ်ဖို့အတွက် လှုံ့ဆော်ခြင်းတမျိုးလို့ ဆိုနိုင်ပါတယ်။ ကလေးငယ်တွေဟာ သူတို့ကိုယ် သူတို့ မပျင်းရိစေဖို့အတွက် ကစားနည်းအသစ်တွေ၊ လှုပ်ရှားမှုအသစ်တွေကို စဉ်းစားနေတတ်ကြပါတယ်။ စိတ်ကူးယဉ်ဇာတ်ကောင်တွေ၊ ပုံပြင်တွေဖန်တီးပြီး သူတို့ကိုယ်တိုင်ဇာတ်လမ်းထဲမှာ ပါဝင်နေသလိုမျိုး ဖန်တီး ဆော့ကစားတတ်ကြပါတယ်။ ဒီလိုဆော့ကစားတာဟာ အနုပညာနဲ့သက်ဆိုင်တဲ့ ဖန်တီးမှုတွေကို ဖွံ့ဖြိုးတိုးတက်စေပြီး ၎င်းနဲ့အလားတူပင် အဆောက်အဦးပုံစံငယ်များ ဆောက်လုပ်ဆော့ကစားခြင်းသည်
အဆောက်အဦး ဒီဇိုင်းတီထွင်ဖန်တီးမှုတွေကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။

လူမှုရေးကျွမ်းကျင်မှု

ကလေးငယ်တွေ လူမှုဆက်ဆံရေးကျွမ်းကျင်မှုရှိစေဖို့အတွက် ပထမဆုံးနည်းလမ်းမှာ မိဘတွေနဲ့ အပြန်အလှန်ဆက်သွယ်မှုဘဲဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ မောင်နှမအချင်းချင်း ဒါမှမဟုတ် သူငယ်ချင်းများနဲ့ ဆော့ကစားရင်းနဲ့
လူမှုရေးဆက်သွယ်မှုတွေကို အပြန်အလှန်တည်ဆောက်ကြရပါတယ်။ ဒီလို တဦးတယောက်ရဲ့ ဦးဆောင်မှုမရှိဘဲ လွတ်လပ်စွာဆော့ကစားခြင်းအားဖြင့် ကလေးငယ်တွေဟာ အခြားသောသူများနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အဖွဲ့အစည်းစိတ်ဓါတ်၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်ခြင်း၊ သူတပါးရဲ့ အမြင်ကို ထည့်သွင်းစဉ်းစားခြင်း၊ ပဋိပက္ခတွေကို မျှမျှတတနဲ့ လွတ်လပ်စွာဖြေရှင်းခြင်း၊ စာနာနားလည်ပေးနိုင်ခြင်း အစရှိတဲ့ လူမှုဆက်ဆံရေးဆိုင်ရာတွေ တိုးတက်လာစေဖို့အတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here