Autism(အော်တစ်ဇင်) ရှိတဲ့ကလေးဟာ ရွယ်တူကလေးတွေနဲ့ မတူကွဲပြားစွာ စဉ်းစား၊ ပြောဆို၊ ပြုမှုတတ်ကြပါတယ်။ သူတို့ဟာ တခြားသူတွေနဲ့ အပြန်အလှန်ဆက်ဆံရတာ၊ ကစားရတာထက် သူတို့ရဲ့လက်ချောင်းလေးတွေ လှုပ်ရှားမှုကို ပိုမိုစိတ်ဝင်စားပုံရပါတယ်။ ဒါက နှုတ်ဖြင့် ပြောဆိုဆက်ဆံမှုစွမ်းရည် ချို့တဲ့သော အော်တစ်ဇင်ကလေးရဲ့ ထင်ရှားတဲ့ လက္ခဏာများဖြစ်ပါတယ်။ သူတို့နေ့လယ်စာ စားချင်သည်ဖြစ်စေ၊ ပျော်ရွင်သည်၊ ဝမ်းနည်းသည်ဖြစ်စေ သိဖို့ အလွန်ခက်ခဲနိုင်ပါတယ်။ တချို့သော အော်တစ်ဇင် ရဲ့ လက္ခဏာတွေက အနည်းငယ်မှ ပြင်းထန်တဲ့ အခြေအနေတွေ အထိဖြစ်နိုင်ပါတယ်။ အော်တစ်ဇင်ကလေးတွေကို ပြုစုစောင့်ရှောက်ရတာဟာ အရမ်းခက်ခဲနိုင်ပါတယ်၊ ဒါ့ကြောင့် အော်တစ်ဇင်ကလေးတွေနဲ့ ပြောဆိုဆက်သွယ်မှုကို ပိုမိုလွယ်ကူစေဖို့ အထောက်အကူပြုမယ့် အကြံပြုချက်တွေကို မျှဝေပေးလိုပါတယ်။
၁။ ၁၂လ မရောက်ခင်
၆လကနေ ၁၂လဝန်းကျင်ကလေးတွေမှာ အော်တစ်ဇင်လက္ခဏာတွေကို စတင်သိရှိနိုင်ပါတယ်။
လက္ခဏာအချို့မှာ
- ကလေးဟာ ပတ်ဝန်းကျင်ကို တုံ့ပြန်လေ့မရှိသလို မျက်နှာစိမ်းတွေကို အာရုံမစိုက်တတ်ကြပါဘူး။
- သူတို့ဟာ ကျယ်လောင်တဲ့ ဆူညံသံတွေကို မတုံ့ပြန်ကြပါဘူး။
- အရာဝတ္တုတွေကို ကိုင်တာ၊ လှမ်းဆွဲတာတို့ မလုပ်ကြပါဘူး။
- မိဘတွေရဲ့ အပြုံးကိုလည်း မတုံ့ပြန်တတ်ကြပါဘူး။
- သူတို့ဟာ တစ်စုံတရာ အပြုအမှုတွေက တဆင့် အာရုံစိုက်လာအောင် ဆွဲဆောင်ဖို့ မကြိုးစားကြပါဘူး။
- သူတို့ဟာ လူတွေနဲ့ အပြန်အလှန်ဆက်သွယ်သော ဂိမ်းတွေမှာ ပါဝင်ဖို့ စိတ်မဝင်စားကြပါဘူး။

၂။ စာနာမှုကို ပြနိုင်စွမ်း မရှိကြပါဘူး
တခြားသူတစ်ယောက်ရဲ့ အမြင်နဲ့ နားလည်ဖို့ (သို့) စာနာမှု နှင့် ဂရုဏာကို ပြသဖို့ အော်တစ်ဇင်ကလေးတွေအတွက် ခက်ခဲနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ လျစ်လျူရှုမှုနှင့် ဖော်ရွေမှု ကင်းမဲ့ပုံရပါတယ်။
သူတို့ဟာ ခက်ခဲတဲ့ အခြေအနေကို ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ မသိကြပါဘူး၊ တစ်စုံတစ်ယောက် ဒဏ်ရာရနေတဲ့အခါ ရယ်မောနိုင်ပါတယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ နာကျင်မှု၊ ပျော်ရွင်မှုအတွက် လုံးဝမခံစားရပါဘူး။

၃။ မိသားစုဝင်တွေကိုလည်း စိတ်မဝင်စားတတ်ကြပါဘူး
အော်တစ်ဇင် ခံစားနေရတဲ့ ကလေးတွေဟာ မိဘတွေ၊ မောင်နှမတွေ (သို့) ရွယ်တူအခြားကလေးတွေနဲ့ စိတ်ပိုင်းဆိုင်ရာနှောင်ကြိုး ထူထောင်ဖို့ စိတ်မဝင်စားဘဲ တစ်သီးတစ်ခြားနေတတ်ကြပါတယ်။ ဘယ်သူနဲ့မှလည်း မျက်လုံးချင်းဆုံပြီး ကြည့်လေ့မရှိသလို တစ်ယောက်တည်းနေတတ်တာကြောင့် သူတို့ဟာ ကမ္ဘာကြီးနဲ့ စိတ်ပိုင်းဆိုင်ရာအဆက်ပြတ်နေကြပါတယ်။ သို့သော် ဒါက သူတို့မှာ ခံစားချက်တွေ မရှိဘူးလို့ မဆိုလိုပါဘူး။ သူတို့ဘယ်လိုဖော်ပြရမှန်း မသိတာကြောင့် ဖြစ်ပါတယ်။

၄။ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ဖော်ထုတ်ဖို့ ခဲယဉ်းတဲ့အချိန်ရှိပါတယ်
အော်တစ်ဇင်ရဲ့ မတူညီတဲ့ အဆင့်တွေကြောင့် ဒီရောဂါရှိတဲ့ ကလေးတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို သက်တူရွယ်တူ ကလေးတွေနည်းတူ ပြသနိုင်ပါတယ်။ (ဥပမာ- သူတို့နာကျင်မှု ခံစားရရင် ငိုနိုင်ပါတယ်)
သို့သော် ယေဘုယျအားဖြင့် သူတို့ခံစားချက်တွေကို ဖော်ပြဖို့ ခက်ခဲပါတယ်၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ တုန့်ပြန်မှုမရှိလို့ ထင်ရနိုင်ပါတယ်။ ဥပမာ- သူတို့ဟာ မြန်မြန်ဒေါသထွက်လွယ်ပြီး အသေးစားအဆင်မပြေမှုများနှင့် ပတ်သတ်ပြီး အရမ်းစိတ်ဆိုးနိုင်ပါတယ်။

၅။ ထပ်တလဲလဲ လုပ်တတ်ခြင်း
သူတို့စိတ်ဝင်စားတဲ့ လုပ်ဆောင်မှုတွေကို ထပ်တလဲလဲ ပြုမှုတတ်ကြပါတယ်။ များသောအားဖြင့် သူတို့ကို ဆွဲဆောင်တဲ့အရာတွေကို အပြည့်အဝ အာရုံစိုက်ပြီး သူတို့ဟာ စကားလုံးတစ်လုံးတည်းကိုသာ အာရုံစိုက်ခြင်း (သို့) ထပ်ခါတလဲလဲ ပြုလုပ်ခြင်းဖြင့် အချိန်များစွာ ကြာနိုင်ပါတယ်။ သူတို့ဟာ နေ့စဉ်ပုံမှန်လုပ်နေကျကို မှတ်မိနိုင်အောင် ထိန်းသိမ်းထားလိုကြပါတယ်၊ ဥပမာ- သူတို့ဟာ ကျောင်းကို အမြဲတမ်းအတူတူ သွားလိုကြတာ၊ ညစာကို အစားအစာ တစ်မျိုးထဲသာ စားချင်ကြတာ ဖြစ်ပါတယ်။ အပြောင်းအလဲလုပ်ခြင်းက သူတို့အတွက် အဆင်မပြေဖြစ်နိုင်ပြီး လုံးဝငြင်းပယ်နိုင်ပါတယ်။

၆။ သူတို့မှာ အာရုံခံပြဿနာတွေ ရှိနိုင်ပါတယ်
အချို့ဖြစ်ရပ်တွေမှာ အော်တစ်ဇင် ကလေးတွေဟာ အာရုံခံလှုံ့ဆော်မှုကို လျစ်လျူရှုနိုင် (သို့) လွန်ကဲစွာ တုံ့ပြန်နိုင်ပါတယ်။ တစ်ခါတရံမှာ သူတို့ဟာ စကားလာပြောနေသူများကို နားမကြားသလို လျစ်လျူရှုနိုင်ပါတယ်။ အခြားအချိန်တွေမှာ ညင်သာတဲ့အသံတွေကိုတောင် ဆူညံသံလို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ဖုန်းမြည်သံကဲ့သော ရုတ်တရက်အသံတွေက သူတို့ကို မသက်မသာ ဖြစ်စေနိုင်ပါတယ်၊ ဒီအချိန်မှာ သူတို့နားကို အုပ်ထားခြင်း၊ သူတို့စိတ်အနှောက်အယှက်ဖြစ်တဲ့ အသံတွေကို ဖုံးသွားအောင် ဆူညံသံထပ်တလဲလဲပြုလုပ်ခြင်းဖြင့် တုန့်ပြန်ပါလိမ့်မယ်။

ကလေးဟာ သူတို့ကို သွားထိတာ၊ ကိုင်တာကို အရမ်း Sensitive ဖြစ်လေ့ရှိပါတယ်။ သူတို့ကို ထိတာ မကြိုက်ကြပါဘူး။ သူတို့ကို ကျောပုတ်ပေးတာမျိုးဆိုရင် တွန့်ဆုတ်သွားတတ်ကြပါတယ်။
၇။ လွန်လွန်ကဲကဲ တုံ့ပြန်ပါလိမ့်မယ်
သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းညှိဖို့ အခက်အခဲရှိနိုင်ပြီး ပုံမှန်လို့ထင်ရတဲ့ အခြေအနေမျိုးမှာ အချိုးမကျ ပြုမှုပါလိမ့်မယ်။ ဥပမာ- အကြောင်းပြချက်မရှိ အော်ငိုခြင်း၊ အော်ဟစ်ခြင်း၊ သိသာတဲ့အကြောင်းရင်း မရှိဘဲ ခွက်ထိုးခွက်လန်ရယ်မောခြင်း။
စိတ်ဖိစီးမှုရှိတဲ့အခါ သူတို့ဟာ ဖျက်လိုဖျက်ဆီးလုပ်တာ (သို့) ရန်လိုတဲ့အပြုအမှုတွေ (ပစ္စည်းတွေကို ဖျက်ဆီးခြင်း၊ တခြားသူတွေကို ရိုက်ခြင်း (သို့) ကိုယ့်ကိုယ်ကို အနာတရဖြစ်စေခြင်း)ကို ထုတ်ဖော်ပြနိုင်ပါတယ်။ ထို့အပြင် သူတို့ဟာ ရွေ့လျားနေတဲ့ ကားတွေ (သို့) အမြင့်ကဲ့သိုသော အန္တရာယ်ရှိတဲ့ အခြေအနေမျိုးကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ သို့သော် သူတို့ဟာ မွေးပွတိရိစ္ဆာန်ရုပ်ကဲ့သို့သော အန္တရာယ်မရှိတဲ့ အရာဝတ္တုတွေကို ကြောက်တတ်ကြပါတယ်။

၈။ စကားပြောခြင်းနှင့် နားလည်ခြင်း ဘာသာစကားမှာ ခက်ခဲကြောင်း ပြသပါတယ်
များသောအားဖြင့် ကလေးဟာ တစ်နှစ်ခွဲခန့်ဝန်းကျင် ရောက်တဲ့အခါ သူတို့နှင့် ထိတွေ့ဆက်ဆံတဲ့သူတွေရဲ့ အသံကို တုပတာ(သို့) ပြောဆိုတာ စတင်တတ်ကြပါတယ်။ အော်တစ်ဇင်ခံစားရတဲ့ ကလေးတွေဟာ နောက်ပိုင်းမှာ ဘာသာစကားကျွမ်းကျင်မှု ဖွံ့ဖြိုးလာပါတယ်။ သူတို့ဟာ ပုံမှန်မဟုတ်တဲ့ အသံ၊ ထူးဆန်းတဲ့ စည်းချက်နဲ့ စကားပြောနိုင်ပါတယ်၊ သူတို့စကားစပြောတဲ့အခါမှာလည်း စကားလုံးတွေ နာမ်စားတွေကို ရောထွေးနေလေ့ရှိပြီး စကားလုံးတွေကို ထပ်ခါတလဲလဲ ပြောတတ်ကြပါတယ်။ သူတို့မှာ စကားစပြောဖို့၊(သို့) ထိန်းသိမ်းဖို့ ခက်ခဲတဲ့အချိန် ရှိပါတယ်။ ရိုးရှင်းတဲ့ ဝါကျတွေ၊ မေးခွန်းတွေကို နားမလည်ကြပါဘူး၊ သူတို့ဟာ ထေ့ငေါ့ပြီး ပြောတာ၊ သွယ်ဝိုက်ပြီး ပြောတာ၊ ဟာသပြောတာကို နားလည်နိုင်စွမ်း မရှိပါဘူး။

၉။ ထပ်တလဲလဲ အပြုအမှု
အော်တစ်ဇင်ခံစားနေရတဲ့ ကလေးတွေဟာ သူတို့ရဲ့ စိတ်ဝင်စားမှုတွေ၊ အပြုအမှုတွေနဲ့ လှုပ်ရှားမှုတွေကို စွဲလမ်းတတ်ကြပါတယ်။ သူတို့လက်တွေကို အဆက်မပြတ်လှုပ်ရှားခြင်း၊ ပတ်ချာလှည့်ခြင်း ကဲ့သို့သော ခန္ဓာကိုယ် လှုပ်ရှားမှုတွေကို ထပ်ခါတလဲလဲ လုပ်ဆောင်နိုင်ပါတယ်။ သူတို့ဟာ သော့တွေ၊ မီးခလုတ်တွေကဲ့သို့သောအရာတွေကို စွဲလမ်းကာ ကစားစရာအဖြစ် အသုံးပြုကြပါတယ်။ သူတို့ဟာ များသောအားဖြင့် နံပါတ်တွေ၊ သင်္ကေတတွေ ပါဝင်သော အထူးဘာသာရပ်တွေကို အရမ်းစိတ်ဝင်စားလိုကြပါတယ်။ သူတို့က အရာအားလုံးကို တိတိကျကျ စီထားလိုကြပါတယ်၊ ဥပမာ- ကစားစရာတွေကို သေသေချာချာစီထားပြီးရင် တစ်ယောက်ယောက်က ပြောင်းပစ်တာကို သည်းမခံနိုင်ကြပါဘူး။ ပုံမှန်မဟုတ်သော ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားတာ (သို့) ထူးဆန်းသောနည်းလမ်းဖြင့် လှုပ်ရှားနိုင်ပါတယ်။

၁၀။ နှုတ်ဖြင့် မဟုတ်တဲ့ ပြောဆိုဆက်သွယ်မှုကို ပိုနှစ်သက်ကြပါတယ်
အော်တစ်ဇင်ခံစားနေရတဲ့ ကလေးတွေဟာ ဘာသာစကားဖွံ့ဖြိုးဖို့ နှေးကွေးပြီး စကားပြောဖို့ အခက်အခဲရှိတာကြောင့် စကားမပြောရတဲ့ ဆက်သွယ်မှုကို ပိုနှစ်သက်ကြပါတယ်။ တစ်ခုခုကို ညွှန်ပြဖို့ အမှုအရာတွေ (သို့) ပုံဆွဲပြခြင်းကို သုံးနိုင်ပါတယ်။

၁၁။ သူတို့ဟာ မျက်နှာအမှုအရာကို သိဖို့ခက်ခဲပါတယ်
သူတို့ဟာ မျက်နှာအမူအရာတွေကို မှတ်မိဖို့ ခက်ခဲနိုင်ပါတယ်။ (ဥပမာ- မိခင်က သူ့ကို မျက်မှောင်ကြုတ်ပြီး စိတ်ဆိုးပြနေရင်တောင် နားမလည်ကြပါဘူး။) ပျော်ရွင်တဲ့ လေသံနဲ့ ပြောတာလား၊ ဝမ်းနည်းတဲ့လေသံနဲ့ ပြောတာလား၊ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အသံနဲ့ ပြောတာလားဆိုတာကို နားမလည်ကြပါဘူး။ သူတို့ဟာ အရမ်းစိတ်ကူးယဉ်တတ်ကြပြီး သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးထဲမှာ နေထိုင်ကြတာကြောင့် လက်တွေ့နဲ့ စိတ်ကူးယဉ်အကြား ခွဲခြားဖို့ ခက်ခဲပါတယ်။

Chit_MayMay
LM_Nandar
Source-brightside