သင်ဟာ မိဘကောင်းတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာ (၇)ခု

0
3604
- Advertisement -

မိဘတွေအားလုံးကတော့ ကိုယ့်ကလေးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြပါတယ်။ တချို့က တင်းကြပ်တဲ့ အုပ်ထိန်းမှုနှင့် ပျိုးထောင်ကြသလို တချို့ကတော့ လွတ်လပ်တဲ့ အုပ်ထိန်းမှုနှင့် ပျိုးထောင်ကြပါတယ်။ သူတို့အားလုံးက ကိုယ်မှန်တယ်ထင်တဲ့အတိုင်း ပြုစုပျိုးထောင်ကြတာဖြစ်ပါတယ်။ သို့သော် မိဘတွေအနေနဲ့ ကလေးတွေအတွက် အရေးကြီးဆုံးအရာတွေကို မကြာခဏ မေ့လျော့နေတတ်ကြပါတယ်။ ဒါ့ကြောင့် ယနေ့မှာ သင်ဟာ တကယ့်ကိုကောင်းတဲ့ မိဘတစ်ယောက်ဖြစ်ကြောင်း ပြသနေတဲ့ လက္ခဏာတစ်ချို့ကို စုဆောင်းပေးထားပါတယ်။

၁။ ကလေးရဲ့ ပြဿနာတွေကို မေမေတို့အား ဖွင့်ပြောပြခွင့် ပေးထားတာ

သားလေး (သို့) သမီးလေးက သူတို့ရဲ့ အောင်မြင်မှုအကြောင်း မေမေတို့ကို ပြောပြမယ်ဆိုရင် သားသမီးနဲ့ မိဘကြားက relationship ကောင်းတယ်လို့ ပြောရမှာပါ။ မေမေတို့ကို သူတို့ရဲ့ ပြဿနာတွေနဲ့ ပတ်သတ်ပြီး ပြောပြတာကလည်း သူတို့အတွက် ပိုအရေးကြီးပါတယ်။ ကိုယ့်ပြဿနာအကြောင်း တစ်ယောက်ယောက်ကို ပြောပြချင်တာ သဘာဝဖြစ်ပါတယ်။ ပြီးတော့ ကျွန်မတို့ဟာ ကိုယ့်ကို နားထောင်ပေး၊ ပံ့ပိုးပေးမယ့် သူတွေကို လိုချင်ကြပါတယ်။ ဒါ့ကြောင့် မတူညီတဲ့ အခြေအနေများ ဖြစ်ပျက်နိုင်ကြောင်း အမှားဆိုတာ လူတိုင်းနှင့် မကင်းကြောင်း ကလေးတွေ နားလည်သင့်ပါတယ်။

၂။ အမြဲတမ်းတော့ အဆင့်ကောင်းရမှာ မဟုတ်ကြောင်း တွေးပေးတာ

တကယ်လို့ ကလေးဟာ ကျောင်းမှာ အဆင့်နိမ့်နေရင်၊ မေမေတို့ကို ပြောပြဖို့ မတွန့်ဆုတ်သင့်ပါဘူး။ ကြောက်လန့်တတ်တဲ့ ကလေးတွေဟာ သူတို့အဆင့်တွေကို ဖုံးကွယ်လေ့ရှိကြပြီး မိဘတွေ သိလိမ့်မယ်လို့ ထင်တဲ့အခါ ထိန့်လန့် တုန်လှုပ်တတ်ကြပါတယ်။ မိဘကောင်းအနေနဲ့ ကိုယ့်ကလေးတွေကို ကျောင်းမှာ စာကောင်းကောင်းသင်ဖို့ အရေးကြီးကြောင်း ရှင်းပြနိုင်ပါတယ်။ အဆင့်ကျသွားရင် နောက်တခါကြိုးစားဖို့လိုကြောင်း၊ အမှန်တကယ်အရေးကြီးတာက အသိပညာဖြစ်ကြောင်း ကလေးတွေ သိထားရပါမယ်။

၃။ ကလေးတွေရဲ့ private ကို လေးစားပေးတာ

မိဘအများစုက ကလေးတွေအနေနဲ့ မိဘအခန်းထဲကို မဝင်ခင် တံခါးခေါက်သင့်တယ်လို့ ယူဆကြပါတယ်။ သို့သော် မိဘတွေ ကိုယ်တိုင်က ဒီစည်းမျဉ်းကို အမြဲတမ်းလိုက်နာလေ့မရှိပါဘူး။ မိသားစုအတွင်းရှိ စည်းမျဉ်းများက လူတိုင်းအတွက် တူညီမှုရှိရပါမယ်။သင့်ကလေးရဲ့ သီးသန့်နေရာကို လေးစားပါ။

၄။ ကလေးကို မဝေဖန်ပါဘူး

ကောင်းတဲ့ မိဘတွေဟာ သူတို့ကလေးတွေကို မဝေဖန်ကြပါဘူး။ ငပျင်းကောင်၊ မိုက်မဲတဲ့ကောင်လို့ သူတို့ကို မခေါ်ကြပါဘူး။ ဒီစကားလုံးတွေက ကလေးတွေကို ကြာရှည်စွာ မလုံခြုံမှုကို ဖြစ်စေနိုင်ပါတယ်။ စကားလုံးတွေကို ဂရုတစိုက်ရွေးချယ်ပြီး သူတို့ကို စိတ်ပျက်မိကြောင်း အတိအကျပြောပါ။ သို့သော် ကလေးတွေကို စကားလုံးတွေနဲ့ မစော်ကားပါနဲ့။

၅။ အမှားတွေကို ဝန်ခံပြီး တောင်းပန်တတ်တာ

ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် လူတိုင်း အမှားလုပ်တတ်ကြပါတယ်။ သို့သော် မိဘအများစုက ကိုယ့်ကလေးတွေကို တောင်းပန်ဖို့ သင်ပေးရုံသာမက ဘယ်လိုပြုလုပ်ရမယ်ဆိုတာလည်း ပြသဖို့ မေ့လျော့နေကြပါတယ်။ သင့်အနေနဲ့ အလွန်အမင်း တုံ့ပြန်မိတာ၊ မလုပ်သင့်တာ လုပ်မိတာဆိုရင် ကလေးအား တောင်းပန်ဖို့ မတွန့်ဆုတ်ပါနဲ့။ ကိုယ့်ရဲ့ အားနည်းချက်ကို ဝန်ခံနိုင်သောသူဟာ အားကြီးသူတစ်ယောက်ပါ။

၆။ ကလေးအပေါ်မှာ ကိုယ့်ဝါသနာကို မသတ်မှတ်ပေးတာ

ကလေးတွေဟာ မိဘကြိုက်တဲ့အရာ မဟုတ်ဘဲ သူတို့နှစ်သက်တဲ့ အရာတွေကို လုပ်သင့်ပါတယ်။ အဖေတစ်ယောက်က ဘောလုံးသမားဖြစ်ပြီး သားကလည်း ထိုအရာကို နှစ််သက်မယ်ဆိုရင် ကောင်းပါတယ်။ သို့သော် သင့်ကလေးက ဂီတဘက်မှာ (သို့) အကဘက်မှာ နှစ်သက်နိုင်ပါတယ်။ သင့်ကလေးရဲ့ စွမ်းရည်တွေကို သတိပြုမိဖို့ လေ့လာပါ။ မိဘကောင်းတွေက ကလေးတွေကို တိုးတတ်အောင် အားပေးအားမြှောက်လုပ်ပေးကြပြီး ကိုယ်နှစ်သက်ရာကို လုပ်ရတဲ့ ပျော်ရွင်သော လူသားတွေအဖြစ် ကြီးပြင်းစေကြပါတယ်။

၇။ ကလေးရဲ့ စကားလုံးတွေကို ယုံကြည်ပေးပါတယ်

မိခင် (သို့) ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်ကလေး ကျောင်းမှာ ရန်ဖြစ်တယ်ဆိုပါစို့။ ကိုယ့် ကလေးက တစ်ခြားကလေးကို မတရားလုပ်ခဲ့ကြောင်း ပြောတဲ့ဆရာမကို ကျောင်းအထိ ရန်သွားတွေ့တတ်ကြတာဟာ မကြာခဏ ဖြစ်လေ့ရှိတဲ့ အခြေအနေတစ်ခုပါ။ ဒေါသထွက်နေတဲ့ မိဘတစ်ယောက်ဟာ အခြေအနေနဲ့ ပတ်သတ်ပြီး အသေးစိတ် သိဖို့ မကြိုးစားကြပါဘူး။ အိမ်ကိုပြန်လာပြီး ဒေါသပုန်ထတတ်ကြပါတယ်။ ဒီလို အော်ဟစ်ခြင်းမပြုခင်မှာ ကလေးအား သူတို့အခြေအနေကို မေးမြန်းတာက ပိုကောင်းပါတယ်။ အားလုံးက သင့်ကလေးရဲ့ အမှားမဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ ကလေးအနေနဲ့ အခြေအနေကို ဖြေရှင်းဖို့ သင့်ရဲ့ အကူအညီ လိုအပ်ပါလိမ့်မယ်။

မိသားစုမှာ ပျော်ရွှင်မှု ရစေဖို့ အရေးအကြီးဆုံး အရာတွေက ဘာတွေလည်း? သင့်မှာကော ကိုယ်ပိုင်မိသားစု စည်းမျဉ်း စည်းကမ်းတွေ ရှိပါသလား? မျှဝေပေးသွားပါဦးနော်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here