သင့်ကလေးငယ်ကို အနိုင်ကျင့်ခြင်းမခံရအောင်နဲ့ အနိုင်ကျင့်တတ်တဲ့သူမဖြစ်စေဖို့အတွက် နည်းလမ်းများ

0
6807
- Advertisement -

ကိုယ့်သားသမီး အနိုင်ကျင့်ခံရတာမျိုးကို ဘယ်လိုမိဘမျိုးမှ မနှစ်သက်ကြပါဘူး။ ဒါဆို အနိုင်ကျင့်တတ်တဲ့ ကလေးငယ်ဖြစ်နေရင်ရော။ ဒါဟာ မိဘတွေရဲ့ သွန်သင်ဆုံးမမှုညံ့ဖျင်းတာကြောင့် ကလေးငယ်ရဲ့ အနာဂတ်ကို သုံးစားမရတဲ့လူအဖြစ် ဖျက်စီးလိုက်တာနဲ့အတူတူပါဘဲ။ ငယ်စဉ်ကတည်းက သူတစ်ပါးကို စိတ်ရောကိုယ်ပါ နာကျင်ထိခိုက်စေအောင် ပြုလုပ်တတ်တဲ့ ကလေးတစ်ယောက်ရဲ့ စိတ်အခြေအနေဟာ ကြီးပြင်းလာတဲ့အခါမှာ လူ့လောကပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့ လူတစ်ယောက်ဖြစ်ဖို့နေနေသာသာ သူ့ကိုယ်သူတောင် ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ခက်ခဲပါလိမ့်မယ်။ ဒါကြောင့်မို့ ကလေးတွေကို အနိုင်ကျင့်တတ်တဲ့သူမဖြစ်အောင်နဲ့ အနိုင်ကျင့်ခြင်းမခံရအောင် သင်ကြားပေးလို့ရတဲ့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

သင့်ရဲ့ကလေးငယ်ကို ငယ်စဉ်ကတည်းက သနားကြင်နာတတ်ပြီး သူတစ်ဘက်သားကို လေးစားတတ်ဖို့သင်ကြားပေးပါ

ကလေးများကို အနိုင်ကျင့်ခြင်နဲ့ အနိုင်ကျင့်ခံရခြင်းမှ ကာကွယ်ရန်အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ သူတို့ကို ကြိမ်းမောင်းပြစ်တင်ပြောဆိုတာမျိုးထက် ချစ်ခြင်းမေတ္တာနဲ့လေးစားမှုရှိတဲ့ဆက်ဆံရေးတွေက ကလေးအချင်းချင်းအပြန်အလှန်ဆက်ဆံရေးတွေအတွက် လေ့လာသင်ယူနိုင်ဖို့ အကောင်းဆုံးဘဲဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ကလေးငယ်တွေကို ရိုက်နှက်တတ်တဲ့အကျင့်ရှိပါက ဒီလိုအပြုအမူမျိုးဟာ ပြသနာကိုဖြေရှင်းဖို့နည်းလမ်းဖြစ်တယ်လို့ မှတ်ယူသွားနိုင်ပါတယ်။ မိဘတွေရဲ့ ရိုက်နှက်တတ်တဲ့အကျင့်က သူတို့ရဲ့သားသမီးကို အနိုင်ကျင့်တဲ့ ကလေးတစ်ယောက်ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ သုတေသီများရဲ့ ရလဒ်တွေက ထောက်ပြခဲ့ပါတယ်။

- Advertisement -

မိမိတို့ရဲ့ ရင်သွေးတွေနဲ့ ရင်နှီးတဲ့ဆက်ဆံရေးတည်ဆောက်ပါ

ကောင်းမွန်တဲ့ မိဘအုပ်ထိန်းမှုတစ်ခုမှာ ၈၀ရာခိုင်နှုန်းဟာ မိမိကလေးငယ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးဖြစ်ပြီး လမ်းညွှန်မှုကတော့ ၂၀ ရာခိုင်နှုန်းသာရှိပါတယ်။ ဒါကြောင့်မို့ မိမိတို့ရဲ့ ကလေးငယ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမရှိဘူးဆိုရင်တော့ လမ်းညွှန်မှုတွေဟာလည်း အသုံးမဝင်နိုင်တာမို့ မိဘနဲ့သားသမီးဆက်ဆံရေးဟာ ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းရှိဖို့လိုအပ်ပါတယ်။

ကိုယ်ကျင့်သိက္ခာတရားကို စောင့်ထိန်းဖို့လိုအပ်ပါတယ်

မိမိတို့ရဲ့ ကလေးငယ်ဟာ မိဘတွေရဲ့ ကိုယ်ကျင့်သိက္ခာတရားကို စောင့်ကြည့်လေ့လာသင်ယူနေတယ်ဆိုတာ သတိရပါ။ ဒါကြောင့်မို့ ကလေးငယ်တွေရဲ့ရှေ့မှာ တခြားသူတစ်ဦးဦးကို မလေးမစားလုပ်တဲ့အပြုအမူတွေ၊ ရုန့်ရင်းကြမ်းတမ်း လှောင်ပြောင်တဲ့စကားလုံးတွေကို မသုံးနှုန်းမိအောင် စောင့်ထိန်းဖို့လိုအပ်ပါတယ်။ မိမိတို့ရဲ့ကလေးငယ်ကိုလည်း ယဉ်ကျေးစွာပြုမှု ပြောဆိုတတ်ဖို့နဲ့ သူတစ်ပါးအပေါ်လည်း ယဉ်ကျေးတဲ့အသုံးအနှုန်းတွေကို သုံးနှုန်းတတ်ဖို့သင်ကြားပေးထားဖို့လိုအပ်ပါတယ်။

လူမှုဆက်ဆံရေးနယ်ပယ်မှာ ဝင်ဆံ့နိုင်အောင် သင်ကြားပေးပါ

အပေါင်းအသင်းသူငယ်ချင်းများတဲ့ ကလေးငယ်တွေဟာ အနိုင်ကျင့်ခံရခြင်းနည်းကြပါတယ်။ အနိုင်ကျင့်တတ်တဲ့ကလေးငယ်တွေဟာ စိတ်အားငယ်ပြီး အထီးကျန်တစ်ကိုယ်တည်း နေတတ်တဲ့ကလေးငယ်တွေကို ပစ်မှတ်ထားတတ်ကြပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ ကလေးငယ်တွေဟာ သက်တူရွယ်တူများရဲ့ လက်ခံမှုကို အလွန်လိုချင်တာမို့ သူပေါင်းသင်းနေတဲ့ရွယ်တူကလေးတွေရဲ့ အနိုင်ကျင့်မှုတွေကိုခံရရင်တောင်မှ အဖွဲ့ထဲကထွက်ရမှာကို စိုးရိမ်တဲ့အတွက် သည်းခံပြီး နေလေ့ရှိပါတယ်။ ဒါကြောင့်မို့ သင့်ကလေးငယ်ဟာ အနိုင်ကျင့်ခံနေရတယ်လို့ သံသယရှိနေပါက သူနဲ့ သူ့အပေါင်းအသင်းတွေရဲ့ ဆက်ဆံရေးကို လေ့လာပြီး သူပြောပြတဲ့ စကားတွေကို နားထောင်ပေးပါ။ မပေါင်းသင့်၊ မပေါင်းအပ်တဲ့လူတွေနဲ့ မပေါင်းသင်းတာက သူ့အတွက်ပိုကောင်းတယ်ဆိုတဲ့အကြောင်း နားလည်အောင် အကျိုးသင့်အကြောင်းသင့် ရှင်းပြပြောဆိုပြီး စိတ်ထားကောင်းမွန်တဲ့ရွယ်တူကလေးတွေနဲ့ အပေါင်းအသင်းဖြစ်နိုင်ဖို့ ကူညီပေးပါ။ ဒါဟာ သင့်ကလေးငယ် အနိုင်ကျင့်မခံရဖို့အတွက် ကောင်းမွန်တဲ့လမ်းညွှန်ပြသပေးမှုဘဲဖြစ်ပါတယ်။

ရန်စပြောဆိုမှုတွေကို ရှောင်ရှားနိုင်ဖို့ သင်ကြားပေးပါ

အနိုင်ကျင့်တတ်တဲ့ ကလေးငယ်တွေဟာ အရင်ဦးဆုံး လှောင်ပြောင်ပြောဆိုမှုတွေနဲ့ အစပြုတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ခွန်းတုန့်ပြန်ပြောဆိုတာမျိုးက အနိုင်ကျင့်တတ်တဲ့ကလေးတွေရဲ့ လှည့်ကွက်ထဲရောက်သွားစေနိုင်တာမို့ တတ်နိုင်သမျှသည်းခံပြီး ခွန်းတုန့်ပြန်ပြောဆိုတာမျိုးမလုပ်ဘဲ ရှောင်ထွက်လို့ရမယ့်နည်းလမ်းတွေကို သင်ကြားပေးတာက ပြသနာကို ရှောင်ရှားဖို့နည်းလမ်းဘဲဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ဂုဏ်သိက္ခာကိုလည်း မထိခိုက်စေဘဲ အနိုင်ကျင့်တတ်တဲ့ကလေးငယ်ရဲ့ စိတ်ကိုဆွပေးသလိုမဖြစ်စေတဲ့ စကားလုံးအသုံးအနှုန်းတွေကို သုံးပြီးရှောင်ထွက်နိုင်အောင် သင်ကြားထားပေးတာက အကောင်းဆုံးဖြစ်ပါတယ်။

အနိုင်ကျင့်ခံရတဲ့ အခါမျိုးမှာ လူကြီးသူမတွေကို အကူအညီတောင်းတာက ရှက်စရာမဟုတ်ကြောင်း သင်ပေးပါ

လူကြီးသူမတွေကို အကူအညီတောင်းခံခြင်းမရှိတာက အနိုင်ကျင့်ခံရတဲ့အခြေအနေကို ပိုလို့ဆိုးဝါးစေပြီး အသက်ဘေးအန္တရာယ်ကိုထိခိုက်စေနိုင်လောက်တဲ့အဖြစ်မျိုးထိ ဖြစ်သွားတတ်တာမို့ အကူအညီတောင်းခံတာမျိုးက ရှက်စရာမဟုတ်ကြောင်း နားလည်သဘောပေါက်အောင်ပြောပြပေးပါ။ အနိုင်ကျင့်ခံရတဲ့ အပြုအမူမျိုးမဖြစ်ရအောင် လူကြီးသူမများမရှိတဲ့နေရာမျိုးမှာ တစ်ကိုယ်တည်းနေတတ်တဲ့ အကျင့်ကိုရှောင်ရှားပြီး ပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာ အနိုင်ကျင့်တတ်တဲ့ကလေးငယ်တွေရဲ့ အရိပ်အယောင်မျိုးတွေ့ရပါက တတ်နိုင်သမျှ လူစုလူဝေးရှိတဲ့ လူမြင်ကွင်းမျိုးမှာသာ နေဖို့ပြောပြထားပေးပါ။

ကိုယ့်ကလေးငယ် အနိုင်ကျင့်ခံရတာမျိုးကိုသိရင် ဝင်ရောက်စွတ်ဖက်ရန် မတွန့်ဆုတ်ပါနဲ့

မိဘဝတ္တရားတွေထဲမှာ သားသမီးကို ကာကွယ်ဖို့အတွက်လည်းပါဝင်ပါတယ်။ ဒါကြောင့်မို့ မိမိရဲ့ကလေးငယ်ကို အနိုင်ကျင့်ခံရတာမျိုးမရှိရအောင် ကိုယ်ခံပညာတစ်ခုခုသင်ကြားပေးတာမျိုးဘဲဖြစ်ဖြစ် ကျောင်းက ဆရာ၊ ဆရာမတွေကို ဖုန်းဆက်တိုင်ကြားတာမျိုးဘဲဖြစ်ဖြစ် လုပ်ပေးရပါမယ်။ မိမိကလေးငယ်ကို အားကိုးရာမဲ့တဲ့ အနေအထားမျိုးမဖြစ်ရအောင် ဂရုစိုက်ဖို့လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုမျိုး မရှိဘူးဆိုရင်တောင် စကားလုံးတွေနဲ့ လှောင်ပြောင်ပြောဆိုမှုများကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်ရတာက ပိုပြီးဆိုးဝါးစေတာမို့ မိမိတို့ရဲ့ကလေးငယ် ပညာသင်ကြားနေတဲ့ကျောင်းက အနိုင်ကျင့်ခံနေရမှုတွေကို ကာကွယ်မပေးနိုင်ဘူးလို့ယူဆပါက အခြားကျောင်းတစ်ခုကိုပြောင်းရွေ့ရန် တွန့်ဆုတ်မနေသင့်ဘဲ မိမိတို့ရဲ့ သားသမီးကို ကာကွယ်မှုအပြည့်အဝပေးနိုင်ဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref- ahaparenting

LEAVE A REPLY

Please enter your comment!
Please enter your name here