မွေးကင်းစကလေးတွေကို မိခင်နို့တိုက်ကျွေးခြင်းက အကောင်းဆုံးဖြစ်တယ်ဆိုတာ သိကြပါတယ်။ တကယ်လို့ မိခင်ဟာ အလုပ်သွားရလို့ပဲဖြစ်ဖြစ် ၊ အကြောင်းရင်းအချို့ကြောင့် နို့မတိုက်နိုင်ရင် မိခင်နို့ကို နို့ဘူးထဲထည့်ပြီး သိမ်းဆည်းရတော့မှာပါ။ မော်မြူလာနို့မှုန့်တွေမှာ အသုံးပြုဖို့နှင့် သိုလှောင်ဖို့အတွက် အသေးစိတ် ညွှန်ကြားချက်တွေပါရှိသော်လည်း မိခင်နို့ကို သိုလှောင်ခြင်းနှင့် ပတ်သတ်ပြီး သေချာမသိနိုင်ကြပါဘူး။ တကယ်တော့ မိခင်နို့သိုလှောင်ခြင်းအတွက် လိုက်နာရမယ့် တိကျသော စည်းမျဉ်းတွေ မရှိသလောက်ပါပဲ။ မိခင်နို့ကို သိုလှောင်တဲ့နေရာမှာ မှားယွင်းတဲ့ နည်းလမ်း (၈)ခုက သင့်ကလေးအား အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

၁။ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ပုလင်းတွေကို သုံးခြင်း
မိခင်နို့သိုလှောင်ဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ ဖန်ပုလင်းတွေ၊ BPA ကင်းတဲ့ပုလင်းတွေ၊ မိခင်နို့အိတ်တွေသာ သုံးပါ။ မှန်ကန်သော ဘူးအမျိုးအစားကို သုံးတဲ့အပြင် ပုလင်းကို အမြဲသန့်ရှင်းအောင် ထားဖို့ကလည်းအရေးကြီးပါတယ်။ စိုစွတ်တာ၊ ပုလင်းညစ်ပတ်တာက အလွယ်တကူ အဆိပ်အတောက်ဖြစ်စေပါတယ်။ ထို့ကြောင့် အသုံးပြုပြီးတိုင်း ပုလင်းကို ဆပ်ပြာဖြင့် သေချာဆေးကြောပါ။ သန့်ရှင််းတဲ့ နေရာမှာ အခြောက်ခံပါ။ သန့်ရှင်းတဲ့ပုလင်းတွေကို အင်းဆက်ပိုးမွှားတွေ၊ ဖုန်မှုန့်တွေနဲ့ ဝေးရာမှာ ထားပါ။ ပုလင်းက သန့်ရှင်းနေတယ်ဆိုရင်တောင် နို့မထည့်ခင်မှာ ရေနွေးနွေးလေးနဲ့ တစ်ထပ်ပြန်ဆေးပါ။

၂။ နို့ကို အရမ်းခဲထားခြင်း
မိခင်နို့က ကြီးထွားလာနေတဲ့ သင့်ကလေးရဲ့ လိုအပ်ချက်တွေနဲ့အညီ အာဟာရဓါတ်တွေကို သဘာဝအတိုင်းပြောင်းလဲပေးပါတယ်။ တကယ်လို့ နို့ကို ကြာရှည်စွာ အေးခဲစေပြီးနောက်ပိုင်း သင့်ကလေးကို ကျွေးပါက အာဟာရလိုအပ်ချက်တွေ ကွဲပြားခြားနားသွားပါလိမ့်မယ်။

၃။ ရက်ရှည် အအေးခံထားခြင်း
မိခင်နို့ညှစ်ပြီးသား လတ်လတ်ဆတ်ဆတ်ကို ရေခဲသေတ္တာထဲမှာ သိုလှောင်တဲ့အခါ ၈ရက်ကြာ မပျက်စီးသေးပါဘူး။ ဒီထက်ပိုကြာတဲ့ဟာဆိုရင်တော့ စားသုံးဖို့အတွက် အန္တရာယ်ရှိပါတယ်။ အကောင်းဆုံးကတော့ မိခင်နို့ကို စောနိုင်သမျှ စောစော တိုက်ပါ။ ရေခဲသေတ္တာထဲမှာ ကြာကြာထားရင် မိခင်နို့ထဲက ဗီတာမင်စီ ဆုံးရှုံးမှုပိုများပါတယ်။

၄။ ရေခဲတုံးခွက်တွေကို ပုံမှန်အသုံးပြုခြင်း
မိခင်နို့ကို အေးခဲစေဖို့ ရေခဲတုံးခွက်တွေကို ပုံမှန်အသုံးပြုတဲ့ အမှားကို မလုပ်ပါနဲ့။ ဒီခွက်တွေကို ပြုလုပ်ထားတဲ့ ပလတ်စတစ်တွေက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီအစား ပုလင်းနှင့် မိခင်နို့အိတ်တွေကိုသာ သုံးပါ။
၅။ သိုလှောင်နည်း မမှန်ခြင်း
မိခင်နို့ကို အိတ်တွေထဲမှာ သိမ်းဆည်းတယ်ဆိုရင် အခြားအစားအစာပစ္စည်းတွေနဲ့ ရေခဲသေတ္တာရဲ့ ချွန်ထက်တဲ့အစွန်းတွေနဲ့ ဝေးဝေးမှာ သိမ်းဆည်းပါ။ ချွန်ထက်တဲ့ အနားတွေက အိတ်တွေကို ထိုးဖောက်နိုင်ပြီး ညစ်ညမ်းစေနိုင်ပါတယ်။ နို့အိတ်တွေကို အသားစိမ်းတွေနားမှာ ထားခြင်းက ဘက်တီးရီးယားအချို့ကို ဖြစ်ပေါ်စေပါတယ်။
၆။ ကျန်ရှိနေသော နို့တွေကို ပြန်သုံးခြင်း
ကလေးက နို့ရည်ကို အကုန်မသောက်ပါက ကျန်တဲ့ဟာတွေကို ရေခဲသေတ္တာထဲမှာ ပြန်မသိမ်းပါနဲ့။ ကျန်ရှိတဲ့နို့က ဘက်တီးရီးယားတွေကို လွယ်ကူစွာ ဆွဲဆောင်နိုင်တာကြောင့် ပြန်အသုံးမပြုသင့်ပါဘူး။

၇။ လတ်ဆတ်တဲ့နို့ရည်ကို အေးခဲထားတဲ့ နို့ရည်နှင့် ရောစပ်ခြင်း
မိခင်နို့ လတ်လတ်ဆတ်ဆတ်ကို အေးခဲပြီးသားနို့နဲ့ ဘယ်တော့မှ မရောပါနဲ့နော်။ ထိုသို့ပြုလုပ်ခြင်းက ကလေးအတွက် အန္တရာယ်ရှိစေပါတယ်။
၈။ မသင့်တော်တဲ့နည်းနဲ့ အပူပေးခြင်း
မိခင်နို့ကို ချက်ချင်းအရည်ပျော်အောင် အပူပေးတာ (သို့) မိုက်ခရိုဝေ့ထဲထည့်တာ မလုပ်ပါနဲ့။ လျင်မြန်သောအပူက မိခင်နို့ရှိ ပဋိဇီဝပစ္စည်းတွေကို သက်ရောက်စေနိုင်ပါတယ်။ အေးခဲနေတဲ့နို့ကို အရည်ပျော်စေတဲ့နည်းက ရေနွေးနွေးပန်းကန်ထဲမှာ ထည့်ထားတာဖြစ်ပါတယ်။
မိခင်နို့ဟာ ဘေဘီလေးတွေရဲ့ ဖွံ့ဖြိုးမှုနှင့် သင့်တော်တဲ့ အာဟာရ ရရှိစေဖို့အတွက် အရေးကြီးပါတယ်၊ ဒီလမ်းညွှန်ချက်တွေကို လိုက်နိာပြီး သင့်ကလေးရဲ့ ကျန်းမာရေးအတွက် မှန်ကန်သောနည်းလမ်းဖြင့် သိမ်းဆည်းပါ။
Chit_MayMay
LM_Nandar
Source-momjunction.