
ကိုယ့်ကလေးကို သူများထက် အရမ်းနောက်ကျလွန်းလို့ အော်ခဲ့၊ ငေါက်ခဲ့ဖူးပါသလား? စိတ်ထဲက ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကလေးကို အော်ဟစ်ဆူပူလိုက်ရလို့ ဒေါသတွေလျော့သွားတယ်လို့ ထင်ပါသလား? (ဒါမှမဟုတ်) မေမေတို့ဟာ မိဘအုပ်ထိန်းမှုစတိုင်မှာ အပြုသဘောပြောင်းလဲမှုတွေ ဖြစ်လာစေဖို့နှင့် ကိုယ့်သားသမီးကို ပိုမိုကောင်းမွန်သော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့ ကြိုးစားနေပါလား?
မေမေတို့အနေနဲ့ ကလေးအပေါ် ထားရှိတဲ့ သဘောထားကို မတူညီတဲ့ ချဉ်းကပ်မှုနှင့်အတူ လုပ်ဆောင်နိုင်မယ်လို့ ခံစားမိရင် ကလေးအတွက် အပြုသဘောဆောင်တဲ့ အားပေးချီးမြှောက်ခြင်းကို ကြိုးစားတာက ကောင်းတဲ့အကြံဖြစ်ပါတယ်။ ကလေးဆိုတဲ့ သဘာဝက သူတို့ကို ချီးမွမ်းတာ၊ အားပေးတာ၊ ဆုချတာကိုအရမ်းနှစ်သက်ပါတယ်။ ကိုယ်ဖြစ်စေချင်တာကိုဆူပူပြီးပြောနေတာထက် အပေး အယူ သဘောလေးနဲ့ စည်းရုံးကြည့်ပါ။ ဒီအပြောင်းအလဲကို သင်ဘယ်လိုဆောင်ကြဉ်းနိုင်မလဲဆိုတာကို နားလည်စေဖို့ ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။
အပြုသဘောအားပေးချီးမြှောက်ခြင်းက ဘာလဲ?
အပြုသဘော အားပေးချီးမြှောက်ခြင်းဟာ ကလေးကို မေမေတို့ လိုချင်တဲ့ အပြုအမှုမျိုး မြှင့်တင်ပေးတဲ့ မိဘအုပ်ထိန်းမှု နည်းစနစ် အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ လိုချင်တဲ့ ရလဒ်တွေ ရရှိဖို့ မိဘတစ်ယောက်အနေတဲ့ အပြုသဘောချဉ်းကပ်နည်းကို သုံးတဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ အပြုသဘော အားပေးချီးမြှောက်နည်းမှာ အော်ငေါက်တာ၊ ညှင်းပမ်းတာ၊ ခြိမ်းခြောက်တာ၊ အပြစ်ပေးတာ၊ အရှက်ရစေတာသိမ်ငယ်စိတ်ဖြစ်စေတာ(သို့) ကလေးအား အပြစ်ရှိသလိုခံစားရစေတာ ကဲ့သို့သော ဘယ်လိုပုံစံမှ အသုံးပြုခွင့်မပြုပါနဲ့။

ကလေးတွေအတွက် အပြုသဘောအားပေးချီးမြှောက်ခြင်းက ဘယ်လိုအလုပ်လုပ်သလဲ?
အပြုအမှုတိုင်းအတွက် ကလေးအား အပြုသဘောနှင့် အပျက်သဘောဆောင်သော ချဉ်းကပ်မှုအပြင် ကောင်းတဲ့လုပ်ရပ်နဲ့ မကောင်းတဲ့လုပ်ရပ်တွေမှာ အကျိုးဆက်တွေရှိကြောင်း ပြသပါ။ သင့်ကလေးရဲ့ အပြုအမှုကို မကောင်းတဲ့ ချဉ်းကပ်မှုနဲ့ တုံ့ပြန်မယ်ဆိုရင် သင့်ကလေးဟာ တူညီတဲ့အမှား (သို့) တူညီတဲ့ တုံ့ပြန်မှုကို ထပ်တလဲလဲ လုပ်လာနိုင်ပါတယ်။ အခြားတစ်ဖက်ကကြည့်ရင် သင့်ကလေးရဲ့ အပြုအမှုကို အပြုသဘောနဲ့ တုံ့ပြန်မယ်ဆိုရင် သင်လိုချင်တဲ့နည်းလမ်းအတိုင်းပြုမှုဖို့ အားပေးအားမြှောက်ရာရောက်ပါလိမ့်မယ်။
ကလေးအား အပြုသဘောဆောင်သော အားပေးချီးမြှောက်မှုကို ဘယ်လိုပြမလဲ?
သင့်ကလေးအား အပြုသဘောဆောင်သော အားပေးချီးမြှောက်မှုကို ပြသဖို့နည်းလမ်းများစွာ ရှိပါတယ်။ သင်ဟာ အမြဲတမ်း တစ်နည်းနည်းဖြင့် ပြုမှုဖို့ (သို့) တစ်စုံတစ်ရာပြောဆိုဖို့ မလိုပါဘူး။ လက်ဟန်အမူအရာ (သို့) သင်္ကေတတစ်ခုလုပ်ပြရုံနဲ့ သင့်ကလေးအား သင်ဘာကိုဆိုလိုသလဲဆိုတာ ပြသဖို့ လုံလောက်ပါတယ်။
- ကလေးအား နောက်ကျောကို ပုတ်ပေးပါ။
- လက်မထောင်ပြပါ။
- ကလေးကို ပြုံးပြတာမျိုး၊ ခေါင်းညိတ်ပြတာမျိုးဖြင့် အတည်ပြုကြောင်းပြပါ။
- ကလေးကို လက်ခုပ်တီးပြီး အားပေးပါ။
- ကလေးကို မကြာခဏ ပွေ့ဖက်ပါ။
- သူတို့နဲ့ လက်ဝါးချင်းရိုက်ပါ။
- သူ့ရဲ့လုပ်ရပ်တွေကို ချစ်မြတ်နိုးကြောင်း ကလေးအား အသိပေးပါ။
- ကလေးရဲ့ ဂုဏ်ယူစရာ ဖြစ်ရပ်တွေအကြောင်း အခြားသူတွေအား ကလေးရှေ့မှာ ပြောပြပေးပါ။

အားပေးချီးမြှောက်ခြင်းက ကလေးအား ဘယ်လိုအကျိုးပြုသလဲ?
ကလေးတွေအတွက် အပြုသဘော အားပေးချီးမြှောက်ခြင်းက အောက်ပါနည်းလမ်းဖြင့် အကျိုးရှိပါလိမ့်မယ်။
၁။ အားပေးချီးမြှောက်ခြင်းက မိမိကလေးရဲ့ လုပ်ဆောင်မှုကို တန်ဖိုးထားသော ရိုးရှင်းတဲ့နည်းလမ်းဖြစ်ပါတယ်။
၂။ သင့်ကလေးရဲ့ အပြုအမှုကို အပြုသဘောဖြင့် တုံ့ပြန်ပါက သူတို့အတွက် သင်ဂုဏ်ယူကြောင်း၊ ဂရုစိုက်ကြောင်း ပြသရာရောက်ပါတယ်။
၃။ ကလေးရဲ့ အပြုသဘောဆောင်သော အရာတွေကို ရှာဖွေပြီး ထိုအရာတွေကို highlight လုပ်ပြပါ၊ “ငါ့သားက အသက်ကြီးတဲ့သူတွေကို ကူညီပေးတဲ့အတွက် မေမေဂုဏ်ယူရတယ်”(သို့) “သားအခန်းလေးကို သပ်သပ်ရပ်ရပ်ထားလို့ အမေဝမ်းသာတယ်” လို့ပြောပေးတာက သင့်ကလေးအား ကောင်းတဲ့အပြုအမှုကို ဆက်လုပ်ဖို့ အားပေးပါလိမ့်မယ်။
၄။ အပျက်သဘောဆောင်တဲ့ ချဉ်းကပ်မှု (သို့) အပြစ်ပေးပါက သင့်ကလေးရဲ့အဓိကရည်မှန်းချက်မှာ အပြစ်ပေးခြင်းကို ရှောင်ရှားရန် ဖြစ်လာပါတယ်။ မိဘရဲ့အမျက်ဒေါသမှ လွတ်မြောက်ဖို့ ပြုလုပ်ပါလိမ့်မယ်။ သင်ဖြစ်ချင်တဲ့ နည်းလမ်းအတိုင်း ပြုမှုလာမှာလည်း မဟုတ်ပါဘူး။
၆။ မိဘတွေဆီက ချီးမွမ်းစကားနှင့် အတည်ပြုချက်တွေက ကလေးအား motivate ဖြစ်စေတာကြောင့် အရေးကြီးပါတယ်။
ကလေးတွေကို အပြုသဘောဆောင်တဲ့ အားပေးချီးမြှောက်ခြင်းက ကလေးအား အပြုအမှု ပိုကောင်းစေရုံသာမက မိဘတစ်ယောက်အနေနဲ့လည်း သင့်ကို ပျော်ရွင်စေပါတယ်။ သင့်ကလေးရဲ့ သဘောထားမှာ သိသိသာပြောင်းလဲသွားစေတာကို တွေ့ရပါလိမ့်မယ်။ ကလေးတွေကို အော်ဟစ်ခြင်း၊ ဆူပူခြင်းတွေမှာ သင်ဆုံးရှုံးခဲ့ရတဲ့ အေးဆေးတည်ငြိမ်တဲ့ ခံစားမှုမျိုးကိုလည်း ခံစားရပါလိမ့်မယ်။
Chit_MayMay
LM_Nandar
Source-momjunction