မိဘအများစုက သူတို့ရဲ့ ကလေးအကြီးလေးရင့်ကျက်လာတဲ့အခါ အိမ်ပတ်ဝန်းကျင်မှာ အကူတစ်ယောက် (သို့) အသက်ရှူချောင်စေမယ့် ဘေးပေါက်အဖြစ် ထင်မှတ်ကြပါတယ်။ တစ်ခါတရံမှာ ကလေးအကြီးလေးတွေဟာ အိမ်ထဲမှာပဲ အငယ်တွေကို စောင့်ရှောက်ကြရတယ်။ သူတို့မိဘတွေက အချိန်တစ်ချို့လောက်သာ သူ့တို့ကို အားလပ်ချိန်ပေးတယ်။ ဒါပေမယ့် အကြီးကလေးတွေအနေနဲ့ သူတို့ရဲ့ အငယ်လေးတွေကို အမြဲတမ်းထိန်းကျောင်းနေရတာက မဖြစ်သင့်ပါဘူး။ ဒါတွေက အပျက်သဘောရလဒ်တွေကို ဦးတည်နိုင်ပါတယ်။
ဒီကနေ့ Chit_May_May ကနေပြီးတော့ အကြီးတွေကို သူတို့ရဲ့ အငယ်တွေကို စောင့်ရှောက်တာက ဘာကြောင့်မကောင်းတာလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ မျှဝေပေးချင်ပါတယ်။

၁။ သင်က သူတို့ကို တာဝန်တွေအများကြီးပေးထားတယ်
တကယ်တော့ တာဝန်တစ်ချို့လောက်ကတော့ သင့်ကလေးအကြီးကို တစ်စုံတရာထိခိုက်စေတာမျိုးမဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း သင်က ညစာအတွက် ပြင်ဆင်နေချိန်မှာ ကလေးအကြီးက အငယ်ကို စောင့်ရှောက်စေခြင်းနှင့် သင့်ရဲ့ ကြီးကြပ်မှုမရှိဘဲ နာရီများစွာကြာအောင် အငယ်ကို ထိန်းခိုင်းထားခြင်း အကြားမှာ ကွာခြားချက်အကြီးကြီးရှိပါတယ်။
တကယ်လို့ သင့်ကလေးက အဆင်ပြေမယ်(ကျေနပ်မယ်) ဆိုရင်တော့ ဒါက ပြဿနာမရှိပါဘူး။ ဒါပေမယ့် သူ့မှာ တစ်ခြားရွေးချယ်စရာတစ်ခုမရှိဘဲ မလုပ်မဖြစ်လုပ်ရမယ့် တာဝန်တစ်ခုလိုမျိုးတော့ မဖြစ်သင့်ပါဘူး။ သူတို့မလုပ်ချင်တဲ့ တာဝန်ဝတ္တရားတစ်ခုအနေနဲ့ မဖြစ်မနေထိန်းခိုင်းတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ သင့်ကလေးအကြီးက သင်ကလေးငယ်အတွက် သင်မဟုတ်တဲ့ တစ်ခြားမိဘတစ်ယောက်လိုမျိုးအထိ ကူညီခိုင်းတာက လုံးဝမဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခုပါ။

သင့်ကလေးမှာ ဘယ်လိုရင့်ကျက်တဲ့ အပြုအမူမျိုးတွေပဲ ရှိနေပါစေ သူတို့က ကလေးတစ်ယောက်ဖြစ်နေတုန်းပဲဆိုတာ မမေ့ပါနဲ့။ သူတို့ဟာ များပြားလှတဲ့ တာဝန်ကြီးတစ်ခုလုံးကို လက်ခံနိုင်လောက်အောင် အဆင်သင့်မဖြစ်သေးပါဘူး။ သူတိုက တစ်ချို့အခြေအနေတွေကို မကိုင်တွယ်နိုင်သေးပါဘူး။ ပြီးတော့ မတော်တဆတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ကြီးလေးတဲ့ အပြစ်ဒဏ်တွေက သူတို့အပေါ်မှာပဲ အမြဲလွှမ်းမိုးနေပါလိမ့်မယ်။
၂။ သူတို့ဟာ ကျွမ်းကျင်သူတွေ မဟုတ်ကြဘူး
မိဘတွေက ကျွမ်းကျင်တဲ့ ကလေးထိန်းတွေကို ငှားရမ်းဖို့ မတတ်နိုင်တဲ့အခါ ကလေးအကြီးလေးက အဆင်ပြေနိုင်မယ့် ကလေးထိန်းအရင်းအမြစ်တွေဖြစ်ကြရတယ်။ ဒါပေမယ့် ဒီနေရာမှာ သူတို့ဆီကနေ သံယောဇဥ်အဆင့်တွေ၊ ကျွမ်းကျင်မှုတွေကို မျှော်လင့်လို့မရနိုင်ပါဘူး။ ကလေးတစ်ယောက်ဖြစ်တဲ့အတွက် ကလေးတစ်ယောက်ကို အနှီးဘယ်လိုလဲပေးရမယ်၊ အစားအသောက်ဘယ်လိုကျွေးမွေးရမယ်ပြီးတော့ ကလေးရဲ့ ဝုန်းဒိုင်းကြဲမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ သူတို့သိမှာ မဟုတ်ပါဘူး။

မိသားစုလူဦးရေများတဲ့အခါမှာ ကလေးအကြီးတွေက မကူမဖြစ် ကူရမယ်ဆိုရင် သင့်အနေနဲ့ သူတို့ရဲ့ အသက်အရွယ်အရ တာဝန်အသီးသီးကို ရွေးချယ်ပေးထားသင့်ပါတယ်။ သူတို့က အိမ်ဝန်းကျင်မှာ ကူညီနိုင်တယ်၊ ပြီးတော့ အငယ်တွေအိပ်ရာမဝင်ခင်မှာ စာဖတ်ပေးနိုင်တယ်၊ နာရီတစ်ချို့ကြာအောင် အတူတူကစားနိုင်တယ် စသဖြင့် ရိုးရှင်းတဲ့အရာလေးတွေလုပ်ဖို့ တာဝန်ပေးနိုင်ပါတယ်။
၃။ သူတို့က သူတို့ရဲ့ ကိုယ်ပိုင်ကလေးဘဝကို စွန့်လွှတ်ကြရတယ်
မိသားစုတစ်ခုမှာ တစ်ဦးတည်းသောကလေးတွေက အငယ်တွေရှိတဲ့ ကလေးတစ်ယောက်ထက် တာဝန်သိစိတ်နည်းပါးပါတယ်။ သူတို့ရဲ့ အခန်းတွေကို သန့်ရှင်းခြင်း (သို့) သူတို့ရဲ့ အိမ်စာတွေ လုပ်ခြင်းစတဲ့ သူတို့ရဲ့ ပုံမှန်တာဝန်တွေပြီးတဲ့အခါမှာ သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ အပြင်မှာ ကောင်းကောင်းကစားနိုင်တယ်။ ပြီးတော့ သူတို့ ကြိုက်တဲ့ ရုပ်ရှင်တွေ ကြည့်နိုင်တယ်။ နောက်ဆုံး သူတို့ကြိုက်တာတွေလုပ်လို့ရတယ်။ ဒါပေမယ့် အငယ်လေးတွေရှိတဲ့ ကလေးတွေကတော့ သူတို့ကိုယ်တိုင်အတွက် အချိန်ပေးဖို့ အရမ်းမလွယ်ကူလှပါဘူး။

ကလေးအကြီးတွေအတွက် သူတို့ဟာ တစ်စုံတစ်ယောက်ကို အမြဲလိုလိုစောင့်ရှောက်တယ်၊ ကူညီတယ် ပြီးတော့ အတူတူကစားတယ်။ ဒါတွေတင်မကဘဲ မိဘတွေဟာ သူတို့ရဲ့ အကူအညီတွေကို လိုအပ်နေတတ်တာကြောင့် သူတို့ရဲ့ ဆယ်ကျော်သက်ဘဝကိုလည်း စွန့်လွှတ်ကြရပါသေးတယ်။
သို့ပေမယ့် သင့်ကလေးအတွက် သူတို့ရဲ့ ကိုယ်ပိုင်ကလေးဘဝကို အပြည့်အဝရနိုင်ဖို့ အရေးကြီးပါတယ်။ အနှီးလဲခြင်း၊ သေးအိုးတွေ သွန်စေခြင်း၊ အိမ်စာတွေ စစ်ဆေးပေးခြင်းတွေ လုပ်ပေးရမယ့်အစား သူတို့ပျော်ရွှင်ပါစေ။ ကလေးတွေကို ကလေးဖြစ်ခွင့်ပေးလိုက်ရင် လူတိုင်းအတွက် အကောင်းဆုံးရွေးချယ်စရာတွေရှိလာနိုင်မှာပါ။

၄။ သင်က မောင်နှစ်မအချင်းချင်းမှားယွင်းတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်မိစေပါလိမ့်မယ်
သင့်ရဲ့ ကလေးအကြီးကို သူတို့ရဲ့ အငယ်တွေအပေါ် အမိန့်အာဏာတွေ ဖိအားတွေပေးပြီး စောင့်ရှောက်ခိုင်းမယ်ဆိုရင် သူတို့မှာ ခါးသီးတဲ့ ခံစားချက်တွေကို ခံစားလာရနိုင်ပါတယ်။ ရလဒ်အနေနဲ့ သူတို့က သူတို့ရဲ့ ညီမ (သို့) ညီအပေါ်မှာ မကောင်းတဲ့ ခံစားချက်တွေ၊ အနိုင်ကျင့်ချင်တဲ့ စိတ်သဘောထားတွေဆီကိုသာ ဦးတည်နေပါလိမ့်မယ်။
ဒါတွေအပြင် သူတို့ရဲ့ မောင်နှစ်မတွေကို တစ်ယောက်တည်းထားခဲ့ပြီးတော့ ကလေးအကြီးတွေဟာ အာဏာပြတတ်တဲ့ ကလေးတစ်ယောက်လည်း ဖြစ်လာနိုင်ပါတယ်။ သူတို့ဟာ လေးစားခြင်းတွေ နားလည်လက်ခံခြင်းတွေ မရှိတဲ့ လူငယ်တစ်ယောက်ဖြစ်လာနိုင်ချေတွေလည်း ရှိနေပါတယ်။ နောက်ဆုံးမှာ ကလေးတွေအချင်းချင်း အငြင်းပွားမှုတွေဖြစ်လာပြီး တိုက်ခိုက်မှုတွေအထိ ဦးတည်လာနိုင်ပါတယ်။

၅။ ဒါက သူတို့ရဲ့ အလုပ်မဟုတ်ပါဘူး
မိဘတွေဟာ ကလေးအကြီးတွေကို ကလေးထိန်းသက်သာနိုင်ဖို့အတွက် မကြာခဏဆိုသလို မျှော်လင့်တတ်ကြတယ်။ အိမ်မှုကိစ္စအဝဝအတွက် ကူဖော်လောင်ဖက်တစ်ယောက်တိုးလာတယ်လို့လည်း ယုံကြည်တတ်ကြပါသေးတယ်။ ဆယ်ကျော်သက်အရွယ်အများစုက ဒီအချက်ကို သဘောမတူကြပါဘူး။ ကျွမ်းကျင်ကလေးထိန်းတွေကို ငွေကြေးပေးချေပြီးတော့ ငှားရမ်းရပေမယ့် အကြီးတွေကိုတော့ သဘာဝအလုပ်အဖြစ် ခိုင်းစေတတ်ကြပါတယ်။ ဒါဟာ လုံးဝမျှတမှုမရှိပါဘူး။
အကြီးတွေကို ငွေကြေးသီးသန့်ပေးချေပြီးတော့ ငှားရမ်းစရာမလိုပါဘူး။ သို့ပေမယ့် ကလေးထိန်းရခြင်းအတွက် အခွင့်အရေးတစ်ခုတော့ အပြန်အလှန်ရှိပါစေ။ သူတို့လိုချင်တဲ့ ပစ္စည်းတစ်ခုခု (သို့ ) သူတို့လုပ်ချင်တဲ့ အရာတစ်ခုခုလုပ်ခွင့်ပေးပါ။ သူတို့ရဲ့ အလုပ်ဟာ တန်ဖိုးထားရမယ့်အရာဖြစ်ကြောင်း သေချာအောင် သင်ပေးပါ။
Chit_May_May
Nyein_Thu
Ref-brightsideme