သတိနဲ့ယှဉ်တဲ့ မိဘအုပ်ထိန်းမှု ဆိုတာဘာလဲ? ဘယ်လိုကျင့်သုံးမလဲ?

0
113
- Advertisement -

သင့်ကလေးတွေကို ကိုယ်၊ စိတ်၊ နှလုံး ကျန်းမာစွာ ကြီးပြင်းလာစေဖို့ သတိနဲ့ယှဉ်ပြီး ဘယ်လိုပြုစုပျိုးထောင်မလဲ?

ကျွန်မတို့ မိဘတွေ ဖြစ်လာတဲ့အချိန်မှာ ငယ်ငယ်က ကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့အတိုင်း ကိုယ့်ကလေးတွေကို ပြန်ပျိုးထောင်တာမျိုး လုပ်ကြတဲ့အခါ ကလေးတွေနဲ့ မကိုက်ညီတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ကျွန်မတို့ဆီကနေ ကလေးတွေ လိုတာက အခြားအရာတစ်ခုခု ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့က ကျွန်မတို့ ကြီးပြင်းလာရတဲ့ ပုံစံအတိုင်းပဲ သူတို့ကို ပြန်အုပ်ထိန်းတတ်ကြပါတယ်။ ကျွန်မတို့သတိမထားမိဘူးဆိုရင် သူတို့ရဲ့စိတ်၊ တွေးခေါ်ကျင့်ကြံပုံ၊ ဖြစ်တည်မှုကို ထိခိုက်သွားစေနိုင်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေ၊ အိမ်မက်တွေနဲ့ သူတို့ကို ဖျက်ဆီးမိတတ်လို့ပါပဲ။ ဒါ့ကြောင့် သတိနဲ့ယှဉ်နဲ့ မိဘအုပ်ထိန်းမှုကို ကျင့်သုံးဖို့က အရေးကြီးပါတယ်။

သတိနဲ့ယှဉ်တဲ့ မိဘအုပ်ထိန်းမှုဆိုတာ လက်ရှိမှာ ဘာတွေဖြစ်နေလဲဆိုတာကို အမြဲတမ်းကြည့်နေပြီး ရင့်ကျက်ဖို့ နည်းလမ်းရှာဖွေခြင်းပါ။ လက်ရှိအချိန်ကနေစပြီး မိဘတွေအနေနဲ့ ရင့်ကျက်နိုင်ဖို့ ကြိုးစားနေရပါမယ်၊ ခြောက်ပြစ်ကင်းစရာမလိုပါဘူး၊ ဒါပေမယ့် ရင့်ကျက်ဖို့ စိတ်ဆန္ဒတော့ ရှိနေရမယ်။

ကဲ… သတိရှိတဲ့ မိဘတစ်ယောက်ဖြစ်ဖို့ သင်ဘာလုပ်ရမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦး

၁။ ရေရှည်ရည်မှန်းချက်ပေါ် အာရုံစိုက်ပါ

ကလေးဘက်က စည်းကမ်းမဲ့မှု၊ မနာခံမှုက ကျွန်မတို့ကို မကောင်းတဲ့ စိတ်ခံစားမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျွန်မတို့ရဲ့ စိတ်ခံစားချက်ကို ထိန်းညှိနိုင်ခြင်းမရှိဘူးဆိုရင် သတိနဲ့ယှဉ်တဲ့ မိဘတစ်ယောက်ဖြစ်ဖို့ ကျရှုံးပါတယ်။ သတိနဲ့ယှဉ်တဲ့ မိဘအုပ်ထိန်းမှုရဲ့ သော့ချက်က ကိုယ့်ရဲ့စိတ်အေးချမ်းမှုကို အဆုံးရှုံးခံခြင်းထက် ချစ်ခြင်း၊ ယုံကြည်မှုနှင့် စာနာခြင်းပေါ်အခြေခံတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့- ကိုယ့်ရဲ့ ရှေရှည်ရည်မှန်းချက်ကို အာရုံစိုက်ဖို့ ဖြစ်ပါတယ်။

၂။ ပိုပြီးနားထောင်ပါ၊ စကားပြောပါ

ကလေးတွေပြောတာကို နားထောင်ပါ၊ ကလေးတွေကို မေးခွန်းတွေမေးပြီး သူတို့အမြင်ကို နားလည်ဖို့ သူတို့အဖြေတွေကို နားထောင်ပါ၊ ဒီနည်းနဲ့ သူတို့တန်ဖိုးထားမှုကို ခံစားရစေပါတယ်။

၃။ သူတို့ကို ခွင့်လွှတ်ရပါမယ်- သူတို့ရဲ့အမှားတွေအတွက် အပြစ်မပေးဘဲ သူတို့အမှားတွေကို နားလည်အောင် ကူညီရပါမယ်။ သူတို့က သင့်ရည်ရွယ်ချက်ကို တွေ့မြင်ပြီး သူတို့အမှားတွေထပ်မကျူးလွန်စေဖို့ ကြိုးစားပါလိမ့်မယ်။

၄။ ကိုယ့်ပြဿနာတွေကို ဖြေရှင်းပါ

တစ်ခါတစ်ရံမှာ ကလေးရဲ့လုပ်ရပ်တွေဟာ သင့်ရဲ့မငြိမ်းချမ်းခဲ့တဲ့ ထိလွယ်ရှလွယ်မှတ်ဉာဏ်ကို ထိမှန်နိုင်ပါတယ်။ ကလေးနှင့် ကိုယ့်ကိုယ်ကိုယ် မထိခိုက်ခင်မှာ ကိုယ့်ပြဿနာတွေကို ဖြေရှင်းထားဖို့ အရေးကြီးပါတယ်။ ကိုယ့်လက်တွဲဖော်နဲ့ စကားပြောတာမျိုး၊ ကိုယ့်အတွင်းစိတ်ကို ပြန်ဆန်းစစ်တာမျိုး ပြုလုပ်နိုင်ပါတယ်။ သင့်ရဲ့ အတွင်းမလုံခြုံမှုက မိဘဖြစ်တည်မှုကို သက်ရောက်မှု မရှိစေရပါဘူး။

၅။ ပြောဆိုဆက်ဆံမှုမှာ ယဉ်ကျေးပါ

အရွယ်ရောက်နေသူတစ်ယောက်နဲ့ စကားပြောသလို ကလေးကို ပြောဆိုပေးပါ၊ သူတို့ကို လေးစားပါ၊ ယဉ်ကျေးပါ၊ မိဘတစ်ယောက်အနေနဲ့ သင်ဟာ သင့်ကလေးအတွက် ပထမဆုံးဆရာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို ဘယ်လို ပြောဆိုဆက်ဆံရမလဲ၊ ဘယ်လိုလုံ့ပြန်ရမလဲဆိုတာကို သင်ကြားပေးပါတယ်။ ကလေးက မိဘဆီကနေ စိတ်ခံစားမှုဆိုင်ရာ သင်ယူမှုအားလုံးကို ရယူပြီးနောက်ပိုင်းမှာ ပြန်အသုံးချပါတယ်။

၆။ ချစ်ခြင်းနှင့် ငြိမ်းချမ်းသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပါ

ကလေးတွေက အရာရာတိုင်းကို (ကောင်းတာရော၊ ဆိုးတာပါ) အညီအမျှ စုပ်ယူပါတယ်။ ထို့ကြောင့် သူတို့ လေ့လာစူးစမ်းဖို့အတွက် လုံခြုံပြီး အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပါ။

၇။ သင့်ကလေးကို သင်ဖြစ်စေလိုတဲ့ နည်းလမ်းအတိုင်း ပြုမှုပါ

ကလေးတွေဟာ မိဘပြောဆိုတဲ့အရာထက် မိဘလုပ်တဲ့အရာတွေကနေ သင်ယူကြပါတယ်။ ဒါ့ကြောင့် သူတို့ကို မပြောခင်မှာ သင့်ရဲ့အပြုအမှုတွေနဲ့ ပြပါ။ ကိုယ့်ရဲ့ လုပ်ရပ်နဲ့ စကားလုံးတွေက မကိုက်ညီဘူးဆိုရင် ဒါက ကလေးကို ရှုပ်ထွေးစေပါလိမ့်မယ်။ ဥပမာ- ကလေးကို မအော်စေချင်ဘူး၊ ဒါ့ကြောင့် ကိုယ်က အသံမြင့်ပြီး “မအော်နဲ့”လို့ ပြောလို့မရပါဘူး၊ ကလေးက “အမေကော ဘာ့ကြောင့် အော်တာလဲ လို့ ပြန်မေးပါလိမ့်မယ်။

၈။ နေ့စဉ်ပုံမှန်လုပ်နေကျတစ်ခု ဖန်တီးပါ

နေ့စဉ်လှုပ်ရှားမှုတွေအတွက် လုပ်ရိုးလုပ်စဉ်ထားရှိခြင်းဖြင့် ကလေးက ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို သိစေပါတယ်။ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ကို ကလေးဘဝကတည်းက သတ်မှတ်ပေးထားတဲ့အခါ သဘာဝအတိုင်း လိုက်လျှောက်ဖို့ ကူညီပေးပါတယ်။ သူတို့ဘဝမှာ လုပ်ရိုးလုပ်စဉ်ရှိရင် ကလေးတွေ လုံခြုံမှုရှိပါတယ်။

၉။ စာနာတတ်ပါ

သင့်ကလေးကို မတုံ့ပြန်ခင်မှာ ခဏနားပြီး “အခြေအနေတစ်ခုမှာ ကိုယ်က ကလေးနေရာမှာဆိုရင်ကော ဘယ်လိုပြုမှုမလဲ”ဆိုတာ စဉ်းစားပါ။ သင်စာနာမိလာတဲ့အခါ ကလေးက သင့်အားစယုံကြည်လာပြီး အကြံဉာဏ်တောင်းခံပါလိမ့်မယ်။

၁၀။ သူတို့ကို အကြွင်းမဲ့ချစ်ပါ

ကျွန်မတို့အားလုံးက ချစ်တာကို ခံလိုကြပါတယ်၊ ချစ်ခြင်းမေတ္တာက သူတို့ကို လုံခြုံစိတ်ချရတဲ့ ကွန်ယက်တစ်ခုပေးပါတယ်။ သူတို့ကို ယုံကြည်စိတ်ချမှု ရှိစေပါတယ်။ ကလေးတွေက မိဘတွေရဲ့ စိတ်ခံစားချက်တွေကို နားလည်တာကြောင့် မိဘစိတ်မကောင်းဘူးဆိုရင် သူတို့ ထိတ်လန့်ပါတယ်။

၁၁။ အိမ်အလုပ်တွေကို မျှလုပ်ခြင်း

သူတို့လုပ်နိုင်တဲ့ အိမ်မှုကိစ္စတွေကို လုပ်ခိုင်းခြင်းက ကလေးတွေမှာ တာဝန်ရရုံသာမက မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတဲ့ ခံစားချက်ကို ခံစားရစေပါတယ်။ အလုပ်တစ်ခုပြီးအောင်လုပ်တဲ့အခါ၊ သူတို့ကောင်းတာလုပ်တဲ့အခါ ကျေးဇူးတင်ကြောင်း ပြောပေးသင့်ပါတယ်။

၁၂။ ကလေးရဲ့ စွမ်းရည်တွေကို မြှင့်တင်ပါ

ကလေးတိုင်းမှာ စွမ်းရည်နဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ ဒီအလားအလာတွေကို ဖော်ထုတ်ပေးဖို့ လိုအပ်ပါတယ်။ကလေးတွေရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုပြီး ကျွမ်းကျင်အောင် ကူညီပါ။ စိတ်ဝင်စားမှုအမျိုးမျိုးကို ပျိုးထောင်ဖို့၊ သူတို့ကို ပြောဆိုဖို့ လှုံ့ဆော်ပေးပါ။ မိဘက ပံ့ပိုးပေးနေကြောင်း သိစေဖိုိ့ သူတို့ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ပေးပါ။

သတိနဲ့ယှဉ်သော မိဘအုပ်ထိန်းမှုအတွက် သိကောင်းစရာများ

ကျွန်မတို့ဟာ ပိုကောင်းတဲ့ မိဘတွေဖြစ်လာဖို့ အမြဲကြိုးစားနိုင်ပါတယ်။ အောက်ပါအကြံပေးချက်တွေက သတိနဲ့ယှဉ်သော မိဘအုပ်ထိန်းမှုကို အထောက်အကူပြုနိုင်ပါတယ်။

  • သင့်မျှော်လင့်ချက်တွေမှာ အကျိုးသင့်အကြောင်းသင့်ရှိပါ

ကိုယ့်မှာ မြင့်မားတဲ့ မျှော်လင့်ချက်တွေရှိတယ်ဆိုရင် ကလေးကို လုပ်ဆောင်ဖို့ ဖိအားပေးမိပါလိမ့်မယ်။ ကလေးအား သဘာဝအရ ကြီးပြင်းပေးပြီး အသက်အရွယ်အလိုက် သင့်တင့်လျောက်ပတ်တဲ့ targets မျိုးကို ပေးပါ။

  • အလေးအနက်ထားပါ

ကလေးရဲ့လုပ်ရပ်တွေ (သို့) ထင်မြင်ယူဆချက်တွေကို လှောင်ပြောင်တာ၊ ဝေဖန်တာမျိုး မလုပ်ပါနဲ့၊ ဒါက သူတို့ရဲ့ယုံကြည်မှုအပေါ် သက်ရောက်မှုရှိပါတယ်။ သူတို့နောက်တစ်ကြိမ်မှာ သူတို့အမြင်တွေ ပြောပြဖို့ ရပ်တန့်သွားနိုင်ပါတယ်။ အဲဒီအစား သူတို့ပြောတာကို နားထောင်ပေးပြီး တုံ့ပြန်ချက်ပေးပါ။

  • ခြေတစ်လှမ်းဆုတ်နေပါ

မိဘတွေအနေနဲ့ ကျွန်မတို့ဟာ ကလေးတွေရဲ့ဘဝကို ဝင်စွက်ဖက်လေ့ရှိပါတယ်။ ဒါက မိဘနဲ့ ကလေးကို ဝေးကွာသွားစေနိုင်ပါတယ်။ ကလေးရဲ့ အသက်အရွယ်အလိုက် သင့်လျော်တဲ့ နေရာ၊ ဆုံးဖြတ်ချက်ချတာကို ခွင့်ပြုပါ။ သူတို့ကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ပေးပြီး လိုအပ်ပါက လမ်းညွှန်ပါ။

  • တရားထိုင်ပါ၊ အနားယူပါ

တရားထိုင်ခြင်းက သင့်အတွင်းစိတ်နဲ့ connect လုပ်နိုင်ပြီး သင့်အာရုံတွေကို relaxes ဖြစ်စေပါတယ်။ စိတ် အေးချမ်းသွားတယ်ဆိုရင် ပိုပြီးစိတ်ရှည်လာနိုင်ပါတယ်။ သည်းခံတတ်လာပြီး ထိုအရည်အသွေးတွေက ကလေးတွေကို ကြင်နာစွာတုံ့ပြန်ဖို့ ကူညီပါလိမ့်မယ်။

သတိနဲ့ယှဉ်တဲ့ မိဘအုပ်ထိန်းမှုက သင့်ကို မိဘအုပ်ထိန်းမှုအပေါ် သင့်ရှုထောင့်ကို ပြောင်းလဲဖို့ တိုက်တွန်းပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်မတို့ သားသမီးတွေကို ပိုကောင်းတဲ့ပုဂ္ဂိုလ်တွေအဖြစ် ပြောင်းလဲဖို့ ကူညီပေးတဲ့အတွက် မိဘအုပ်ထိန်းခြင်းက အခွင့်ထူးတစ်ခုဖြစ်လို့ပါ။ သတိနဲ့ယှဉ်တဲ့ မိဘအုပ်ထိန်းမှုက ကလေးရဲ့ ကိုယ်၊ စိတ်၊နှလုံး ဖွံ့ဖြိုးတိုးတတ်စေဖို့ ကလေးနဲ့ သင့်အတွက်အကောင်းဆုံးပတ်ဝန်းကျင်ကို ပြင်ဆင်ပေးပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here