သားသမီးတွေကို ကတိမတည်တာက သူတို့ရဲ့စိတ်ကို ဘယ်လိုအဆိုးမြင်စိတ်တွေဝင်လာစေနိုင်သလဲ

0
3367
- Advertisement -

ရင်သွေးရတနာလေးတွေက မိဘတွေရဲ့ ကမ္ဘာကြီးလို့ဆိုလို့ရပါတယ်။ မိဘတွေဟာ ကလေးငယ်တွေကို “ကတိ” တွေလွယ်လွယ်ပေးပြီး လွယ်လွယ်ဘဲ ချိုးဖောက်တတ်/နေ ကြပါတယ်။ မတတ်သာလို့ချိုးဖောက်ရတယ်လို့ဆိုနိုင်ပေမယ့် ကလေးတွေရဲ့ အတွေးထဲမှာတော့ အဲ့ဒီလို မမြင်နိုင်သေးကြပါဘူး။ အဲဒီလို “ကတိ” တွေကို မတည်တာများတဲ့အခါ ကလေးတွေရဲ့ စိတ်ထဲ
ဘယ်လိုဆိုးဝါးတဲ့ အတွေးမျိုးတွေဝင်သွားနိုင်သလဲဆိုတာနဲ့ သူတို့ရဲ့ ကြီးပြင်းအရွယ်ရောက်လာပြီး မိသားစုဘဝကိုတည်ဆောက်တဲ့အချိန်ထိကို ဘယ်လိုဆိုးကျိုးတွေပါသွားနိုင်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

မိဘတွေအပေါ် အယုံအကြည် ကင်းမဲ့လာတတ်ကြပါတယ်

အလုပ်တွေမနားမနေကြိုးစားနေတာဟာ မိသားစုဘဝအတွက်၊ ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေကို ပြည့်ပြည့်စုံစုံထားနိုင်ဖို့ နဲ့ သူတို့တွေကြီးပြင်းလာကြမယ့်အချိန်မှာ ဘဝအတွက် ကောင်းမွန်တဲ့အထောက်အပံ့ကောင်းတွေပေးနိုင်ဖို့ဆိုတာ မှန်ပေမယ့်လည်း ကလေးငယ်တွေကတော့ မသိနိုင်ကြပါဘူး။ သူတို့တွေရဲ့ သိမြင်တွေးခေါ်တတ်တဲ့ ဉာဏ်စွမ်းရည်ဟာ အဲ့ဒီလောက်ထိ မရှိနိုင်သေးတာကိုလည်း မိဘတွေက မေ့လျော်နေကြပါတယ်။ မိဘတွရဲ့ နေ့စဉ်လူမှုပတ်ဝန်းကျင်မှာ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စတွေများမြောင်တာမှန်ပေမယ့် ကလေးငယ်တွေဟာ သူတို့ရဲ့မိဘတွေ ကတိပေးထားတဲ့အရာတွေကို မမေ့မလျော်မျှော်လင့်နေတတ်ကြပါတယ်။ တနင်္ဂနွေနေ့လိုအလုပ်ပိတ်ရက်မှာ ကစားကွင်းလိုက်ပို့မယ်လို့ ကတိပေးထားခဲ့ရင် သူတို့ဟာ တနင်္ဂနွေနေ့ကို ရောက်ဖို့ရာစိတ်စွဲနေကြပြီး သူတို့တွေ့ကြုံရမယ့် အတွေ့အကြုံသစ် ဒါမှမဟုတ် သူတို့နှစ်သက်တဲ့ကစားနည်းတွေကို ပြန်ကစားနိုင်ဖို့ကို အားခဲနေတတ်ကြပါတယ်။ ကိုယ်အရမ်းမျှော်လင့်ထားတာမျိုးဖြစ်မလာတဲ့အခါ ဘယ်လောက်ထိကို စိတ်ပျက်ဝမ်းနည်းစရာကောင်းတယ်ဆိုတာ မိဘတွေသိကြမှာပါ။ အဲ့ဒါဆို နုနယ်တဲ့ ကလေးတွေရဲ့ စိတ်ထဲမှာဆို ဘယ်လောက်ထိ ပိုမိုဆိုးဝါးသွားနိုင်တယ်ဆိုတာ ခန့်မှန်းလို့ရနိုင်မယ်ထင်ပါတယ်။ အစပိုင်းအခြေအနေမျိုးမှာဆိုရင်တော့ သူတို့ဟာ ဆူပူမယ်၊ အော်ဟစ်မယ်၊ ငိုကြွေးမယ်၊ စိတ်ကောက်မယ်။ ဒါဟာ သူတို့ရဲ့စိတ်အခြေအနေပုံမှန်ရှိသေးတာကိုဖော်ပြတာမို့ အထူးတလည် သတိထားစရာ အနေအထားမျိုးမဟုတ်ပေမယ့် ကတိပျက်တာများလာတဲ့အခါ သူတို့ဟာ ဘာခံစားချက်မှ မရှိတော့တာမျိုးကို တွေ့ရပါလိမ့်မယ်။ ဒါဟာ ကလေးငယ်တွေဟာ မိဘတွေအပေါ် အယုံအကြည်မရှိတော့တာကို ဖော်ပြနေတာဖြစ်ပြီး သူတို့ဟာ မိဘတွေက ဘာကတိတွေပေးပေး လိမ်နေတယ်လို့ဘဲ ထင်သွားတတ်ကြပါတော့တယ်။ ပိုပြီးဆိုးတာက မျှော်လင့်ထားတာတွေဖြစ်မလာတတ်တာကို စိတ်စွဲသွားကြရင် ကြီးပြင်းလာတဲ့အခါမှာ မျှော်လင့်ချက်မဲ့ အရှုံးသမားတစ်ယောက်လို့ ကိုယ့်ကိုကိုယ် ခံယူသွားတတ်ကြပါတယ်။

သူတို့စိတ်ထဲမှာ သူတို့ဟာ မိဘတွေအတွက် အရေးပါအရာရောက်တယ်လို့မတွေးကြတော့ပါဘူး

သူတို့ဟာလစ်လျူရှုခံရတယ်။ မိဘတွေဟာ သူတို့ကိုမချစ်ကြဘူး။ မိဘတွေအတွက် သူတို့ဟာ အရေးမပါဘူးလို့ခံစားသွားကြတဲ့အခါမှာတော့ မလိုအပ်တဲ့ ပြသနာတွေ တွေ့ကြုံလာရပါတော့တယ်။ ဆိုဆုံးမလို့ မရတော့တာ၊ စကားနားမထောင်တော့တာ၊ တဇွတ်ထိုးဆန်လာတာ ၊ ကိုယ်ချင်းစာနာစိတ်နည်းပါးလာတာကြောင့် မိဘနဲ့ သားသမီး ဆက်ဆံရေးဟာ နွေးထွေးပျော်ရွှင်စရာကောင်းတာမျိုးမရှိလာကြတော့ပါဘူး။ ဒါဟာ သူတို့ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေရဲ့ အကျိုးရလဒ်ဘဲဖြစ်ပါတယ်။ မိဘတွေက သူတို့ရဲ့ သူရဲကောင်းပါ။ ဒါပေမယ့် လိုအပ်တဲ့အချိန်မှာ ရှိမနေတတ်တဲ့ သူရဲကောင်းမျိုးကတော့ သူရဲကောင်းဖြစ်မလာနိုင်တော့ပါဘူး။ ဒါကြောင့် သားသမီးများကို ကတိလွယ်လွယ်မပေးကြပါနဲ့။ ပေးပြီးတဲ့ ကတိကိုလည်း ဖြစ်မြောက်အောင်ဆောင်ရွက်သင့်ပါတယ်။

သူတို့ကိုယ်တိုင်လည်း ကတိတွေကိုချိုးဖောက်ဖို့ ဝန်မလေးတတ်ကြတော့ပါဘူး

မိဘတွေဟာ သူတို့ရင်သွေးတွေရဲ့ စံပြပုဂ္ဂိုလ်တွေဘဲ ဖြစ်ပါတယ်။ အဲဒီလိုငယ်ဘဝက တွေ့ကြုံလာမှုတွေဟာ မသိမသာနဲ့ စိတ်ထဲစိမ့်ဝင်နေပြီးတော့ သူတို့ကြီးပြင်းအရွယ်ရောက်လာပြီး မိသားစုတစ်စုကိုပိုင်ဆိုင်လာတဲ့အခါမျိုးမှာတော့ ငယ်ဘဝရဲ့ စိတ်ဒဏ်ရာမျိုးတွေဟာ တစ်ဖန်ပြန်ပေါ်လာတတ်ပါတယ်။ သူတို့ရဲ့ သားသမီးအပေါ်စိတ်ရှည်သည်းခံမှု မရှိတော့တာမျိုး၊ ကလေးငယ်တွေရဲ့ စိတ်ကိုနားလည်မပေးနိုင်တာမျိုးက သူတို့ရဲ့မိသားစုဘဝကို ပျော်ရွှင်စရာဖြစ်မလာနိုင်တော့တဲ့အတွက် ကလေးငယ်တွေကို မတည်နိုင်တဲ့ကတိတွေပေးပြီး သူတို့ရဲ့အနာဂတ်ကို ဆိုးဝါးသွားအောင်မလုပ်မိဖို့ ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref- Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here