သားသမီးတွေကို စာအုပ်ဖတ်ပြတော့မယ်ဆိုတိုင်း ပြန်လည်သတိရသင့်တဲ့ အချက်များ

0
338
- Advertisement -

အရွယ်ရောက်လာတဲ့အခါ ဥာဏ်ရည်ထက်မြက်ပြီး ဗဟုသုတကြွယ်ဝတဲ့ လူတစ်ဦးဖြစ်စေဖို့အတွက် ငယ်စဥ်ကတည်းက စာအမြဲဖတ်တတ်တဲ့ စာဂျပိုးလေးဖြစ်အောင် သားသမီးတွေကို ထိန်းကျောင်းပေးထားဖို့လိုအပ်ပါတယ်။ သူတို့လေးတွေ ငယ်စဥ်ကတည်းက အမြဲမပြတ် အတူတူစာဖတ်ခြင်းက မိဘနဲ့အတူအချိန်ကုန်ဆုံးနိုင်သလို စာဖတ်ခြင်းက အင်မတန်ကောင်းပြီး စိတ်ကျေနပ်စရာကောင်းတဲ့ အလေ့အကျင့်တစ်ခုပဲဆိုတာကို သူတို့လေးတွေ ခံစားတတ်အောင် သင်ကြားပေးရာလည်းရောက်ပါတယ်။

• သင်ရော သင့်ကလေးရောပါ စာဖတ်နေစဥ်တစ်လျှောက်လုံး သက်သောင့်သက်သာရှိဖို့အတွက် စောစောစီးစီးကတည်းက သေချာထိုင်ပါ။ စာအုပ်ဖတ်နေစဥ်မှာလည်း စာအုပ်ထဲက ပုံတွေကို သေချာမြင်အောင်ပြပါ။
• စာအုပ်ဖတ်မပြခင် သူတို့ငြိမ်သွားပြီး အဆင်သင့်ဖြစ်တဲ့အထိ မိနစ်အနည်းငယ်လောက် ခဏစောင့်ပေးပါ။
• စာအုပ်ဖတ်ပြတဲ့အခါ စိတ်ခံစားချက်အပြည့်နဲ့ နားထောင်ဖို့က အရေးကြီးတာကြောင့် သူတို့လေးတွေ စိတ်ပါဝင်စားအောင် အမူအယာအမျိုးမျိုး၊ လေသံအမျိုးမျိုးပြောင်းပြီး ဖတ်ပြပါ။
• စိတ်အားထက်သန်မှုရှိရှိနဲ့ ဖတ်ပြပါ။ ဖတ်ပြနေတဲ့ ကိုယ်က စာအုပ်ကိုမကြိုက်တဲ့ပုံပေါက်နေမယ်ဆိုရင် ကလေးအတွက် ပိုပျင်းစရာကောင်းသွားပါလိမ့်မယ်။
• ကိုယ်စာအုပ်ဖတ်ပြနေတဲ့အတောအတွင်း ကလေးရဲ့အာရုံက ရုပ်ပုံတွေဆီမှာပဲ ရှိနေလို့မဖြစ်ပါဘူး။ စကားလုံးတွေကို အာရုံစူးစိုက်မှုရှိစေဖို့အတွက် သူတို့နဲ့အတူတူ ဖတ်ပါ။

စာအုပ်မဖတ်ခင်

- Advertisement -

• စာအုပ်အဖုံးကိုပြပြီး ဒီစာအုပ်ရဲ့ခေါင်းစဥ်ကဘာဖြစ်မလဲ၊ ဘယ်လိုဇာတ်လမ်းလေး ဖြစ်နိုင်မယ်ထင်လဲဆိုတာကို မေးကြည့်ပါ။
• စာအုပ်ခေါင်းစဥ်နဲ့ပတ်သက်ပြီး သူတို့သိထားတာလေးတွေကို ဆွေးနွေးပါ။
• ကလေးကငယ်သေးတယ်ဆိုရင် ပုံပြင်အနေအထား၊ ဇာတ်ကောင်တွေနဲ့ ဘယ်လိုနေရာမှာ ဇာတ်အိမ်ကိုတည်ဆောက်ထားလဲဆိုတာကို ပြောပြပါ။ အရွယ်အနည်းငယ်ကြီးတဲ့ ကလေးတွေဆိုရင်တော့ ဒီဇာတ်လမ်းက ဘယ်လိုအမျိုးအစားလဲဆိုတာနဲ့ပတ်သက်လို့ စကားပြောပါ။
• စာအုပ်မဖတ်ပြခင်ကတည်းက ဘာလို့ဖတ်ပြရတာလဲဆိုတဲ့အကြောင်းပြချက်ကို သေချာချပါ။ ဥပမာပြောရမယ်ဆိုရင် “အခုစာအုပ်ဖတ်ပြတော့မယ်နော်၊ စာအုပ်ဖတ်ပြနေတုန်း သေချာနားထောင်ပြီးတော့ ဇာတ်လမ်းလေးဘယ်လိုဖြစ်သွားလဲဆိုတာကို ပြန်မေးကြည့်မယ်” စသဖြင့် အရင်ပြောပါ။
စာအုပ်ဖတ်နေစဥ်အတောအတွင်း

• စာအုပ်ဖတ်ပြနေရင်းနဲ့ သူတို့လေးတွေ မကြားဖူး၊ မသိသေးတဲ့ စကားလုံးတွေပါလာပြီဆိုရင် ဘာအဓိပ္ပာယ်ရှိလဲဆိုတာကို ခဏရပ်ပြီး ရှင်းပြပါ။
• ဇာတ်လမ်းတစ်ဝက်လောက်ရောက်ရင် ဆက်မသွားသေးဘဲနဲ့ ဘယ်လိုဆက်ဖြစ်မယ်ထင်လဲဆိုပြီး မေးခွန်းလေးတွေထုတ်ကြည့်ပါ။
• သူတို့မေးသမျှ မေးခွန်းလေးတွေကို လျစ်လျူရှုတာ၊ မဖြေလိုက်တာမျိုး မလုပ်ဘဲ စိတ်ရှည်ရှည်နဲ့ဖြေပေးပါ။
• ရုပ်ပုံတွေကိုလည်း ပြပြီးတော့ ဇာတ်လမ်းနဲ့ဘယ်လိုဆက်စပ်နေလဲဆိုတာကို ဆွေးနွေးပါ။
• အခါအားလျော်စွာ စာအုပ်ဖတ်ပြတာကို ခဏရပ်ပြီးတော့ သူတို့နားမလည်တာ၊ မှားပြီးသိလိုက်တာမျိုးရှိတယ်ဆိုရင် ပြန်လည်ရှင်းပြတာ လုပ်ပေးပါ။

စာအုပ်ဖတ်ပြီးနောက်

• စာအုပ်တစ်အုပ်လုံး ဖတ်ပြပြီးပြီဆိုရင် စာဖတ်လိုက်ခြင်းနဲ့ပတ်သက်လို့ ဘယ်လိုလဲဆိုပြီးတော့ သူတို့ရဲ့အတွေးအမြင်ကို ပြန်လည်စဥ်းစားသုံးသပ်ဖို့ အချိန်ပေးပါ။ သူတို့ရဲ့ အကြိုက်ဆုံးအပိုင်းကို ပြန်ပြောခိုင်းပြီး ဘာလို့အဲ့ဒီ့အခန်းကို ကြိုက်ရတာလည်းဆိုပြီး အကြောင်းအရင်းပြောပြခိုင်းပါ။
• ဇာတ်လမ်းကဘာလို့ ဒီလိုဖြစ်လာရတာလဲ၊ ဇာတ်ကောင်တွေကရော ဘာလို့ဒီလိုပြုမူကြတာလဲ၊ အကယ်လို့ သူသာ ဒီလိုအခြေအနေကြုံတွေ့လာရမယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ မေးခွန်းလေးတွေ မေးပါ။
• ပုံပြင်ဇာတ်လမ်းနဲ့ သူတို့လေးတွေရဲ့ လက်ရှိဘဝကို ဆက်စပ်ကြည့်နိုင်အောင် ကူညီပေးပါ။ ဥပမာ – ဒီဇာတ်လမ်းလေးထဲက ကောင်မလေးလို သမီး/သား ခံစားခဲ့ဖူးလား။ ဘယ်လိုခံစားရလဲ။ ဘာလုပ်ခဲ့လဲ စသဖြင့် မေးကြည့်ပါ။

#Chit_May_May

#Thinzar

Ref- raisesmartkid

LEAVE A REPLY

Please enter your comment!
Please enter your name here