ဒီနေ့လို အရာအားလုံးကြပ်တည်းနေတဲ့ ခေတ်ကြီးမှာ အိမ်မှာရှိတဲ့ အရွယ်ရောက်ပြီးသား မိသားစုဝင်တွေအကုန် အလုပ်လုပ်ကိုင်ကြတယ်ဆိုရင်တောင်မှ တချို့အရာတွေကို ဖြေရှင်းဖို့မတတ်နိုင်ကြပါဘူး။ ဒါကြောင့်မို့ ကိုယ့်ရင်သွေး ကလေးငယ်အားလုံးကို အချိန်ပေးပြုစုပျိုးထောင်နိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။ အိမ်မှာရှိတဲ့ အဘိုးအဘွား ဒါမှမဟုတ် သူတို့ အကိုအမ
တွေကိုဘဲ ကြည့်ရှုစောင့်ရှောက်ပေးဖို့ ခွင့်ပြုထားရပါတယ်။
အတုယူနိုင်မယ့် အကျင့်စရိုက်ကောင်းတွေရှိရပါမယ်

အကုန်လုံးနီးပါးမဟုတ်ရင်တောင် အငယ်တွေတော်တော်များများက သူတို့ရဲ့ အကိုကြီး၊ အမကြီးတွေရဲ့ပုံစံကို လိုက်လံအတုခိုးလေ့ရှိပါတယ်။ ဒါကြောင့်မို့ သားကြီး၊ သမီးကြီးတွေကို စံနမူနာမျိုးပြုစုပျိုးထောင်လိုက်တာက သူတို့အောက်က ညီငယ်၊ ညီမငယ်တွေကိုပါ ပြုစုပျိုးထောင်လိုက်တာနဲ့ အတူတူဘဲဖြစ်ပါတယ်။ သင်တို့ရဲ့ သားကြီး၊ သမီးကြီးတွေက ညီငယ်၊ ညီမငယ်တွေကို စိတ်ရှည်သည်းခံစေချင်ရင် မိဘတွေကိုယ်တိုင်က သားကြီး၊သမီးကြီးကို စိတ်ရှည်သည်းခံစွာပြုစုစောင့်ရှောက်ရပါမယ်။ ယုယကြင်နာစွာဆက်ဆံခြင်း၊ ချိုသာပျော့ပြောင်းစွာ ပြုမူပြောဆိုခြင်း စတာတွေကို သားကြီး၊ သမီးကြီးကို ပြုစုစောင့်ရှောက်တဲ့အချိန်မှာ ကျင့်သုံးထားပါက သူတို့ရဲ့ ညီငယ်၊ ညီမငယ်တွေအပေါ်လည်း အဲဒီ့အကျိုးသက်ရောက်မှုကောင်းတွေ ရရှိစေနိုင်ပါတယ်။
အပြုသဘောဆောင်တဲ့ စံပြပြုမူပြောဆိုပုံမျိုးက ကလေးငယ်တွေရဲ့ တစ်သက်တာလုံးအကျင့်စရိုက်ကောင်းတွေ ဖြစ်စေနိုင်ပါတယ်

မိဘအများစုဟာ သူတို့ရဲ့ ကလေးငယ်တွေကို မိသားစုအတွင်းမှာရော၊ မိသားစုပြင်ပလူမှုဆက်ဆံရေးနယ်ပယ်မှာရော အကျင့်စရိုက်ကောင်းတွေရှိစေချင်ကြပါတယ်။ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ ဆန္ဒရှိကြပါတယ်။ ဒီလိုကောင်းမွန်တဲ့ အကျင့်စရိုက်ကောင်းတွေကို စကားနဲ့ သွန်သင်ဆုံးမတာမျိုးက လုံလောက်တဲ့ အနေအထားမျိုးမဖြစ်စေနိုင်ပါဘူး။ ဒါကြောင့်မို့ မိဘတွေကိုယ်တိုင်ကလည်း စံပြပုံစံမျိုးဖြစ်နေစေဖို့လိုအပ်ပါတယ်။ မိဘတွေရည်ရွယ်ချက်ရှိရှိ စံနမူနာပြလို့ရတဲ့ အရာတွေကတော့ ရိုးသားခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်း၊ သနားကရုဏာစိတ်ရှိခြင်း၊ စာနာနားလည်တတ်ခြင်း၊ ယုံကြည်မှုပေးတတ်ခြင်း စသည်တို့ဘဲဖြစ်ပါတယ်။
မိသားစုအတွင်း အပြုသဘောဆောင်တဲ့ အတွေးအခေါ်များထားရှိပါ

မိသားစုအတွင်းဖြစ်စေ၊ ပြင်ပလူမှုဆက်ဆံရေးမှာဖြစ်စေ မကောင်းတဲ့ အယူအဆတွေ၊ အပြုအမူတွေကို ကြုံတွေ့လာနိုင်ပါတယ်။ ဒီလိုအနေအထားမျိုးမှာဆို အပြစ်တင်ပြောဆိုတာထက် ကောင်းတဲ့အပြုအမူမျိုးကို ဘယ်လိုပြုပြင်ပြောင်းလဲရမယ်ဆိုတာက ပိုအရေးကြီးပါတယ်။ လူတိုင်းဟာ အမှားနဲ့မကင်းကြတာကို မမေ့ဖို့လိုပါတယ်။ ကိုယ့်ရဲ့ မှားယွင်းမှုတွေအတွက် တာဝန်ခံရဲတဲ့စိတ်နဲ့ မကောင်းတဲ့အပြုအမူအတွက် တောင်းပန်ရဲဖို့ လေ့ကျင့်သင်ကြားပေးတာက အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဘဲဖြစ်ပါတယ်။
သင့်ကလေးငယ်တွေကြား မိသားစုစိတ်ဓါတ်ကိုမွေးမြူပေးပါ

ညီအကိုမောင်နှမချင်း စိတ်ဝမ်းမကွဲအောင်၊ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်တွယ်တာမှုရှိအောင် တစ်ယောက်ယောက်ကို ဦးစားပေးတဲ့ အပြုအမူမျိုးကိုရှောင်ရှားပေးပါ။ တန်းတူညီတူချစ်ခင်ကြင်နာပေးပါ။ အချင်းချင်းချစ်ခင်ကြင်နာသော အပြုအမူများအတွက် ချီးကျူးပြောဆိုမှုများပြုလုပ်ပေးပါ။ ဒီလိုလုပ်ဆောင်ပေးခြင်းအားဖြင့် သင့်ကလေးငယ်အချင်းချင်းကြား မိသားစုစိတ်ဓါတ်တွေကိန်းအောင်းလာစေနိုင်ပါတယ်။
မိသားစုအတွင်းမှာ သားကြီး၊ သမီးကြီးတွေ လိမ္မာသိတတ်တာက မိသားစုအတွက် တကယ့်ကို အားအင်တစ်ခုပါဘဲ။ စံနမူနာယူနိုင်တဲ့သားကြီး၊ သမီးကြီးမျိုးပိုင်ဆိုင်နိုင်ဖို့ မှန်ကန်တဲ့ဆုံးမသွန်သင်မှုမျိုးနဲ့ ထိန်းကျောင်းနိုင်ကြပါစေလို့ တွေ့မြင်မိသလောက်ဖော်ပြပေးလိုက်ပါတယ်။
#Chit_may_may
#Dmo_aung
#Ref-verywellfamily