သားသားမီးမီးတို့ကို မဖြစ်မနေပြောပြထားသင့်တဲ့ ပညာပေးပုံပြင်များ

0
848
- Advertisement -

သားသားမီးမီးတို့ ညမအိပ်ခင်အချိန်အခိုက်အတန့်လေးမှာ ပုံပြင်ပြောပြဖို့ဆိုတာက မိဘတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ ဘယ်လိုပုံပြင်မျိုးကို ပြောပြရမလဲဆိုတာ သေသေချာချာရွေးချယ်သင့်ပြီး သားသားမီးမီးတို့အတွက် ပျော်ရွှင်စရာတစ်ခုခု ပေးစွမ်းဖို့၊ အသိဥာဏ်ဗဟုသုတတစ်ခုခုပေးစွမ်းနိုင်ဖို့နဲ့ သင်ခန်းစာတွေပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မရိုးနိုင်တဲ့ပုံပြင်တွေကို ပြောပြရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ သားသားမီးမီးတို့ ငယ်ရွယ်စဥ်မှာ မဖြစ်မနေပြောပြထားသင့်တဲ့ ပညာပေးပုံပြင်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ယုန်နဲ့လိပ်

ယုန်နဲ့လိပ်ပုံပြင်ကတော့ တိရိစ္ဆာန်နှစ်ကောင်ရဲ့ ဇာတ်လမ်းတစ်ခုသာဖြစ်ပေမယ့် ကမ္ဘာကျော်ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့ပြီး လူတိုင်းရဲ့ဘဝမှာ မပျင်းရိဖို့အတွက် ကြီးမားတဲ့သင်ခန်းစာတွေ ပေးစွမ်းခဲ့တဲ့ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဒီပုံပြင်မှာ အပြေးမြန်တဲ့ယုန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေပြီး ကမ္ဘာ့အနှေးဆုံးလို့ဆိုရမယ့် လိပ်ကို ချိုးချိုးနှိမ်နှိမ်ပြောပြီး အပြေးပြိုင်ခဲ့ပါတယ်။ နဂိုတည်းကမှ အပြေးမြန်တဲ့ယုန်က လိပ်ထက်အဆပေါင်းများစွာ မြန်အောင်ပြေးခဲ့ပြီး ပန်းတိုင်ကိုမြင်နေရတဲ့အချိန်မှ အပျင်းကြီးပြီးတစ်ရေးအိပ်ခဲ့တာကြောင့် လိပ်ကိုရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီပုံပြင်လေးရဲ့ အနှစ်ချုပ်ကတော့ သူတစ်ပါးရဲ့ စွမ်းဆောင်ရည်နဲ့ဗီဇကို အထင်မသေးသင့်ဘဲ ပန်းမဝင်ခင် တက်မ, မထောင်ဖို့ သင်ခန်းစာကောင်းတစ်ရပ်ကို ပေးစွမ်းခဲ့ပါတယ်။

- Advertisement -

၂။ ကျီးကန်းနဲ့မြေခွေး

ဒီပုံပြင်လေးမှာတော့ အရသာရှိတဲ့ဒိန်ခဲတစ်တုံးကို ကိုက်ချီလာတဲ့ ကျီးကန်းတစ်ကောင်ကို ကောက်ကျစ်တဲ့မြေခွေးက တွေ့လိုက်တဲ့အခါမှာ ကျီးကန်းပါးစပ်ထဲကဒိန်ခဲကို မြေခွေးကလိုချင်တာကြောင့် ဥာဏ်နီဥာဏ်နက်ထုတ်ပါတယ်။ အဲ့ဒီနောက်မှာတော့ မြေခွေးက သစ်ကိုင်းပေါ်ထိုင်နေတဲ့ ကျီးကန်းအောက်ကိုသွားပြီး ကျီးကန်းရဲ့အသံကအရမ်းကောင်းကြောင်း၊ ကျီးကန်းကသာ သီချင်းဆိုပြရင် သဘောကျမိမှာဖြစ်တဲ့အကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။ မြေခွေးက ဒီစကားတွေကို ကောက်ကျစ်တဲ့အကြံဥာဏ်နဲ့ ပြောတာဖြစ်ပေမယ့် ဒီမဟုတ်မမှန်တဲ့စကားတွေအပေါ် ယုံစားမိတဲ့ ကျီးကန်းက သစ်ကိုင်းပေါ်ကနေ သီချင်းအော်ဆိုလိုက်တာကြောင့် သူ့ပါးစပ်မှာကိုက်ချီထားတဲ့ဒိန်ခဲက မြေခွေးရှိနေတဲ့ မြေကြီးပေါ်ကိုကျသွားပြီး မြေခွေးက အဲ့ဒီဒိန်ခဲတုံးကို လွယ်လွယ်ကူကူနဲ့ ရယူသွားခဲ့ပါတယ်။ ဒီပုံပြင်ရဲ့သင်ခန်းစာကတော့ မဟုတ်မမှန်တဲ့ ချီးမြှင့်မြောက်စားမှုတွေကြားထဲမှာ မသာယာသွားဖို့ဆိုတာပါပဲ။

၃။ တစ်နေ့ကို ရွှေဥတစ်လုံးဥပေးနေတဲ့ငန်း

ဒီပုံပြင်လေးထဲက လင်မယားနှစ်ယောက်ဟာ နေ့တိုင်းနေ့တိုင်း ရွှေဥတစ်လုံးစီဥပေးနေတဲ့ ငန်းတစ်ကောင်ကို ပိုင်ဆိုင်ထားကြပါတယ်။ ဒီလိုနဲ့ပဲအချိန်တွေကြာလာတာနဲ့အမျှ ဒီလင်မယားဟာ တစ်နေ့တစ်ခြား ချမ်းသာလာပြီး နောက်ဆုံးမှာတော့ ဒီငန်းကိုသတ်ပြီး ရှိသမျှရွှေဥအားလုံးကို ရယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် သူတို့လင်မယားက ဒီငန်းကိုသတ်လိုက်ပြီးနောက်မှာတော့ ဒီငန်းရဲ့ဗိုက်ထဲမှာ ဘာရွှေဥမှမရှိဘဲ တခြားငန်းတွေနဲ့အတူတူလိုအနေအထားပဲရှိတော့တာပါ။ ဒီပုံပြင်လေးရဲ့သင်ခန်းစာကတော့ လောဘမကြီးဖို့နဲ့ စိတ်ရှည်သည်းခံဖို့ဆိုတဲ့ အချက်ပါပဲ။

၄။ မြေခွေးနဲ့စပျစ်သီး

ပူပြင်းတဲ့နေ့လယ်ခင်းတစ်ခုမှာ ရေငတ်နေတဲ့ မြေခွေးတစ်ကောင်က လမ်းလျှောက်လာပြီး တစ်နေရာအရောက်မှာ စပျစ်သီးတွေ တွဲလောင်းကျနေတဲ့ စပျစ်ပင်နားကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီစပျစ်သီးတွေရှိနေတဲ့သစ်ကိုင်းက အရမ်းကိုမြင့်မားလွန်းတာကြောင့် မြေခွေးအနေနဲ့ အကြိမ်ကြိမ်ခုန်ပြီးခူးဆွတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ မြေခွေးကလက်လျှော့လိုက်ပြီး ဒီစပျစ်သီးတွေက အရမ်းကိုချဥ်လွန်းတယ်လို့ မဟုတ်မမှန်စကားတွေကို အရပ်တကာဖြန့်ဝေခဲ့ပါတယ်။ ဒီပုံပြင်လေးရဲ့သင်ခန်းစာကတော့ လူတွေဟာ သူတို့မရနိုင်တဲ့ အရာတွေကို မကောင်းပြောတတ်ပြီး သားသားမီးမီးတို့အရွယ်ရောက်လာခဲ့ရင် ဒီလိုလူမျိုးတွေနဲ့ ဝေးဝေးရှောင်သင့်တယ်ဆိုတဲ့ သင်ခန်းစာရရှိမှာဖြစ်ပါတယ်။

၅။ ခြင်္သေ့နဲ့ကြွက်

တစ်နေ့မှာတော့ ကြွက်တစ်ကောင်ဟာ အိပ်ပျော်နေတဲ့ ခြင်္သေ့တစ်ကောင်ကို သွားနှောင့်ယှက်မိတာကြောင့် ခြင်္သေ့က ဒေါသထွက်ပြီး အဲ့ဒီကြွက်ကို စားမယ်၊ ဝါးမယ်လုပ်ပေမယ့် ကြွက်က သူ့ကိုသာအသက်ချမ်းသာပေးမယ်ဆိုရင် တစ်နေ့နေ့မှာ ဒီကျေးဇူးကို သေချာပေါက်ပြန်ဆပ်ပါမယ်လို့ ကတိပေးခဲ့တာကြောင့် ခြင်္သေ့ကလည်း ကြွက်ကို အသက်ချမ်းသာပေးခဲ့ပါတယ်။ နောက်ထပ်ရက်အနည်းငယ်အကြာမှာတော့ ခြင်္သေ့ကြီးဟာ ပိုက်ကွန်မှာဖမ်းမိနေပြီး သူ့ရဲ့ဟိန်းဟောက်သံနဲ့ငိုကြွေးသံကြောင့် ကြွက်က ခြင်္သေ့ကြီးရှိရာဆီ ရောက်လာကာ ခြင်္သေ့ကြီးကို ဖမ်းမိထားတဲ့ ပိုက်ကွန်ကို သူ့ရဲ့သွားတွေနဲ့ ကိုက်ဖြတ်ပြီး ခြင်္သေ့ကြီးကို ကယ်ဆယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ခြင်္သေ့နဲ့ကြွက်တို့ဟာ သူငယ်ချင်းကောင်းတွေဖြစ်သွားကြပြီး သေတပန်သက်တဆုံး သူငယ်ချင်းကောင်းတွေအဖြစ် အတူတကွ နေထိုင်သွားကြပါတော့တယ်။ ဒီပုံပြင်လေးရဲ့ သင်ခန်းစာကတော့ ကျေးဇူးတရားကို မမေ့မလျော့ဘဲ အခွင့်အခါရတဲ့အချိန်မှာ သေချာပေါက် ပြန်ဆပ်သင့်တယ်ဆိုတာပါပဲ။

ဒီနေ့ခေတ်အခါကြီးမှာ စမတ်ဖုန်းတွေ အင်မတန်ပေါများလာခဲ့ပေမယ့် ဖေဖေမေမေတို့အနေနဲ့ ဒီလိုမျိုးပညာပေးပုံပြင်ကောင်းလေးတွေကိုလည်း သားသားမီးမီးတို့ဆီ မဖြစ်မနေ ပြောကြားသင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်နော်။
#HM
#ChitMayMay
Source: magforwomen
Chit May May မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here