သားသားမီးမီးတို့ကို မူကြိုမပို့ခင် သင်ကြားပေးထားသင့်တဲ့အရာများ

0
740
- Advertisement -

“လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယမိနဲ့ဖ” ဆိုတဲ့စကားအတိုင်းပါပဲ။ သားသားမီးမီးတို့ကို မူကြိုနဲ့ကျောင်းတွေက ပညာသင်ကြားပေးမယ်ဆိုပေမယ့် ချစ်မေမေတို့ကလည်း ကိုယ့်ရဲ့ ရင်နှစ်သည်းချာရင်သွေးရတနာလေးတွေကို ဘဝအတွက်လိုအပ်တဲ့အရာတွေနဲ့ ပတ်သက်လို့ ငယ်ငယ်တည်းက ဖြည်းဖြည်းချင်း သင်ကြားပေးထားသင့်ပါတယ်။ အဲ့ဒါကြောင့် သားသားမီးမီးတို့ကို မူကြိုမပို့ခင် သင်ကြားပေးထားသင့်တဲ့အကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဝေါဟာရများ။

အခြားသောကလေးငယ်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေအတွက် အခက်အခဲမရှိဘဲ အဆင်ပြေချောမွေ့နေဖို့အတွက် လိုအပ်တဲ့စကားလုံးအသုံးအနှုန်းတွေကို သင်ကြားပေးထားသင့်ပြီး ဘယ်စကားကိုတော့ ပြောသင့်တယ်၊ ဘယ်လိုမျိုးအသုံးအနှုန်းကိုတော့ ရှောင်ကြဉ်သင့်တယ်ဆိုတဲ့ အသိတွေကို ရိုက်သွင်းပေးထားသင့်ပါတယ်။ မူလတန်း၊ အလယ်တန်းနဲ့အထက်တန်းကျောင်းတွေရဲ့ အခြေခံက မူကြိုဖြစ်တယ်ဆိုရင် မူကြိုရဲ့အခြေခံက ချစ်မေမေတို့ သင်ကြားပေးလိုက်တဲ့အရာတွေပဲဖြစ်ပါတယ်။

- Advertisement -

၂။ ကိုယ့်ကိုယ်ကိုယ် အတန်အသင့်ထိန်းချုပ်တတ်ပါစေ။

ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေက အဲ့ဒီအချိန်မှာ ငယ်ရွယ်လွန်းသေးတာကြောင့် သူတို့ကိုယ် သူတို့ ထိန်းချုပ်နိုင်ဖို့ ခက်ခဲပါတယ်။ သူတို့လေးတွေက ခေါင်းမာလွန်းတာမျိုး ဒါမှမဟုတ် အင်မတန်ချွဲပြီး တွယ်ကပ်တတ်တာမျိုးတွေ လုပ်နေတယ်ဆိုရင် ကိုယ့်မျက်စိအောက်မှာ မဟုတ်တဲ့ မူကြိုမှာ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ အဲ့ဒါကြောင့် သူတို့ကိုယ်သူတို့ သင့်တော်တဲ့ထိန်းချုပ်မှုမျိုးပြုလုပ်နိုင်အောင် သင်ကြားပေးသင့်ပြီး ဒါကခက်ခဲတဲ့အရာဆိုပေမယ့် ဒီအတိုင်းလည်း ပစ်ထားလို့မရတာကြောင့် အသက်အရွယ်ကိုလိုက်ပြီး အဆင့်ဆင့်သင်ကြားပေးသွားရမှာပါ။

၃။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တတ်အောင် သင်ကြားပေးပါ။

အသက်ငယ်သေးတဲ့ သားသားမီးမီးတို့အနေနဲ့ သူတို့ကိုယ်သူတို့ ဂရုစိုက်နိုင်ဖို့က ခဲယဉ်းပါတယ်။ မူကြိုကျောင်းမှာ ဆရာ၊ ဆရာမတွေက ဂရုစိုက်ပေးတယ်ဆိုပေမယ့် အများနဲ့တစ်ယောက်ဖြစ်နေတဲ့အခါမျိုးတွေမှာ ဆရာ၊ ဆရာမတွေအတွက်လည်း အခက်အခဲရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် အိမ်သာတက်ပြီး ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းရေးလုပ်တတ်အောင်၊ ထမင်းနဲ့အစားအသောက်တွေကို ကိုယ့်ဘာကိုယ်စားတတ်အောင် အစရှိတဲ့ကိစ္စရပ်တွေကို ကိုယ်ကိုယ်တိုင် လုပ်ဆောင်တတ်အောင် ချစ်မေမေတို့က သင်ကြားပေးထားရမှာပါ။ ဒီအချက်ကလည်း မူကြိုမတက်ခင် သားသားမီးမီးတို့အတွက် အင်မတန်မှ အရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။

၄။ သတ်မှတ်ချိန်အတိုင်း ဆောင်ရွက်နိုင်အောင် သင်ကြားပေးပါ။

ဘယ်အချိန်မှာ စာသင်မယ်၊ ဘယ်အချိန်မှာ ထမင်းစားမယ်၊ ကစားမယ်၊ အိပ်စက်အနားယူမယ်ဆိုတာကို မူကြိုကျောင်းတွေက သတ်မှတ်ပေးထားပါတယ်။ ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေအနေနဲ့ အဲ့ဒီအတိုင်း လိုက်ပါဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ တစ်ဖက်ကကြည့်ရင်လည်း မူကြိုဆိုတာက ကျောင်းပျော်ဖို့ထားတယ်ဆိုပေမယ့် သားသားမီးမီးတို့အနေနဲ့ အဲ့ဒီအရွယ်တည်းက အချိန်နဲ့အတူ အလုပ်လုပ်တတ်တဲ့အကျင့်ရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒါမှပဲ ရှေ့ဆက်လျှောက်ရမယ့်ဘဝရဲ့ လက်ကျန်ခရီးလမ်းတွေကို အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ လျှောက်လှမ်းနိုင်မှာပါ။

၅။ အကျင့်ကောင်းတွေကို သင်ကြားပေးပါ။

သားသားမီးမီးတို့အနေနဲ့ လူကြားသူကြားထဲရောက်သွားတဲ့အခါမှာ လိုအပ်တဲ့နှုတ်ခွန်းဆက်စကားတွေကို ပြောဆိုနိုင်ဖို့ လိုအပ်သလို အမှားလုပ်မိတဲ့အခါမှာ ဆောရီး၊ ကိုယ့်အတွက် ကောင်းတာတစ်ခုခုလုပ်ပေးတဲ့သူကို ကျေးဇူးတင်စကား အစရှိတာတွေကိုပြောတတ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အများနဲ့ပူးပေါင်းဆောင်ရွက်တတ်တဲ့အကျင့်ကောင်းတစ်ခုရှိဖို့လည်း လိုအပ်ပြီး အဲ့ဒါမှလည်း လူဝင်ဆံ့ပြီး ကောင်းမွန်တဲ့ပေါင်းသင်းဆက်ဆံရေးကို ရရှိနိုင်မှာပါ။

၆။ မျှဝေခြင်းရဲ့ သဘောသဘာဝကို သင်ကြားပေးပါ။

သားသားမီးမီးတို့အနေနဲ့ သူတို့ရဲ့အရုပ်ကို အခြားသူတွေဆီ မျှဝေပြီး အတူတူဆော့ကစားနိုင်ဖို့ လိုအပ်ပါတယ်။ အများအားဖြင့် အဲ့ဒီအရွယ်နဲ့ သားသားမီးမီးလေးတွေက သူတို့ရဲ့အရုပ်ကို သူများကို မပေးချင်တာ၊ သူများရဲ့အရုပ်ကို ကိုယ်ပိုင်ပစ္စည်းအဖြစ် ယူပြီး ဆော့ကစားချင်တာမျိုးတွေက သဘာဝပါ။ ဒါပေမယ့် အဲ့ဒီအကျင့်ကို ပြင်လို့ရအောင် ဖြည်းဖြည်းချင်းနားဝင်အောင် သင်ကြားပေးသင့်ပြီး အဲ့ဒီလိုမျိုး မသင်ကြားပေးဘူးဆိုရင်တော့ တစ်ကိုယ်ကောင်းဆန်တဲ့အကျင့်ဆိုးကြီးက အသက်ကြီးတဲ့အထိ ပါသွားပါလိမ့်မယ်။

၇။ စာဖတ်တဲ့အကျင့်ကို သင်ကြားပေးပါ။

မူကြိုတောင်မတက်ရသေးတဲ့အရွယ်က စာကောင်းကောင်းဖတ်နိုင်ဖို့အတွက် အင်မတန်မှ ငယ်ရွယ်လွန်းတဲ့အရွယ်ဆိုပေမယ့် ရုပ်ပုံတွေနဲ့ထုတ်ဝေထားတဲ့ စာအုပ်တွေကို ဖတ်ရင်း စာဖတ်တဲ့အကျင့်ကောင်းတစ်ခု မွေးမြူနိုင်အောင် သင်ကြားပေးထားလိုက်ပါ။ မူကြိုမတိုင်ခင်အရွယ်တွေဖတ်လို့ရတဲ့ ရုပ်ပြစာအုပ်စာပေကောင်းတွေလည်း အများကြီးရှိပြီး အဲ့ဒီလိုစာအုပ်တွေကို ဖတ်ရင်းနဲ့ငယ်ငယ်တည်းက အာရုံစူးစိုက်မှုကောင်းကောင်းထားနိုင်တဲ့ အကျင့်တစ်ခုကို ပိုင်ဆိုင်သွားပါလိမ့်မယ်။

#Chit_MayMay

#HM

Chit Maymay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here