သားသားမီးမီးတို့ကို လုံးဝမကျွေးသင့်တဲ့ အစားအသောက်များ

0
1486
- Advertisement -

သားသားမီးမီးလေးတွေရဲ့ ခန္ဓာကိုယ်နဲ့အရိုးတွေ၊ ဦးနှောက်နဲ့ စဥ်းစားတွေးခေါ်မှုပိုင်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ချစ်မေမေတို့က အစားအသောက်တွေကို စနစ်တကျ ကျွေးမွေးရပါတယ်။ ဒါပေမယ့် အဲ့ဒီလိုကျွေးမွေးတဲ့နေရာမှာ တချို့အစားအစာတွေက လူကြီးတွေအတွက် အဆင်ပြေပေမယ့် ကလေးတွေကို ကျွေးမွေးရင် အာဟာရမဖြစ်ဘဲ ဘေးဥပါဒ်ဖြစ်စေတာမျိုးတွေရှိတာကြောင့် သားသားမီးမီးလေးတို့ကို မကျွေးမွေးသင့်တဲ့ အစားအသောက်တွေ အကြောင်း မျှဝေပေးချင်ပါတယ်။

၁။ ပျားရည်

ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေက အသက် (၂) နှစ်မပြည့်သေးဘူးဆိုရင် ပျားရည်ကို လုံးဝမတိုက်ကျွေးသင့်ပါဘူး။ ပျားရည်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေပါဝင်ပြီး ဒီပိုးမွှားတွေက အရွယ်ရောက်ပြီးသား ကလေးငယ်တွေကို မထိခိုက်စေပေမယ့် (၂) နှစ်အောက် ကလေးငယ်တွေရဲ့ ကိုယ်ခံစွမ်းအားကို ထိခိုက်စေနိုင်ပါတယ်။

၂။ ဆိုဒါ

ဆိုဒါအပြင် သကြားဓာတ် အများအပြား ပါဝင်တဲ့ အချိုရည်တွေက သားသားမီးမီးတို့ကို အဝလွန်စေပြီး ဆီးချို၊ သွေးချိုရောဂါတွေအပြင် ရန်လိုတတ်တဲ့စိတ်ဓာတ်ကိုလည်း ဖြစ်ပေါ်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ (၂၀) အောင်စရှိတဲ့ ဆိုဒါပုလင်းတစ်လုံးမှာ သကြားဓာတ် (၆၀) ဂရမ်အထိ ပါဝင်နေပြီး ဒီပမာဏက သားသားမီးမီးတို့ တစ်နေ့တာအတွက် လိုအပ်တဲ့ သကြားဓာတ်ပမာဏထက် (၄) ဆလောက် ပိုမိုများပြားနေတာပါ။

၃။ ငါးသေတ္တာ

ငါးမှာ ပရိုတိန်းဓာတ်၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီ၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေ အများအပြား ပါဝင်ပေမယ့် ငါးသေတ္တာထဲမှာ ထည့်သွင်း အသုံးပြုတဲ့ ငါးအမျိုးအစားတွေကတော့ မာကျူရီဓာတ် ပါဝင်မှု မြင့်မားပါတယ်။ မာကျူရီဓာတ်မြင့်မားတာက သားသားမီးမီးတို့ရဲ့ အာရုံကြောစနစ်တွေကို ထိခိုက်စေနိုင်တာကြောင့် ငါးသေတ္တာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဥ်သင့်ပါတယ်။

၄။ အားဖြည့်အချိုရည်

အားဖြည့်အချိုရည်တွေက ငယ်ရွယ်သေးတဲ့ သားသားမီးမီးတို့ကို လုံးဝမတိုက်ကျွေးသင့်တဲ့အရာပါပဲ။ ဒီလိုမျိုးအားဖြည့်အချိုရည်တွေက လေ့ကျင့်ခန်း မရပ်မနားပြုလုပ်ပြီး ချွေးထွက်များလို့ အားအင်ကုန်ခမ်းသွားမှ သောက်သုံးသင့်တာပါ။ ဒါပေမယ့် အဲ့ဒီလိုအချိန်မျိုးမှာတောင် တတ်နိုင်သလောက် ရေကိုပဲသောက်ဖို့ ဆရာဝန်တွေက အကြံပေးလေ့ရှိပါတယ်။ ဒါ့အပြင် ဒီလိုမျိုးအားဖြည့်အချိုရည်တွေအစား လိမ္မော်သီး ဒါမှမဟုတ် အခြားသစ်သီးတစ်မျိုးမျိုးကို စားသုံးပေးတာက ကုန်ဆုံးသွားတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကို အကောင်းဆုံးပြန်လည်အားဖြည့်ပေးနိုင်တဲ့ နည်းလမ်းတစ်မျိုးလို့လည်း ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

၅။ တာရှည်ခံအေးခဲအသားများ ကျွေးမွေးခြင်းကို ရှောင်ရှားပါ။

တာရှည်ခံပြီး အေးခဲတဲ့နေရာမှာ သိမ်းဆည်းထားရတဲ့ ကြက်အူချောင်းတွေ၊ ငါးအသားချောင်းတွေ၊ အသားတွေနဲ့ချိစ်တွေမှာ ဆိုဒီယမ်ဓာတ်မြင့်မားစွာပါဝင်ပြီး အဆီပိုတွေနဲ့ ကြာရှည်ခံဆေးဝါးတွေ ပါဝင်နိုင်ခြေလည်း များပြားတာကြောင့် သားသားမီးမီးတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ဒီအစားအစာတွေထဲမှာ ကယ်လိုရီတွေလည်း အများအပြားပါဝင်လွန်းတာကြောင့် သားသားမီးမီးတို့အတွက် မသင့်တော်တဲ့ အစားအသောက်ဖြစ်ပါတယ်လို့ ချစ်မေမေတို့ကို သတိပေးချင်ပါတယ်နော်။

၆။ ဆော့စ်များ

ကြက်ကြော်နဲ့အားလူးကြော်တွေ စားတဲ့နေရာမှာ တွဲဖက်စားသုံးလို့ရတဲ့ အချဥ်ရည်လိုမျိုးဆော့စ်တွေမှာ ကယ်လိုရီနဲ့မလိုအပ်တဲ့အဆီပိုတွေ ရာနဲ့ချီ ပါဝင်တာကြောင့် သားသားမီးမီးတို့ရဲ့ ကျန်းမာရေးကို လုံးဝအထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။

၇။ နွားနို့အစိမ်း

နွားနို့ကို မကျိုချက်ဘဲ အစိမ်းသောက်သုံးခြင်းက သားသားမီးမီးတို့ရဲ့ အစာချေအင်ဇိုင်းတွေနဲ့ အခြားသောအာဟာရဓာတ်တွေကို ထိခိုက်စေပါတယ်။ ဒါ့အပြင် နွားနို့အစိမ်းတွေက အစာအဆိပ်ဖြစ်ပွားနိုင်ခြေကိုလည်း မြင့်တက်စေပြီး သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားစနစ်က အရွယ်ရောက်ပြီးသား ကလေးငယ်တွေလောက် မကောင်းမွန်တာကြောင့် နွားနို့အစိမ်းတိုက်ကျွေးတာမျိုးကို ရှောင်ကြဥ်သင့်တယ်လို့ အကြံပေးချင်ပါတယ်။

#HM

#ChitMayMay

Source: newsweek

LEAVE A REPLY

Please enter your comment!
Please enter your name here