သားသားမီးမီးတို့ရဲ့အနာဂတ်အတွက် ပိုက်ဆံဘယ်လိုစုမလဲ ???

0
414
- Advertisement -

အိမ်ထောင်ရေးတစ်ခုမှာ ကလေးယူရတဲ့ကိစ္စက ထင်သလောက်လွယ်ကူတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ မေမေတို့က သားသားမီးမီးလေးတို့ကို ကိုယ်ဝန်ဆောင်တဲ့အချိန်ကစလို့ မွေးဖွားချိန်၊ မွေးဖွားပြီး ဖွံ့ဖြိုးဆဲအချိန်နဲ့ သားသားမီးမီးတို့ရဲ့နောင်ရေးအတွက်ပါ ဖေဖေနဲ့အတူပူးပေါင်းကြိုတင်တွေးဆပြီး လိုအပ်တဲ့အစီအစဥ်တွေကို ကြိုတင်ဆောင်ရွက်ထားရပါတယ်။ သားသားမီးမီးလေးတို့ရှိလာပြီဆိုတာနဲ့ ငွေကတစ်နည်းမဟုတ်တစ်နည်းနဲ့ ယိုစိမ့်နေမှာဖြစ်ပြီး အဲ့ဒီလိုဖြစ်နေတဲ့ကြားထဲမှာ သူတို့လေးတွေရဲ့  အနာဂတ်အတွက် ပိုက်ဆံဘယ်လိုစုထားရမလဲဆိုတာကို မေမေတို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

၁။ အရုပ်ဝယ်တဲ့အခါမှာ သေချာချင့်ချိန်ပါ။

ကိုယ်ကဘယ်လောက်ပဲ စျေးကြီးတဲ့အရုပ်ကိုဝယ်ပေးထားသည်ဖြစ်စေ၊ သားသားမီးမီးတို့က ဒီအရုပ်ကို ခဏလောက်ဆော့ပြီး ပစ်ထားလိုက်မယ်ဆိုရင် အလကားသပ်သပ်ပိုက်ဆံကုန်သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ အချို့သားသားမီးမီးတို့က အရုပ်အသစ်အဆန်းတွေကို မြင်တာနဲ့ချက်ချင်းလိုချင်တာမျိုးရှိပေမယ့် ဝယ်ပေးပြီးခဏအတွင်းမှာပဲ အရုပ်အဟောင်းတွေကို ပြန်ဆော့တတ်တာမျိုးတွေရှိလို့ပါ။ အရွယ်နည်းနည်းလေးရောက်လာလို့ သားသားမီးမီးတို့က ကားအရုပ် ဒါမှမဟုတ် ဝက်ဝံအရုပ်လိုချင်တယ်ဆိုရင်တောင်မှ အရမ်းကိုစျေးကြီးတာမျိုး မဝယ်ပေးသင့်ဘဲ သူတို့လေးတွေလည်း ဆော့ရအဆင်ပြေ၊ ကိုယ့်အတွက်လည်း အရမ်းကိုအကုန်အကျမများနိုင်တဲ့ အမျိုးအစားထဲကပဲ ဝယ်ပေးသင့်ပါတယ်။ အဲ့ဒီလိုအသေးအဖွဲလေးတွေကို ဂရုစိုက်ရင်းနဲ့ ပိုက်ဆံချွေတာလာမယ်ဆိုရင် အံ့အားသင့်စရာကောင်းစွာနဲ့ပဲ တော်တော်လေးစုမိဆောင်းမိဖြစ်မှာ သေချာပါတယ်။

- Advertisement -

၂။ သားသားမီးမီးတို့အတွက် ဘဏ်ထဲမှာသီးသန့်ပိုက်ဆံစုပေးထားပါ။

သားသားမီးမီးတို့ကို မွေးဖွားပြီးပြီဆိုတာနဲ့ ဘဏ်မှာသူတို့အတွက် သီးသန့်အကောင့်ဖွင့်ပြီး ငွေစုပေးထားတာက ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါပဲ။ အဲ့ဒီဘဏ်အကောင့်ထဲမှာလည်း သူတို့အတွက် လတိုင်းမှန်မှန်ပိုက်ဆံစုပေးထားသင့်ပြီး ကိုယ့်အတွက်လည်းအရမ်းဝန်မပိအောင်လို့ သင့်တင့်မျှတတဲ့နှုန်းထားတစ်ခုကို သတ်သတ်မှတ်မှတ်လေးထည့်သွင်းပြီး စုဆောင်းပေးထားလိုက်ပါ။ နောင်တစ်ချိန်မှာ ဒီစုငွေတွေက သားသားမီးမီးတို့ရဲ့နောင်ရေးအတွက် သိပ်ကိုအသုံးဝင်လာမှာဖြစ်ပြီး သားသားမီးမီးတို့အတွက် ကျောင်းကိစ္စလိုမျိုး လိုအပ်တဲ့နေရာတွေ၊ နောက်ဆုံးအိမ်ထောင်ပြုသွားချိန်မှာ ကိုယ်စုဆောင်းပေးခဲ့တဲ့ပိုက်ဆံတွေက အင်မတန်ကိုအသုံးဝင်နေပါလိမ့်မယ်။

၃။ သားသားမီးမီးတို့ကိုလည်း ပိုက်ဆံစုတတ်အောင်သင်ကြားပေးထားပါ။

မေမေတို့အနေနဲ့ ကိုယ့်ဘာသာကိုယ် ပိုက်ဆံစုနေတာမျိုးမလုပ်သင့်ဘဲ သားသားမီးမီးတို့ကိုပါ ငယ်ငယ်တည်းက ပိုက်ဆံစုတတ်တဲ့အကျင့်ရှိအောင် သင်ကြားပေးထားသင့်ပါတယ်။ ဒါက သူတို့လေးတွေရဲ့ အနာဂတ်အတွက်ပါ ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုဖြစ်ပြီး နောင်တစ်ချိန် သူတို့ရဲ့ဘဝမှာ အရေးပေါ်အခြေအနေတွေနဲ့ ကြုံတွေ့လာရလို့ လက်ထဲမှာစုဆောင်းထားတဲ့ ပိုက်ဆံအသင့်ရှိနေမယ်ဆိုရင် ဒီလိုအကျင့်မျိုးကို ရိုက်သွင်းပေးခဲ့တဲ့ မေမေတို့ကို ကျေးဇူးတင်နေကြမှာပါ။

၄။ လိုချင်တဲ့အရာတိုင်း လွယ်လွယ်ကူကူမဝယ်ပေးပါနဲ့။

ဘဝမှာလိုချင်တဲ့ပစ္စည်းတိုင်း လွယ်လွယ်ကူကူနဲ့မရနိုင်ဘူးဆိုတဲ့အသိစိတ်ကို မဖြစ်မနေ ရိုက်သွင်းပေးထားရမှာပါ။ ငယ်ငယ်တည်းက လိုချင်သမျှ၊ ပူဆာသမျှကို ဝယ်ပေးတဲ့အကျင့်လုပ်ထားမယ်ဆိုရင် သူတို့အရွယ်ရောက်လာတဲ့အခါမှာ ဒါတွေကဆိုးရွားတဲ့အကျင့်ဆိုးကြီးတစ်ခုလိုဖြစ်လာနိုင်ပြီး မေမေတို့အတွက်ရော၊ သားသားမီးမီးတို့အတွက်ပါ အကျိုးမယုတ်ဖို့အတွက် ဒီကိစ္စကိုရှောင်ကြဥ်သင့်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ကိုယ့်ရဲ့သားသားမီးမီးက မြင်းစီးချင်လို့ဆိုပြီး မစူးစမ်းမဆင်ခြင်ဘဲ မြင်းကြီးတစ်ကောင်လုံးကို ဝယ်ပေးလိုက်တာမျိုးကတော့ ချစ်ပုံချစ်နည်း မှားယွင်းနေတယ်လို့ပြောနိုင်ပြီး အလိုလိုက်တဲ့နည်းလမ်းတွေက မမှန်ကန်ဘူးလို့ပဲဆိုရမှာပါ။ ကိုယ့်မှာဘယ်လောက်ပဲပိုက်ဆံရှိနေပါစေ၊ ဒီလိုမရေရာတဲ့ကိစ္စမျိုးတွေမှာ ပိုက်ဆံတွေပုံအောသုံးပစ်လိုက်တာမျိုးက သားသားမီးမီးတို့ရဲ့ အနာဂတ်မှာ အသုံးချခွင့်ရနိုင်မယ့် ငွေအမောင့်ပမာဏကို လျော့နည်းစေတာကြောင့် အခုဖော်ပြပေးခဲ့တဲ့အချက်အလက်တွေကို သတိထားရင်းနဲ့ သားသားမီးမီးတို့ရဲ့အနာဂတ်အတွက် ပိုက်ဆံများများစုဆောင်းနိုင်ကြဖို့ အကြံပေးလိုက်ရပါတယ် မေမေတို့ရေ။

#HM

#ChitMayMay

Source: magforwomen

LEAVE A REPLY

Please enter your comment!
Please enter your name here