သားသားမီးမီးတို့ရဲ့အသက် (၁၂) နှစ်အရွယ်မှာ မဖြစ်မနေသင်ကြားပေးထားရမယ့်အရာများ

0
157
- Advertisement -

ချစ်မေမေတို့ရေ…။ အသက် (၁၂) နှစ်အရွယ်ဆိုတာက သားသားမီးမီးတို့ဆီမှာ ကြီးမားတဲ့အပြောင်းအလဲတွေရှိနိုင်တဲ့အချိန်ပါ။ နောက် (၅) နှစ်ကျော်၊ (၆) နှစ်ဆိုရင်ပဲ အသက် (၁၈) နှစ်ပြည့်ပြီး တရားဝင်အရွယ်ရောက်တော့မှာလေ။

ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေ အသက် (၁၀) နှစ်ကျော်လာပြီဆိုတာနဲ့ မိန်းကလေးဆိုလည်း မိန်းကလေးအလျောက်၊ ယောက်ျားလေးဆိုလည်း ယောက်ျားလေးအလျောက် ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေရှိလာမှာပါနော်။ အဲ့ဒီလိုအချိန်မျိုးအထူးသဖြင့် အသက် (၁၂) နှစ်အရွယ်မှာ သူတို့လေးတွေရဲ့ဘဝအတွက် သိထားသင့်တဲ့အရာတွေကို ချစ်မေမေတို့ကသင်ပေးရတော့မှာပါ။ ဘာတွေသင်ပေးရမလဲ မျှဝေပေးပါ့မယ်ရှင်။

၁။ သူငယ်ချင်းတန်ဖိုး။

- Advertisement -

လိုအပ်တာထက်ပိုပြီး အပေါင်းအသင်းမက်တာက မကောင်းသလို၊ တစ်ဖက်မှာလည်း သူငယ်ချင်းကောင်းတစ်ယောက်ရဲ့တန်ဖိုးကို သားသားမီးမီးလေးတို့က သိထားဖို့လိုအပ်ပါသေးတယ်။ အသက် (၁၂) နှစ်ရောက်ပြီဆိုတာနဲ့ သားသားမီးမီးတို့ဆီမှာ မိတ်ဆွေအပေါင်းအသင်းတွေရလာတော့မှာပါ။ ဒီလိုအချိန်မျိုးက ချစ်မေမေတို့အတွက် သူငယ်ချင်းကောင်းတစ်ယောက်ရဲ့တန်ဖိုးကို သင်ကြားပေးဖို့ အခွင့်ကောင်းပါပဲ။

၂။ ကျန်းမာတဲ့နေထိုင်စားသောက်မှုပုံစံ။

ဒီအရွယ်ရောက်လာပြီဆိုတော့ သားသားမီးမီးတို့လည်း နားလည်စရာရှိတာတွေကို ကောင်းကောင်းနားလည်လာပါပြီ။ ဘာလုပ်ရင်ဘာဖြစ်တယ်၊ ဘယ်လိုနေရင် ဘယ်လိုဖြစ်တယ်ဆိုတာတွေကို သိနေပါပြီ။ အဲ့ဒီလိုအချိန်မျိုးမှာ အရေးပါတဲ့အရာတစ်ခုက ကျန်းမာတဲ့နေထိုင်စားသောက်မှုပုံစံကို သင်ကြားပေးဖို့ပါပဲ။ အစားဂျီးများနေလို့မရတော့ဘဲ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဘယ်အရာကိုမဆို စားသောက်သင့်ပြီး လေ့ကျင့်ခန်းလည်း မှန်မှန်ပြုလုပ်သင့်တယ်ဆိုတာကို သူတို့လေးတွေသိထားဖို့ အရေးကြီးပါတယ်။

၃။ တာဝန်ယူမှု၊ တာဝန်ခံမှု။

တာဝန်ယူမှု၊ တာဝန်ခံမှုမရှိရင် လူသားမဆန်တဲ့လူသားတစ်ယောက်ပဲဖြစ်မှာပါ။ သားသားမီးမီးတို့ရဲ့အနာဂတ်အတွက် တာဝန်ခံမှု၊ တာဝန်ယူမှုအကြောင်းကို သင်ကြားပေးရပါမယ်။ အဲ့ဒါမှသာ အနာဂတ်မှာ အောင်မြင်တဲ့ကြယ်ပွင့်လေးတွေဖြစ်လာမှာပါ။

၄။ အရက်နဲ့မူးယစ်ဆေးဝါးရဲ့ဆိုးကျိုးများ။

နည်းနည်းလေးတောင် လက်တည့်မစမ်းသင့်တဲ့အရာတွေပါ။ ဒါပေမယ့် သူတို့ရဲ့အပေါင်းအသင်းတွေထဲမှာ ဒီလိုမျိုးဆိုးသွမ်းနေတဲ့သူတွေပါလာရင် ဘယ်လိုမျိုးရှောင်ရှားရမလဲ သင်ပေးပါ။ အရက်ရဲ့ဆိုးကျိုး၊ မူးယစ်ဆေးဝါးရဲ့ဆိုးကျိုးတွေကို ပုံလေးတွေ၊ ဗီဒီယိုလေးတွေ၊ ဥပမာလေးတွေနဲ့ သေချာရှင်းပြပေးကြပါနော် ချစ်မေမေတို့။

၅။ အမှားလုပ်မိမှာကို မကြောက်ဖို့။

အမှားလုပ်မိမှာကိုကြောက်လေ၊ အမှန်မမြင်နိုင်လေဖြစ်မှာပါ။ ကိုယ်လုပ်လိုက်တဲ့ကိစ္စတစ်ခု အမှားအယွင်းဖြစ်သွားတိုင်း အရာအားလုံးကျရှုံးသွားတာမဟုတ်ပါဘူး။ အဲ့ဒီအမှားတွေကတစ်ဆင့် ပြန်လည်သင်ယူပြီး အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းရမှာပါ။ အဲ့ဒါကြောင့် သားသားမီးမီးလေးတွေ အမှားအယွင်းတစ်ခုလုပ်မိတိုင်း မဆူပါနဲ့၊ မရိုက်ပါနဲ့။ ဒီအမှားတွေကနေ ဘယ်လိုမျိုးပြန်ပြီးသင်ယူရမလဲဆိုတာကို ချစ်မေမေတို့က လမ်းပြပေးပါ။

၆။ ခေတ်မှီနည်းပညာနဲ့အတတ်ပညာများ။

အသက် (၁၂) နှစ်အရွယ်ဆိုတာက သားသားမီးမီးလေးတို့အတွက် သူတို့ရဲ့ဝါသနာကို သူတို့ကိုယ်တိုင် သိရှိနိုင်မယ့်အရွယ်ပါ။ အဲ့ဒီလိုအချိန်မျိုးမှာ ချစ်မေမေတို့က သူတို့လေးတွေရဲ့ ဝါသနာအတွက် အထောက်အကူဖြစ်စေမယ့်အရာတွေကို သင်ကြားပေးတာမျိုး ပြုလုပ်သင့်ပါတယ်။

၇။ လိင်ကိစ္စ။

မြန်မာနိုင်ငံမှာ အငြင်းပွားနေရဆဲဖြစ်တဲ့ လိင်ပညာပေးဆိုင်ရာကိစ္စတစ်ခုပါ။ ဒါပေမယ့် ဖုန်းတစ်လုံးနဲ့လိုချင်တာရှာလို့ရတဲ့ခေတ်ကြီးမှာ အင်တာနက်ပေါ်ကနေ သူတို့ဘာသူတို့ လျှောက်ရှာပြီး သင်ကြားတာက လမ်းမှားပေါ်ရောက်သွားဖို့ ရာခိုင်နှုန်းများပြားပါတယ်။ အဲ့ဒါကြောင့် ချစ်မေမေတို့က မီမီးလေးကိုပဲဖြစ်ဖြစ်၊ သားသားလေးကိုပဲဖြစ်ဖြစ် သူတို့အရွယ်နဲ့ သင့်တော်မယ့် လိင်ပိုင်းဆိုင်ရာပြောင်းလဲမှုအသိပညာတွေကို သင်ကြားပေးထားသင့်ပါတယ်နော်။

၈။ ဆိုရှယ်မီဒီယာများအကြောင်း။

ဒီနေ့ခေတ်ကြီးမှာ ဆိုရှယ်မီဒီယာတွေဆီကနေ လွတ်မြောက်ဖို့လမ်းမရှိတော့ပါဘူး။ ဒီတော့ ဆိုရှယ်မီဒီယာတွေကို ဘယ်လိုမျိုးအသုံးချမလဲဆိုတာကပဲ အဓိကအရေးကြီးတဲ့အချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ Facebook ပေါ်မှာ ဘယ်လိုမျိုးအကြောင်းအရာတွေကို တင်မလဲ၊ ဘယ်လိုဓာတ်ပုံတွေတင်မလဲဆိုတာတွေအပြင် အဲ့ဒီကတစ်ဆင့် ရလာတဲ့ Like တွေ React တွေကိုလည်း သားသားမီးမီးတို့က သူတို့ရဲ့ Virtual World အဖြစ် လိုချင်တပ်မက်ကြမှာပါ။ ဒါပေမယ့် လက်တွေ့မကျတဲ့ဒီအရာတွေကို လက်တွေ့ဘဝထဲ ခေါ်မသွင်းဖို့ အရေးကြီးပါတယ်။ ဒါနဲ့ပတ်သက်ပြီး လိုအပ်တဲ့သင်ကြားဆုံးမမှုတွေ ပြုလုပ်ပေးဖို့က ချစ်မေမေတို့ရဲ့ တာဝန်ပါနော်။

ချစ်မေမေတို့ရေ…။ အသက် (၁၂) နှစ်အရွယ်ဆိုတာက သားသားမီးမီးတို့ဆီမှာ ကြီးမားတဲ့အပြောင်းအလဲတွေရှိနိုင်တဲ့အချိန်ပါ။ နောက် (၅) နှစ်ကျော်၊ (၆) နှစ်ဆိုရင်ပဲ အသက် (၁၈) နှစ်ပြည့်ပြီး တရားဝင်အရွယ်ရောက်တော့မှာလေ။ အဲ့ဒါကြောင့် ချစ်မေမေတို့က သူတို့လေးတွေရဲ့ အသက် (၁၂) နှစ်အရွယ်မှာ အခုပြောပြပေးခဲ့တဲ့အရာတွေကို သေချာသင်ကြားပေးထားဖို့လိုအပ်ပါတယ်လို့ အကြံပေးလိုက်ရပါတယ်ရှင်။

#HM

#ChitMayMay

Source: parenting, youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here