သားသားမီးမီးတို့ရဲ့ အပြုအမူတွေတိုးတက်စေဖို့ ချစ်မေမေတို့သင်ကြားပေးရမယ့်အချက်များ

0
66
- Advertisement -

ချစ်မေမေတို့ရေ…။ သားသားမီးမီးလေးတွေ လူ့လောကကြီးအလယ်မှာ မားမားမတ်မတ်ရပ်တည်နိုင်ဖို့အတွက် သူတို့လေးတွေရဲ့ အသိပညာ၊ အတတ်ပညာတွေအပြင် အပြုအမူပိုင်းဆိုင်ရာကလည်း သိပ်ကိုအရေးကြီးတာပေါ့နော်။

ဒီလိုမျိုးသူတို့ရဲ့ အပြုအမူတွေ တိုးတက်စေဖို့အတွက်လည်း ငယ်စဥ်တည်းက သင်ကြားထားရမှာပါ။ အဲ့ဒါကြောင့် ဒီနေ့မှာ သားသားမီးမီးတို့ရဲ့ အပြုအမူတွေတိုးတက်စေဖို့ ချစ်မေမေတို့ လုပ်ဆောင်နိုင်မယ့်နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ရပါတယ်ရှင်။

၁။ စံပြဖြစ်အောင်နေပါ။

- Advertisement -

လက်ဦးဆရာမည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနဲ့ဖဆိုတဲ့အတိုင်းပဲပေါ့။ ချစ်မေမေတို့၊ ချစ်ဖေဖေတို့က သားသားမီးမီးတို့ရဲ့ လက်ဦးဆရာတွေပါ။ အထူးသဖြင့် ချစ်မေမေတို့က သားသားမီးမီးတို့နဲ့ အဓိကအနီးကပ်နေရတာကြောင့် သူတို့လေးတွေက ချစ်မေမေတို့ရဲ့ အပြုအမူတွေကို အတုခိုးရင်းနဲ့ပဲ ကြီးပြင်းလာပါလိမ့်မယ်။ အဲ့ဒီတော့ ချစ်မေမေတို့က အရာရာတိုင်းကို အကောင်းဆုံးပြုမူဆောင်ရွက်နိုင်ဖို့ တစ်နည်းပြောရရင် ဖြစ်ပေါ်လာတဲ့အခြေအနေတိုင်းကို အပေါင်းလက္ခဏာဆန်ဆန်နဲ့ ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်နော်။

၂။ စကားကိုကြားဖြတ်မပြောပါနဲ့။

သားသားမီးမီးတို့က စကားတစ်ခုခုပြောလို့မပြီးခင် ချစ်မေမေတို့က ကြားဖြတ်မပြောပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအရာကိုသင်ယူသွားရင် သူတို့လေးတွေက တစ်ယောက်ယောက်စကားပြောတဲ့အခါ ကြားဖြတ်ပြောတာပြဿနာမရှိဘူးလို့ ထင်သွားနိုင်ပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ စကားကိုကြားဖြတ်ပြောတာ အရမ်းရုပ်ပျက်ပါတယ်နော်။

၃။ ပြောတဲ့စကားတိုင်း သတိထားပါ။

အရွယ်မရောက်သေးတဲ့ သားသားမီးမီးတို့က မပီကလာပီကလာနဲ့ တစ်ခုခုမေးလို့ ချစ်မေမေတို့က “ဟုတ်တယ်၊ မဟုတ်ဘူး” ပြောနိုင်ပေမယ့် အရွယ်ရောက်ပြီးတဲ့ သားသားမီးမီးတို့ကတော့ ချစ်မေမေတို့ ပြောသမျှ မှန်လား၊ မှားလားဆိုတာကို သံသယဝင်နိုင်ပါတယ်။ ဆိုလိုချင်တဲ့အဓိပ္ပာယ်က အရွယ်ရောက်ပြီးသား သားသားမီးမီးတို့က “ဒါမျောက်လား” လို့ မေးရင် “ဟုတ်တယ်၊ မဟုတ်ဘူး” ဆိုတာတစ်ခုတည်းထက် ဒါကမျောက်လေ၊ ဘာစားတယ်၊ ဘယ်လိုမျိုးနေထိုင်တယ်ဆိုတာမျိုးအထိ ရှင်းလင်းပြောပြသင့်ပါတယ်။

၄။ ငြင်းဆန်တတ်အောင် သင်ကြားပေးပါ။

ဒီနေ့ခေတ် ပတ်ဝန်းကျင်မှာ ကိုယ်မလုပ်နိုင်တဲ့အရာဆိုလည်း အားနာလို့၊ ကြောက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ လုပ်ပေးနေကြတာကိုမြင်ရမှာပါ။ ဒါပေမယ့် ဒါကမဖြစ်သင့်တဲ့အရာပါ။ သားသားမီးမီးတို့အနေနဲ့ ကိုယ်မလုပ်နိုင်ရင် မလုပ်နိုင်တဲ့အကြောင်း သေချာရှင်းပြပြီး ငြင်းဆန်စရာရှိတဲ့ကိစ္စတွေကို ပြတ်ပြတ်သားသား ငြင်းဆန်နိုင်ဖို့ သေချာပေါက် လိုအပ်ပါတယ်။

၅။ သားသားမီးမီးတို့အတွက် အစအဆုံးလိုက်မလုပ်ပေးပါနဲ့။

အိမ်စာလုပ်တာပဲဖြစ်ဖြစ်၊ ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် ဘယ်လိုလုပ်ရမလဲဆိုပြီး လိုက်ပြီးမသင်ပေး၊ မလုပ်ပေးပါနဲ့။ သူတို့ မတတ်ကျွမ်းသေးတဲ့အရာတွေကို သူတို့ကိုယ်တိုင်စမ်းလုပ်ကြည့်စေပြီး နောက်ဆုံးရလဒ်ကို စောင့်ကြည့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အရမ်းကြီး အစအဆုံးလိုက်လုပ်ပေးနေတာက မကောင်းတဲ့ကိစ္စပါ။ ဒါကသူတို့ကိုလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ရှင်သန်ဖို့ အထောက်အပံ့မဖြစ်စေပါဘူး။

ချစ်မေမေတို့ရေ..။ လူ့ဘောင်လောကကြီးထဲမှာ လူရာဝင်ဖို့ဆိုတာက အင်မတန်မှကို အရေးကြီးတဲ့အရာပေါ့နော်။ အဲ့ဒါကြောင့်လည်း ချစ်မေမေတို့ရဲ့ သားသားမီးမီးကို သူများတွေမပယ်ထားဖို့၊ သားသားမီးမီးတို့ လူလယ်ခေါင်မှာ ထည်ဝါနိုင်ဖို့အတွက် ချစ်မေမေတို့ သင်ကြားပေးသင့်တဲ့အချက်လေးတွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်ရှင်။

#HM

#ChitMayMay

Source: momjunction, childbehavior, tipsformoms

LEAVE A REPLY

Please enter your comment!
Please enter your name here