သားသားမီးမီးတို့အတွက် ကျန်းမာရေးနဲ့ညီညွှတ်စေမယ့် သောက်သုံးစရာများ

0
230
- Advertisement -

သားသားမီးမီးတို့ကို ဘယ်လိုအရည်မျိုးတွေ တိုက်ကျွေးရင်ကောင်းမလဲဆိုပြီး ချစ်မေမေတို့ မကြာခဏစဥ်းစားရခက်နေတာကို သိထားပါတယ်နော်။ ပြီးခဲ့တဲ့အပတ်တုန်းကလည်း သားသားမီးမီးတို့ရဲ့ စားစရာတွေနဲ့ပတ်သက်လို့ စုံစုံလင်လင်ဖော်ပြပေးခဲ့ပြီးဖြစ်တာကြောင့် ဒီနေ့မှာတော့ သားသားမီးမီးတို့ရဲ့ ကျန်းမာရေးနဲ့ကိုက်ညီမယ့်သောက်စရာအရည်တွေအကြောင်းကို တင်ဆက်ပေးသွားပါမယ်နော်။

၁။ ရေ

အထူးတလည်ပြောနေစရာတောင် မလိုတဲ့အရာဆိုပေမယ့် သားသားမီးမီးတို့ ရေများများသောက်တဲ့အကျင့်ရအောင် ဘယ်လိုလုပ်ပေးရမလဲ၊ ဘယ်အချိန်မှာရေတိုက်ရမလဲဆိုတာကလည်း သိထားဖို့လိုအပ်ပါသေးတယ်။ ရေဆာနေတဲ့အချိန်မှာ အခြားသောဖျော်ရည်တွေထက် ရေကိုသာအဓိကဦးစားပေးတိုက်ကျွေးသင့်ပါတယ်။ အထူးသဖြင့် ရာသီဥတုအလွန်ပူတဲ့အချိန်မျိုး ဒါမှမဟုတ် သားသားမီးမီးတို့က အလွန်အမင်းဆော့ကစားနေတဲ့အချိန်မျိုးမှာပေါ့။ ရေများများသောက်တာက သားသားမီးမီးတို့ကို ဆီးဝမ်းမှန်စေမှာပါ။ သားသားမီးမီးတို့ ရေများများသောက်တတ်အောင် ဘယ်လိုအကျင့်လုပ်ပေးရမလဲဆိုရင်တော့ …..

- Advertisement -

(၁) မိသားစုဝင်တိုင်းရေများများသောက်တဲ့အလေ့အကျင့်ရှိပါစေ။ အဲ့ဒါမှလည်း သူတို့လေးတွေကပါ အခုလိုမျိုး ရေများများသောက်တတ်လာမှာပါ။
(၂) သားသားမီးမီးတို့ ရေဆာတဲ့အချိန်မှာ လွယ်လင့်တကူယူသောက်နိုင်အောင် စီစဥ်ပေးထားပါ။
(၃) ထမင်းစားချိန်၊ အဆာပြေမုန့်စားချိန်တွေမှာ သောက်ရမယ့်ရေဘူးကို သားသားမီးမီးတို့အနားထားပေးပါ။
(၄) လိုအပ်ရင်လိုအပ်သလို Water Filter ကို အသုံးပြုပါ။
(၅) သားသားမီးမီးတို့နဲ့အပြင်သွားတဲ့အခါတိုင်း ရေဘူးဆောင်သွားပေးပါ။

၂။ နွားနို့။

မလိုအပ်တဲ့အချိုဓာတ်တွေမပါဝင်တဲ့ ပဲနို့နဲ့ နွားနို့တို့ကလည်း သားသားမီးမီးတို့ရဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်နဲ့ဗီတာမင်ဒီတို့လို အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။

၃။ သစ်သီးဖျော်ရည်များ။

သစ်သီးစစ်စစ်ကိုပဲ ရာနှုန်းပြည့်အသုံးပြုပြီး ပြုလုပ်ထားတဲ့ သစ်သီးဖျော်ရည်တွေက သားသားမီးမီးတို့ကို အာဟာရဓာတ်ပြည့်ဝစေပေမယ့် သကြားဓာတ်၊ ကယ်လိုရီတို့အပြင် သွားကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အက်ဆစ်ဓာတ်တွေပါဝင်ပါတယ်။ အဲ့ဒါကြောင့် သားသားမီးမီးတို့ကို သဘာဝသစ်သီးဖျော်ရည်တိုက်ကျွေးသည့်တိုင် တစ်နေ့ကို (၁) ခွက်ပဲအများဆုံးတိုက်ကျွေးသင့်ပါတယ်။ တစ်ဖက်မှာလည်း အခုလိုမျိုး သစ်သီးဖျော်ရည်တွေထက် သစ်သီးကိုသာ ဒီအတိုင်းစားသုံးပေးဖို့ ကြိုးစားသင်ကြားပေးသင့်ပါတယ်နော်။ အခုနောက်ဆုံးအနေနဲ့ သားသားမီးမီးတို့ကို မတိုက်ကျွေးသင့်တဲ့အရည်အမျိုးအစားတွေကို တစ်စုတစ်စည်းတည်းပြောပြပေးသွားချင်ပါတယ်။

သကြားဓာတ်ပါဝင်တဲ့အချိုရည်တွေက သားသားမီးမီးတို့အတွက် အာဟာရဖြစ်စေတာထက်စာရင် မကောင်းတဲ့ကယ်လိုရီဓာတ်တွေကိုပဲ ပိုမိုများပြားစေပြီး အဝလွန်တာမျိုးတွေဖြစ်စေမှာပါ။ ဒါ့အပြင် အားဖြည့်အချိုရည်တွေတိုက်ကျွေးတာကိုလည်း အတတ်နိုင်ဆုံးရှောင်ကြဥ်ရပါမယ်။ အဲ့ဒီမှာပါဝင်တဲ့ ကဖိန်းဓာတ်က သားသားမီးမီးတို့ကို စိတ်လှုပ်ရှားလွယ်ပြီး မောပန်းလွယ်စေနိုင်လို့ပါ။

မီနီမတ်တွေမှာရောင်းတဲ့ ပဲနို့ဘူး၊ ဒိန်ချဥ်ဘူး အစရှိတာတွေမှာလည်း သကြားဓာတ်တွေ ပါဝင်နေတာကြောင့် ဒီလိုအရာတွေထက် သဘာဝနွားနို့စစ်စစ်ကိုသာ ကျိုချက်တိုက်ကျွေးသင့်ပါတယ်။ လက်ဖက်ရည်နဲ့ကော်ဖီတို့မှာ ပါဝင်တဲ့ ကဖိန်းဓာတ်ကလည်း သားသားမီးမီးတို့ရဲ့အိပ်ချိန်၊ အပြုအမူနဲ့ တိုးတက်မှုပိုင်းဆိုင်ရာတွေကို ထိခိုက်စေနိုင်တာကြောင့် လုံးဝကိုရှောင်ကြဥ်သင့်တဲ့ အရည်အမျိုးအစားထဲမှာပါဝင်ပါတယ်။

ချစ်မေမေတို့ရေ … အခု သားသားမီးမီးတို့ရဲ့ ကျန်းမာရေးနဲ့ညီညွှတ်အောင် တိုက်ကျွေးသင့်တဲ့အရည်အမျိုးအစားတွေကို ဖော်ပြပေးခဲ့သလို မတိုက်ကျွေးသင့်တဲ့အရည်အမျိုးအစားတွေကိုလည်း ဖော်ပြပေးခဲ့တာကြောင့် ချစ်မေမေတို့ စိတ်ကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ချစ်မေမေတို့ရဲ့ သားသားမီးမီး၊ ချစ်ခင်ပွန်းနဲ့အတူ သာယာပျော်ရွှင်ဖွယ်မိသားစုဘဝလေးကို တည်ဆောက်နိုင်ကြပါစေရှင်။

#HM

#ChitMayMay

Source: healthyfamiliesbc

LEAVE A REPLY

Please enter your comment!
Please enter your name here