သားသားမီးမီးတို့အတွက် သံဓာတ်လုံလောက်စွာရရှိဖို့ ဘာကြောင့်အရေးကြီးတာလဲ??

0
204
- Advertisement -

သံဓာတ်ဟာ လူကြီးတွေအတွက်တင်မဟုတ်ပါဘူး။ သားသားမီးမီးလေးတို့ မွေးကင်းစအရွယ်ကစလို့ အသက်ကြီးလာတဲ့အထိ အရေးပါတဲ့ဓာတ်တစ်ခုဖြစ်ပါတယ်။ အဆုတ်ကအောက်စီဂျင်ကို ခန္ဓာကိုယ်အနှံ့သယ်ပို့ပေးတဲ့ ဟေမိုဂလိုဘင်ရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ သံဓာတ်သာ ချို့တဲ့နေမယ်ဆိုရင် သွေးနီဥနည်းပါးပြီး ကိုယ်တွင်းကလီစာတွေနဲ့ တစ်ရှူးတွေက လိုအပ်တဲ့အောက်စီဂျင်ကို လုံလောက်စွာ ရရှိတော့မှာမဟုတ်ပါဘူး။

သားသားမီးမီးလေးတို့နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အသက် (၄) လကနေ (၆) လအထိ ကာလအတွင်း မိခင်နို့ကောင်းကောင်းတိုက်ကျွေးမယ်ဆိုရင် သံဓာတ်လုံလောက်စွာရရှိနိုင်ပါတယ်။ အသက် (၇) လကနေ အသက် (၁) နှစ်အထိ တစ်ရက်ကို သံဓာတ် (၁၁) မီလီဂရမ်၊ အသက် (၁) နှစ်ကနေ (၃) နှစ်အထိ သံဓာတ် (၇) မီလီဂရမ်၊ အသက် (၄) နှစ်ကနေ (၈) နှစ်အထိ သံဓာတ် (၁၀) မီလီဂရမ်နဲ့ အသက် (၉) နှစ်ကနေ (၁၃) နှစ်အထိ သံဓာတ် (၈) မီလီဂရမ် လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသား သမီးငယ်လေးတွေအတွက်ဆိုရင်တော့ သံဓာတ် (၁၅) မီလီဂရမ်အထိ လိုအပ်ပြီး ဘာဖြစ်လို့ဒီလောက်အထိ လိုအပ်ရလဲဆိုတော့ ဓမ္မတာလာတဲ့အချိန်တွေမှာ သံဓာတ် အများအပြား ဆုံးရှုံးရလေ့ရှိလို့ပါ။

သားသားမီးမီးလေးတွေအနေနဲ့ အသက် (၁) နှစ်ကျော်လာပြီဆိုတာနဲ့ သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို လူကြီးတွေအတိုင်း စားသောက်နိုင်တာမျိုးမရှိတာကြောင့် သံဓာတ်ချို့တဲ့နိုင်တဲ့ အန္တရာယ်တွေ အင်မတန်များပြားလာပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာဆိုရင်တော့ သူတို့လေးတွေအတွက် သံဓာတ်ပြည့်ဝတဲ့ ဖြည့်စွက်အာဟာရတွေကို ကျွေးမွေးနိုင်ပါတယ်။ သံဓာတ်ချို့တဲ့တာက သားသားမီးမီးတို့ရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပြီး ပညာသင်တဲ့နေရာနဲ့ အပြုအမူပိုင်းဆိုင်ရာတွေအထိ ပြဿနာရှိလာနိုင်တာကြောင့် သားသားမီးမီးတို့နဲ့ ပတ်သက်လာရင် အထူးသတိထားရမယ့် ကိစ္စရပ်တစ်ခုပါ။ ဒါ့အပြင် သံဓာတ်ချို့တဲ့တာကို အချိန်မှီမသိရှိနိုင်ဘူးဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ သွေးနီဥအရေအတွက်က သိသိသာသာကျဆင်းပြီး နာတာရှည် သွေးအားနည်းရောဂါတွေကိုလည်း ခံစားရနိုင်ပါတယ်။

- Advertisement -

ဒါဆိုရင် သားသားမီးမီးတို့ သံဓာတ်လုံလုံလောက်လောက်ရရှိဖို့အတွက် ချစ်မေမေတို့က သံဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ဘယ်လိုအစားအသောက်တွေကို စနစ်တကျကျွေးမွေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်နော်။ အမာစာတွေကို ကောင်းကောင်းစားသောက်နိုင်တဲ့အချိန်တွေကစလို့ အမဲသား၊ ဝက်သား၊ ကြက်သားတို့ကို ကျွေးမွေးသင့်ပြီး သားသားမီးမီးတို့မှာ ပင်လယ်စာအလက်ဂျစ်မရှိဘူးဆိုရင် ပင်လယ်စာကိုပါ ကျွေးမွေးနိုင်ပါတယ်။

ဒါ့အပြင် ပဲမျိုးစုံ၊ သစ်သီးခြောက်တွေနဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို မမေ့မလျော့ ကျွေးမွေးပေးပါ။ မနက်စာအတွက် ကွေကာအုပ်၊ ပေါင်မုန့်နဲ့ ဘေးကင်းအောင်ပြုလုပ်ထားတဲ့ ခေါက်ဆွဲတွေကို ကျွေးမွေးနိုင်ပါတယ်။ တစ်ခုသိထားရမှာက ခန္ဓာကိုယ်အနေနဲ့ အပင်တွေကတစ်ဆင့်ရရှိတဲ့သံဓာတ်ထက် တိရစ္ဆာန်တွေကတစ်ဆင့်ရရှိတဲ့ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။

နွားနို့ကလည်း သံဓာတ်ပြည့်ဝဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အစားအသောက်ဖြစ်ပြီး ခရမ်းချဥ်သီး၊ ပန်းပွင့်စိမ်း၊ လိမ္မော်သီးနဲ့ စတော်ဘယ်ရီသီးတွေကလည်း ဗီတာမင်စီ ပေးစွမ်းနိုင်ပါတယ်။ သံဓာတ်ပြည့်ဝတဲ့နေရာမှာ ဘာကြောင့် ဗီတာမင်စီကို လိုအပ်လဲဆိုရင်တော့ ခန္ဓာကိုယ်အနေနဲ့ သံဓာတ်တွေကို စုပ်ယူတဲ့အခါမှာ ဗီတာမင်စီက ကောင်းကောင်းထောက်ပံ့နိုင်လို့ဖြစ်ပါတယ်။ ဒါ့အပြင် သားသားမီးမီးတို့ကို ငယ်တုန်းရွယ်တုန်းမှာ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည် တိုက်ကျွေးတာကို ရှောင်ရှားသင့်ပြီး ဒီအရာတွေမှာပါဝင်တဲ့ ဆိုးဆေးတွေက ခန္ဓာကိုယ်မှာရှိတဲ့ သံဓာတ်ကို လျော့ကျစေနိုင်တယ်ဆိုတဲ့ အကြောင်း ချစ်မေမေတို့အတွက် အကြံပေးလိုက်ရပါတယ်။

#HM

#ChitMayMay

Source: kidshealth, childnutrition

LEAVE A REPLY

Please enter your comment!
Please enter your name here