သားသားမီးမီးတို့အတွက် အသင့်တော်ဆုံးကျောင်းတစ်ကျောင်းကို ဘယ်လိုမျိုးရွေးချယ်မလဲ ???

0
127
- Advertisement -

ချစ်ရတဲ့ သားသားမီးမီးတို့ကို လောကကြီးထဲ အတောင်ပံဖြန့်ပျံသန်းစေဖို့၊ ပညာရည်နို့တိုက်ကျွေးဖို့အတွက် အသင့်တော်ဆုံးကျောင်းကို ရွေးချယ်ရတာက ချစ်မေမေတို့အတွက်ရော၊ ချစ်ဖေဖေတို့အတွက်ပါ အင်မတန်မှ ခေါင်းစားလှပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ သားသားမီးမီးတို့ကို မူကြိုထားဖို့ပဲဖြစ်စေ၊ မူလတန်းစထားဖို့အတွက်ပဲဖြစ်စေ အဲ့ဒီလိုအချိန်မျိုးမှာ သူတို့လေးတွေအတွက် အသင့်တော်ဆုံးကျောင်းကို ဘယ်လိုမျိုးရွေးချယ်ရမလဲဆိုတဲ့မေးခွန်းအတွက် အကြံဥာဏ်ကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ သားသားမီးမီးတို့ရဲ့ပုံစံနဲ့ ကိုက်ညီမယ့်ကျောင်း။

ပညာသင်ကြားရတဲ့ ပတ်ဝန်းကျင်ကလည်း သားသားမီးမီးတို့ကို တစ်ဖက်တစ်လှမ်းကနေ အထောက်အပံ့ကောင်းတွေပေးနိုင်ပါတယ်။ ချစ်မေမေတို့က ကိုယ့်ရဲ့ သားသားမီးမီးလေးကို ဘယ်လိုမျိုးပညာရေးနဲ့အသားကျစေချင်တာလဲ၊ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်ရမယ့် သင်ကြားနည်းစနစ်လား၊ စည်းကမ်းကြီးပြီး တင်းတင်းကျပ်ကျပ် အုပ်ချုပ်တတ်တဲ့ ပညာရေးမျိုးလားဆိုတာအပြင် အဲ့ဒီကျောင်းက ဆရာ၊ ဆရာမတွေရဲ့ သင်ကြားပုံ၊ ကျောင်းသားကျောင်းသူတွေရဲ့ ပုံစံက သားသားမီးမီးလေးတို့ရဲ့ အကျင့်စရိုက်နဲ့ကိုက်ညီရဲ့လားဆိုတာကို အခြေခံအချက်အနေနဲ့ပထမဆုံးစဥ်းစားရမှာဖြစ်ပါတယ်။

၂။ မတူညီတဲ့ပညာရပ်တွေကိုပါ သင်ကြားပေးတဲ့ကျောင်း။

အခုနောက်ပိုင်းမှာ ပုဂ္ဂလိကမူကြိုကျောင်းတွေ အများအပြား ပေါ်ပေါက်လာခဲ့ပြီး အဲ့ဒီကျောင်းတွေမှာ သားသားမီးမီးတို့ရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်ညီမယ့် ပညာရေးအပြင် ပန်းချီ၊ အားကစား ဒါမှမဟုတ် အခြားသောအနုပညာရပ်တစ်ခုခုကိုပါ ပေါင်းစပ်သင်ကြားပေးတတ်ပါတယ်။ တကယ်လို့ ချစ်မေမေတို့က သားသားမီးမီးလေးတွေကို စာချည်းပဲလုပ်ရင်း ပျင်းရိငြီးငွေ့စွာ မကြီးပြင်းစေချင်ဘူးဆိုရင်တော့ အဲ့ဒီလိုကျောင်းမျိုးတွေက ရွေးချယ်စရာတစ်ခုအဖြစ် ရှိလို့နေပါတယ်။

၃။ ကိုယ်ရွေးချယ်မယ့်ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေရဲ့ စွမ်းဆောင်ရည်များကို ဆန်းစစ်ကြည့်ပါ။

ကလေးတွေရဲ့ Report Card ထဲကအမှတ်တွေက အဲ့ဒီကျောင်းတစ်ကျောင်းလုံးကို ကိုယ်စားပြုတာမျိုး မဟုတ်ပေမယ့် တစ်စိတ်တစ်ဒေသအားဖြင့် အရေးပါတဲ့အရာတစ်ခုလည်း ဖြစ်တာကြောင့် အကြမ်းဖျင်းလောက်တော့ အဲ့ဒီရမှတ်တွေကို ဆန်းစစ်ကြည့်သင့်ပါတယ်နော်။

၄။ ကျောင်းတစ်ကျောင်းဆီက လိုချင်တဲ့အချက်များကို စာရင်းပြုစုထားပါ။

သားသားမီးမီးတို့ တက်ရောက်မယ့် ကျောင်းကနေ ဘယ်လိုမျိုးမြင့်မားတဲ့အရာတွေကို မျှော်လင့်ထားလဲ၊ ထွန်းတောက်တဲ့ သားသားမီးမီးလေးတွေဖြစ်ဖို့လား၊ တိကျတဲ့သင်ရိုးညွှန်းတမ်းလား၊ ဖော်ရွေပြီး အသင်အပြကောင်းတဲ့ ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေလား၊ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အရည်အချင်းကို ဘယ်လိုမျိုး ထိန်းညှိပေးလဲဆိုတဲ့အချက်လားဆိုတာတွေကို ကြိုတင်စာရင်းပြုစုထားဖို့ လိုအပ်ပါတယ်။

၅။ ကျောင်းကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လေ့လာပါ။

တကယ်လို့ သားသားမီးမီးတို့နဲ့ သင့်တော်တဲ့ ကျောင်းတစ်ကျောင်းကို ရှာတွေ့ပြီဆိုရင်တော့ အဲ့ဒီကျောင်းကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာသင့်ပါတယ်။ အဲ့ဒီအတွက်လည်း ကျောင်းက ကျောင်းအုပ်နဲ့ ဆရာ၊ ဆရာမတွေက ခွင့်ပြုနိုင်ရမှာဖြစ်ပြီး ကျောင်းမှာရှိတဲ့ ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအကြား ဘယ်လိုဆက်ဆံရေးမျိုးရှိမလဲ၊ စာသင်ခန်းတွေကရော သန့်ရှင်းသပ်ရပ်မှုအပြည့်ရှိရဲ့လားဆိုတာကို သိနိုင်မှာပါ။

၆။ မေးခွန်းတွေမေးမြန်းပါ။

ကျောင်းကိုရောက်တဲ့အခါ ကျောင်းအုပ်ကိုပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ ဆရာ၊ ဆရာမကိုပဲဖြစ်ဖြစ် ဒီကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမတွေကို ဘယ်လိုမျိုး လေ့ကျင့်သင်ကြားပေးထားလဲ၊ ပြီးရင် သင်ကြားရေးနဲ့ကလေးငယ်တွေအပေါ် ဂရုစိုက်မစိုက်ကို ဘယ်လိုမျိုး စောင့်ကြည့်လဲဆိုတာတွေအပါအဝင် ပြဿနာတစ်ခုခုနဲ့ ကြုံလာရရင် ဘယ်လိုမျိုးဖြေရှင်းလဲဆိုတဲ့အချက်တွေကိုပါ မေးမြန်းထားသင့်ပါတယ်။ ဒါ့အပြင် ကျောင်းထဲကိုတစ်ခေါက်လောက် လေ့လာကြည့်ရှုပြီးချိန်မှာ ရုတ်တရက်ပေါ်လာတဲ့ မေးခွန်းတွေကိုလည်း မေးမြန်းနိုင်ပါသေးတယ်။

၇။ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများနဲ့ စကားပြောပါ။

အဲ့ဒီကျောင်းမှာ လက်ရှိတက်ရောက်နေတဲ့အထဲမှာမှ ကိုယ်နဲ့အိမ်နီးနားချင်းတွေရှိတယ်ဆိုရင် သူတို့ဆီကတစ်ဆင့် ကျောင်းရဲ့အခြေအနေတွေကို ကြိုတင်စနည်းနာသင့်ပါတယ်။ မိဘအချင်းချင်း စကားပြောပြီး ကျောင်းက ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေရဲ့ အခြေအနေတွေကို မေးမြန်းသင့်သလို ကလေးငယ်ကိုယ်တိုင်ကရော အဲ့ဒီကျောင်းမှာ ပျော်နေရဲ့လား၊ ဘယ်လိုမျိုးအခက်အခဲတွေရှိလဲဆိုတာကို ကြိုတင်လေ့လာပြီး လိုအပ်တာတွေကို စီစဥ်ဆောင်ရွက်သင့်ပါတယ်။

၈။ ကျောင်းအုပ်နဲ့တစ်ယောက်ချင်းဆွေးနွေးကြည့်ပါ။

ဒါကတော့ ချစ်မေမေတို့အတွက် မဖြစ်မနေ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စရပ်ပဲဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲသိချင်တဲ့ မေးခွန်းအားလုံးကို မေးမြန်းခွင့်ရဖို့ အချိန်အခါကောင်းဖြစ်ပြီး ကျောင်းအုပ်တွေအနေနဲ့လည်း သူတို့ကျောင်းက ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေအတွက် အမြဲတမ်း တံခါးဖွင့်ကြိုဆိုနေတဲ့သူဖြစ်ဖို့ လိုအပ်ပါတယ်။

၉။ မိဘဆရာအစည်းအဝေးကို တက်ရောက်ကြည့်ပါ။

နောက်ပိုင်း ကျောင်းတော်တော်များများမှာ ဒီလိုမျိုး မိဘနဲ့ဆရာပူးပေါင်းပြီး အစည်းအဝေးလုပ်ရင်း ကျောင်းအတွက် လိုအပ်တဲ့အချက်အလက်တွေကို တိုင်ပင်ကြတာ၊ ကလေးတစ်ယောက်ချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်ဆန်းစစ်တာတွေကို ပြုလုပ်လာကြပါပြီ။ အဲ့ဒါကြောင့် ချစ်မေမေတို့အနေနဲ့လည်း အဲ့ဒီလိုအစည်းအဝေးတွေကို အစမ်းသဘောအနေနဲ့ သွားတက်ရောက်သင့်ပြီး သားသားမီးမီးတို့အတွက် သင့်တော်တဲ့ကျောင်းတစ်ကျောင်းဖြစ်၊ မဖြစ်ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။

၁၀။ အချိန်သေချာယူပါ။

သားသားမီးမီးလေးတို့ကို မူကြိုစထားမှာပဲဖြစ်ဖြစ်၊ မူလတန်းစထားမှာပဲဖြစ်ဖြစ် အဲ့ဒီလိုမထားခင်မှာ အချိန်သေချာယူပြီး တက်ရောက်သင့်တဲ့ကျောင်းကို ရွေးချယ်သင့်ပါတယ်။ ချစ်မေမေတို့ ရွေးချယ်ပေးလိုက်တဲ့ကျောင်းက သားသားမီးမီးတို့အတွက် သက်သောင့်သက်သာဖြစ်ပြီး ကောင်းမွန်တဲ့ပတ်ဝန်းကျင်ဖြစ်ဖို့ လိုအပ်ပါတယ်။ ငယ်ရွယ်တဲ့အချိန်မှာ ပညာရေးနဲ့ပတ်သက်ပြီး သားသားမီးမီးတို့ရဲ့စိတ်ထဲ နာကျင်စရာတွေရှိသွားမယ်ဆိုရင် သူတို့လေးတွေရဲ့ အနာဂတ်ကို ထိခိုက်နိုင်တာကြောင့် ချစ်မေမေတို့ကလည်း ချစ်ဖေဖေတို့နဲ့ အကောင်းဆုံးပူးပေါင်းပြီး သားသားမီးမီးတို့အတွက် အသင့်တော်ဆုံးကျောင်းကို အပ်နှံပေးကြပါလို့ အကြံပေးလိုက်ရပါတယ်။

#HM

#ChitMayMay

Source: publicschoolreview

LEAVE A REPLY

Please enter your comment!
Please enter your name here