သားသားမီးမီးတို့ ညဘက်ကောင်းကောင်းအိပ်ပျော်စေနိုင်မယ့် နည်းလမ်းများ

0
913
- Advertisement -

သားသားမီးမီးလေးတွေ ညဆိုကောင်းကောင်းမအိပ်လို့ စိတ်ပန်း၊ လူပန်းဖြစ်ရတဲ့ချစ်မေမေတို့ရှိပါတယ်။ တစ်ခါတလေမှာ သူတို့လေးတွေကိုက ဂျီကျချင်လို့ မအိပ်တာမျိုး ဒါမှမဟုတ် အိပ်မပျော်တာမျိုးဖြစ်နိုင်သလို တစ်ခါတရံမှာလည်း ချစ်မေမေတို့ကိုယ်တိုင်က အမှတ်မထင်ကျူးလွန်မိတဲ့အမှားလေးတွေကြောင့် သားသားမီးမီးလေးတွေ အိပ်မပျော်တာလည်းဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ သားသားမီးမီးလေးတို့ ညဘက်ကောင်းကောင်းအိပ်ပျော်စေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ Screen Time ကို လျှော့ချပါ။

ခေတ်မှီတိုးတက်လာတဲ့ ဒီနေ့ခေတ်မှာ ကလေးငယ်ငယ်လေး ပိုင်ဆိုင်ထားတဲ့ ချစ်မေမေတို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ပါပဲ။ စမတ်တီဗီ၊ စမတ်ဖုန်း၊ တက်ဘလက်တွေကို အလွယ်တကူ ဝယ်ယူနိုင်လာတာက သားသားမီးမီးတို့ဆီကို အကျိုးသက်ရောက်နိုင်ပါတယ်။ ကလေးတွေငြိမ်ရင်ပြီးရောဆိုပြီး တက်ဘလက် ဒါမှမဟုတ် ဖုန်းတစ်လုံးနဲ့ လွှတ်ပေးထားတာက အခြားသောဆိုးကျိုးတွေရှိနိုင်သလို အိပ်စက်ချိန်ကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်လို့ (၂၀၁၇) ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုကဆိုပါတယ်။ မျက်လုံးနဲ့ဦးနှောက်တွေ ဖွံ့ဖြိုးတိုးတက်နေဆဲအချိန်မှာ အခုလိုမျိုး Screen တွေကို ကြည့်ရှုတာက အိပ်ပျော်တဲ့စေတဲ့ဟော်မုန်းထုတ်လွှတ်မှုကို (၂) ဆအထိ လျာ့ကျစေပြီး အိပ်မပျော်တာမျိုး၊ အိပ်ပျော်ရင်တောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာမျိုးတွေဖြစ်နိုင်ပါတယ်။

- Advertisement -

၂။ အိပ်ရာမဝင်ခင် မုန့်ကျွေးပါ။

ချစ်မေမေတော်တော်များများက သားသားမီးမီးလေးတွေကို ညမအိပ်ခင်မှာ အဆာပြေလိုမျိုး မုန့်ပဲသွားရည်စာတွေကို ကျွေးလေ့ရှိပါတယ်။ ဒီလိုကျွေးမွေးတဲ့နေရာမှာ ပရိုတိန်းဓာတ်တွေ ပါဝင်တဲ့ ကွေကာအုပ်၊ နို့တို့အပြင် ပေါင်မုန့်ကို မြေပဲထောပတ်သုတ်ပြီးတော့လည်း ကျွေးနိုင်ပါတယ်။ မြေပဲထောပတ်မှာ အမိုင်နိုအက်ဆစ်ပါဝင်တာကြောင့် သားသားမီးမီးလေးတို့ရဲ့ အိပ်ချင်စိတ်ကို ပိုမိုလှုံ့ဆော်ပေးနိုင်မှာပါ။ ဒါ့အပြင် ချစ်မေမေတို့အနေနဲ့ ဒိန်ချဥ်၊ ချိစ်နဲ့ငှက်ပျောသီးတို့ကိုလည်း သားသားမီးမီးတို့ ညအိပ်မယ့်အချိန်နဲ့ခြားပြီး ကျွေးနိုင်ပါသေးတယ်။ ဒါပေမယ့် အိပ်ခါနီးမှာ ချောကလက်တော့ လုံးဝမကျွေးပါနဲ့။ ချောကလက်မှာပါဝင်တဲ့ ကဖိန်းဓာတ်က သားသားမီးမီးတို့ကို ညဘက်ကောင်းကောင်းအိပ်မပျော်အောင် အနှောင့်အယှက်ပေးနိုင်ပါတယ်။

၃။ ပတ်ဝန်းကျင်အနေအထားကို ဂရုစိုက်ပါ။

ပတ်ဝန်းကျင်က ညဘက်မှာတောင် မထင်ရင်မထင်သလို ဆူညံတတ်တယ်ဆိုရင် သားသားမီးမီးလေးတို့ကို ပုံမှန်အိပ်ချိန်အတိုင်း သိပ်လို့ရမှာမဟုတ်ပါဘူး။ ဒါ့အပြင် အခန်းက အင်မတန်ပူလောင်ပြီး လှောင်ပိတ်နေတာမျိုး၊ ခန္ဓာကိုယ်က ယားယံနေတာမျိုးတွေ ခံစားရမယ်ဆိုရင်လည်း အဆင်မပြေပါဘူး။ အဲ့ဒါကြောင့် သားသားမီးမီးတို့ ညဘက် အိပ်စက်မယ့် အခန်းက ဆူညံသံတွေမရှိအောင်၊ လေဝင်လေထွက်ကောင်းအောင် ပြင်ဆင်ထားရမယ့်အခန်းဖြစ်သလို အိပ်စက်ချိန်မှာ ဝတ်ဆင်ပေးတဲ့အင်္ကျီ၊ ဘောင်းဘီတွေကလည်း နေရထိုင်ရ ပေါ့ပါးစေတဲ့ချည်သားလေးတွေပဲဖြစ်သင့်ပါတယ်။

၄။ ဂိမ်းကစားခြင်း။

အပေါ်မှာ ပြောပြခဲ့တဲ့ Screen Time ဆိုတဲ့အရာက အင်မတန်ငယ်သေးတဲ့အရွယ်တွေကို ချော့မြူဖို့အတွက် ဖုန်း၊ တက်ဘလက်တို့နဲ့ YouTube ကကာတွန်းပြတာမျိုး၊ ကလေးသီချင်းဖွင့်မျိုးတာမျိုးတွေဖြစ်ပြီး အခုဂိမ်းကစားတာကျတော့ နည်းနည်းလေးအရွယ်ရောက်သွားတဲ့ သားသားမီးမီးတို့အတွက် ရည်ရွယ်ပါတယ်။ (၂၀၀၇) ခုနှစ်က ထုတ်ဝေခဲ့တဲ့ ကလေးအထူးကုဂျာနယ်တစ်စောင်က ဖော်ပြချက်အရ မအိပ်ခင် တစ်နာရီအတွင်း ဂိမ်းကစားထားတဲ့ ကလေးက ညဘက်ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် သားသားမီးမီးတို့ကို ဂိမ်းပေးဆော့မယ်ဆိုရင်တောင် ညမအိပ်ခင်အချိန်နဲ့တော်တော်လေး ခွာပြီး ပေးဆော့သင့်ပါတယ်။

၅။ အိပ်စက်တဲ့အချိန်မှာ အခန်းမီးပိတ်ပေးထားပါ။

အိပ်ပျော်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ အမှောင်ထုပါပဲတဲ့။ ညဘက်ဖွင့်တဲ့မီးအိမ်လေးပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ သေးငယ်တဲ့မီးလေးတစ်ပွင့်ဖြစ်ပါစေဦး၊ ဒီအရာတွေက သားသားမီးမီးလေးတို့ရဲ့ အိပ်ပျော်စေတဲ့ ဟော်မုန်းကို ထိခိုက်စေနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုပါ တစ်ပါတည်းထိခိုက်စေနိုင်ပါတယ်။ တကယ်လို့ သားသားမီးမီးတို့က အမှောင်ကြောက်တတ်တယ်ဆိုရင် အခန်းအပြင်ကလျှောက်လမ်းမှာပဲ မီးဖွင့်ပေးထားပြီး သူတို့အိပ်ပျော်သွားတဲ့အချိန်မှာ အဲ့ဒီမီးကို ပိတ်လိုက်ပါ။ သူတို့လေးတွေ အိပ်စက်တဲ့အခန်းက မနက်မိုးလင်းတာနဲ့ အလင်းရောင်ခပ်စူးစူးဝင်တတ်တယ်ဆိုရင် နေရောင်မဖောက်နိုင်တဲ့ခန်းစီးလိုက်ကာအမျိုးအစားကို တပ်ဆင်တာ ဒါမှမဟုတ် သားသားမီးမီးလေးတွေကို မျက်လုံးအစည်းနဲ့ အိပ်စက်စေတာမျိုး အစရှိသဖြင့် စီစဥ်ပေးနိုင်ပါတယ်။

၆။ စိတ်ချမ်းချမ်းသာသာနဲ့ အိပ်ရာဝင်နိုင်အောင် စီမံပေးပါ။

သားသားမီးမီးလေးတို့က အချစ်တွေ၊ မေတ္တာတွေ အပြည့်အဝရရှိနေတယ်လို့ ခံစားနေရမယ်ဆိုရင် အိပ်စက်ချိန်မှာ သူတို့အတွက် ပိုမိုသက်သောင့်သက်သာဖြစ်စေမှာပါ။ သူတို့အတွက် ပုံမှန်အိပ်ချိန်သတ်မှတ်ထားပြီး ချစ်မေမေတို့က သူတို့အတွက် ပုံပြင်ပြောပြတာ၊ တီတီတာတာ စကားလေးတွေပြောတာမျိုးက သားသားမီးမီးလေးတို့အတွက် စိတ်ချမ်းချမ်းသာသာနဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်အောင် အကူအညီပေးနိုင်ပါတယ်လို့ ချစ်မေမေတို့အတွက် အကြံဥာဏ်ကောင်းလေးတွေကို မျှဝေပေးလိုက်ရပါတယ်။

#HM

#ChitMayMay

Source: todaysparent

LEAVE A REPLY

Please enter your comment!
Please enter your name here