သားသားမီးမီးတို့ တစ်ယောက်တည်းစကားပြောတာက ကောင်းလား၊ မကောင်းဘူးလား???

0
202
- Advertisement -

သားသားမီးမီးလေးတို့ တစ်ယောက်တည်း စကားတွေပြောပြောနေတာကို ချစ်မေမေတို့အားလုံး မြင်ဖူး၊ ကြားဖူးကြမှာပါ။ တော်တော်များများလက်ခံထားတာက တစ်ယောက်တည်းစကားပြောရင် ဒါက စိတ်ပိုင်းဆိုင်ရာပြဿနာဆိုပြီးတော့ပေါ့။ ဒါပေမယ့် မဟုတ်ပါဘူး။ ဘာလို့မဟုတ်လဲဆိုတာကို ဆက်ပြီးလေ့လာကြည့်ရအောင်နော် ချစ်မေမေတို့….။

သားသားမီးမီးတို့ တစ်ယောက်တည်းစကားပြောတာက သူတို့ရဲ့စိတ်ကျန်းမာရေးအတွက် အထောက်အပံ့ကောင်းဖြစ်စေရုံတင်မကဘဲ ဥာဏ်ရည်ဥာဏ်သွေးပိုင်းအတွက်ပါ အများကြီးအကျိုးရှိစေပါတယ်။ တစ်ယောက်တည်းစကားကျယ်ကျယ်ပြောတာက သူတို့လေးတွေရဲ့အတွေးစိတ်ကူးတွေကို ပိုမိုတိကျစေပြီး တန်ဖိုးရှိစေနိုင်တယ်လို့လည်း ကျွမ်းကျင်ဆရာဝန်တစ်ဦးဖြစ်တဲ့ မားကို့စ်ကဆိုပါတယ်။

တစ်ဖက်မှာလည်း အဲ့ဒီကနေတစ်ဆင့် ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေက ပိုမိုထိရောက်မှုရှိပြီး ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုတွေအတွက် အရေးပါတဲ့အထောက်အပံ့တွေပေးစွမ်းနိုင်ပါတယ်။ အဲ့ဒါကြောင့် ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေ တစ်ယောက်တည်းစကားပြောနေပြီဆိုရင် သူတို့လေးတွေက စမတ်ကျတဲ့ သားသားမီးမီးလေးတွေဖြစ်လာပြီလို့သာ တွေးလိုက်ပါ။ ဒီလိုမျိုး တစ်ယောက်တည်း စကားပြောတာက အရွယ်ရောက်ပြီးသားပုဂ္ဂိုလ်တွေမှာပါ မြင်တွေ့ရလေ့ရှိတဲ့ အပြုအမူလည်းဖြစ်တာကြောင့် ချစ်မေမေတို့အနေနဲ့ စိုးရိမ်စရာမရှိပါဘူး။

- Advertisement -

ဒီလိုမျိုးတစ်ယောက်တည်းစကားပြောတာကို အကျင့်ဆိုးကြီးတစ်ခုလို့လည်း မမှတ်ယူကြပါနဲ့နော်။ ဒါက သူတို့ရဲ့ စကားလုံးအသုံးအနှုန်းပိုင်းဆိုင်ရာကို တိုးတက်စေပြီး အမူအကျင့်တွေ ကောင်းမွန်လာဖို့အတွက်လည်း အကူအညီပေးနိုင်ပါတယ်။ ဒါ့အပြင် သားသားမီးမီးလေးတွေက အခြားသူတွေနဲ့အတူရှိနေချိန်မှာထက် တစ်ယောက်တည်းရှိနေတဲ့အချိန်မှာပိုပြီး ကိုယ့်ကိုယ်ကိုယ်စကားပြောလေ့ရှိပါတယ်တဲ့။ ဒါကလည်း ထူးဆန်းတဲ့အချက်တစ်ခုမဟုတ်ပါဘူး။ အသက် (၁၀) နှစ်အရွယ် သားသားမီးမီးလေးတွေရဲ့ (၂၀) ရာခိုင်နှုန်းကနေ (၆၀) ရာခိုင်နှုန်းလောက်အထိက ဒီလိုမျိုးတစ်ယောက်တည်း ကိုယ့်ကိုယ်ကိုယ် စကားပြောတတ်ကြပါတယ်။

ဒါက ကလေးသူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သက်သေပြနေတဲ့အရာတစ်ခုလည်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုပါ တားဆီးပေးနိုင်ပါတယ်တဲ့။ သားသားမီးမီးတို့က တစ်ခုခုမလုပ်ခင်အချိန်နဲ့ တစ်ခုခုလုပ်ပြီးသွားတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် တစ်ယောက်တည်းစကားပြောလေ့ရှိပြီး ဒါက သူတို့လုပ်ရမယ့်ကိစ္စအတွက် ပြန်လည်ဆန်းစစ်တာမျိုးလည်းဖြစ်ပါတယ်။ ဒီလိုအကျင့်မျိုးရှိတာက သားသားမီးမီးတို့အတွက် အရမ်းလည်းအရေးကြီးတယ်လို့ဆိုရမှာပါ။

သားသားမီးမီးတို့ဒီလိုမျိုး တစ်ယောက်တည်းစကားပြောတာက သူတို့ကိုယ်သူတို့ စိတ်ဓာတ်လှုံ့ဆော်နေတာဖြစ်ပြီး အနာဂတ်မှာ ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက် အကောင်းဆုံးလက်နက်တစ်စုံလည်းဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အခြားသူတွေနဲ့လည်း ပိုမိုဆက်သွယ်လာနိုင်ပြီး ပတ်ဝန်းကျင်မှာရှိတဲ့ မတူညီတဲ့အရာတွေကိုလည်း ကောင်းကောင်းသင်ယူနိုင်မှာပါ။ ဒါ့အပြင် သူတို့အကြောင်းကိုလည်း သူတို့ကိုယ်တိုင်ပိုမိုသိရှိနိုင်မှာဖြစ်ပြီး ဒီလိုမျိုးတစ်ယောက်တည်း စကားပြောတာက သူတို့လေးတွေရဲ့ စိတ်ကျန်းမာရေးအတွက်ရော ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းအတွက်ရော ကောင်းစွာ အထောက်အကူပြုစေပါတယ်လို့ ချစ်မေမေတို့အတွက် သတင်းကောင်းပါးလိုက်ရပါတယ်။

#HM

#ChitMayMay

Source: youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here