ချစ်မေမေတို့အနေနဲ့ သားသားမီးမီးလေးတွေ အိမ်ထဲကအိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာနေတိုင်း လက်လွတ်စပယ် မျက်နှာလွှဲထားတာမျိုး မလုပ်သင့်ပါဘူး။ အချို့ မိဘတွေဆိုရင် သူတို့ရဲ့ သားသားမီးမီးလေးတွေကို အိမ်ပြင်ပေးထွက်ရင် ဘေးတွေ့မှာစိုးရိမ်တာကြောင့် အိမ်ထဲမှာပဲ ထားတတ်ကြပါတယ်။ ဒါပေမယ့် အိမ်ထဲမှာရှိတဲ့ အချို့သောအရာတွေကလည်း သားသားမီးမီးလေးတို့ကို ထိခိုက်စေနိုင်တာကြောင့် ချစ်မေမေတို့ သတိထားသင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဆပ်ပြာတုံး၊ ဆပ်ပြာမှုန့်နဲ့ ပိုးသတ်ဆေးတွေကို သားသားမီးမီးတို့ရဲ့ အဝေးမှာထားပါ။
အိမ်ထဲမှာရှိတဲ့ သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းတွေက လူကြီးတွေအတွက်တင်မဟုတ်ဘဲ အရာရာတိုင်းကို ကောင်းကောင်းနားမလည်သေးတဲ့ သားသားမီးမီးတို့ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဓာတုဆေးဝါးတွေနဲ့ ပြုလုပ်ထားတဲ့ ဒီအရာတွေကို သာမန်လောက်ပဲကိုင်တွယ်မိရင်တောင် သားသားမီးမီးတို့ရဲ့ နုနယ်တဲ့ အသားအရည်တွေကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေတာကြောင့် သူတို့အတွက် သီးသန့်မဟုတ်တဲ့ အပြင်းစားဆပ်ပြာတုံး၊ ဆပ်ပြာမှုန့်နဲ့ ပိုးသတ်ဆေးတွေကို သူတို့လေးတွေရဲ့ အဝေးမှာ သေချာစနစ်တကျ သိမ်းဆည်းထားသင့်ပါတယ် မေမေတို့ရေ။

၂။ ကိုယ့်မျက်ကွယ်မှာ ရေနဲ့နီးနီးနားနားမရှိပါစေနဲ့။
သားသားမီးမီးတို့က ရေဆော့ရတာကို နှစ်သက်ကြပါတယ်။ အဲ့ဒါကြောင့် သူတို့ဆော့ကစားတဲ့အချိန်ဖြစ်တယ်ဆိုရင်တောင် ရေကန်နဲ့ အနီးအနားတစ်ဝိုက်မှာ တစ်ယောက်တည်းထားခဲ့တာမျိုး မဖြစ်ပါစေနဲ့။ သူတို့လေးတွေက အရမ်းကိုစပ်စုတတ်ကြပြီး ရေပိုက်ခေါင်းနဲ့ ရေပန်းတွေက ရေကျနေတာမျိုးတွေကို မြင်ရပြီဆိုရင် သေချာပေါက် အဲ့ဒီအနီးအနားကိုရောက်အောင် သွားတတ်ကြလို့ပါပဲ။

၃။ သားသားမီးမီးတို့ အိပ်စက်တဲ့နေရာကို သေချာစစ်ဆေးပါ။
ချစ်မေမေတို့အနေနဲ့ သားသားမီးမီးတို့ကို သိပ်ဖို့ကြိုးစားနေပြီဆိုရင် သူတို့အိပ်တဲ့ အိပ်ရာပေါ်မှာ မာကျောတဲ့အရုပ်တွေ၊ ခန္ဓာကိုယ်ထက် အရွယ်အစားပိုမိုကြီးမားတဲ့အရုပ်တွေမရှိအောင် သေချာစစ်ဆေးသင့်ပါတယ်။ ဆောင်းတွင်းလို အင်မတန်အေးတဲ့အချိန်မှာလည်း သားသားမီးမီးတို့ နွေးထွေးဖို့အတွက် စောင်အထူကြီးခြုံပေးမယ့်အစား နွေးထွေးတဲ့အနွေးထည်နဲ့ ညဝတ်အိပ်အင်္ကျီထူထူလေးတွေကိုသာ ဝတ်ဆင်ပေးသင့်ပါတယ်။

၄။ ပစ္စည်းသေးသေးလေး၊ စားစရာသေးသေးလေးတွေကို သူတို့ လက်လှမ်းမမီတဲ့နေရာမှာ ထားပါ။
သွားယားတာအပြင် စပ်စုစိန်လေးတွေလည်း ဖြစ်ကြတာကြောင့် သူတို့လေးတွေက မြင်မြင်သမျှ အရာအားလုံးကို ပါးစပ်ထဲထည့်ကိုက်ဖို့ပဲ တွေးကြပါတယ်။ အဲ့ဒါကြောင့် သကြားလုံး၊ မြေပဲ၊ ပြောင်းဖူးတို့လိုအရာတွေအပြင် အကြွေစေ့၊ ဘောပင်တို့လိုအရာတွေနဲ့ အရုပ်သေးသေးလေးတွေကို သူတို့နဲ့ ဝေးရာမှာထားပါ။ သူတို့လေးတွေက ချစ်မေမေတို့ရဲ့ ပိုက်ဆံအိတ်တွေထဲကို လက်နဲ့နှိုက်ပြီဆိုရင်လည်း အဲ့ဒီလက်ကို ချက်ချင်းပြန်ဆွဲထုတ်သင့်ပါတယ်။ အိတ်ထဲမှာ သူတို့ တစ်ခါမှမတွေ့ဖူးတဲ့၊ မကိုင်တွယ်ဖူးတဲ့ အရာတွေကို မြင်တာနဲ့ ပါးစပ်ထဲကို တန်းထည့်မှာမို့လို့ပါပဲ။

၅။ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး သတိထားပါ။
သားသားမီးမီးလေးတို့ဟာ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေးတို့ ကြောင်တို့ကို ချစ်ခင်နှစ်သက်ကြပါတယ်။ ဒါပေမယ့် သူတို့လေးတွေကို ဘယ်တော့မှ အိမ်မွေးတိရစ္ဆာန်တွေနဲ့ တစ်ယောက်တည်း မထားခဲ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အိမ်မွေးတိရစ္ဆာန်တွေဆိုတာက ဘယ်အချိန်မှာ ဘယ်လိုစိတ်မျိုးနဲ့ ရန်လိုလာမလဲ မသိနိုင်လို့ပါပဲ။ အိမ်မွေးတိရစ္ဆာန်တွေကို ဝယ်ယူတဲ့အချိန်မှာလည်း ကိုယ့်ရဲ့မိသားစုနေထိုင်ပုံစရိုက်နဲ့ ကိုက်ညီလား မကိုက်ညီဘူးလားဆိုတာကို သေချာတွေးဆရပါမယ်။ နောက်ပြီး သားသားမီးမီးလေးတို့ကိုလည်း အိမ်မွေးတိရစ္ဆာန်တွေအပေါ် ဘယ်လိုမျိုးပြုမူဆက်ဆံပေးရမလဲဆိုတာကို သင်ကြားပေးရင်းနဲ့ သူတို့လေးတွေ အိမ်ထဲမှာဘေးကင်းကင်းနဲ့နေနိုင်အောင် ဆောင်ရွက်ပေးသင့်တယ်လို့ ချစ်မေမေတို့ကို အကြံပေးလိုက်ပါတယ်နော်။

#HM
#ChitMayMay
Source: magforwomen