Home Parenting Child Care သားသားမီးမီးလေးတို့ကို ရေချိုးပေးတဲ့အခါ သတိထားရမယ့် ဆောင်ရန်၊ ရှောင်ရန်များ

သားသားမီးမီးလေးတို့ကို ရေချိုးပေးတဲ့အခါ သတိထားရမယ့် ဆောင်ရန်၊ ရှောင်ရန်များ

0
988

ချစ်မေမေတို့အနေနဲ့ ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို နေ့တိုင်းရေချိုးပေးစရာ မလိုအပ်ပါဘူး။ ဒါပေမယ့် သူတို့လေးတွေက ရေချိုးရတာကို ကြိုက်နှစ်သက်တယ်၊ ရာသီဥတုကလည်း အလွန်အမင်းမဆိုးရွားဘူးဆိုရင်တော့ သင့်တော်သလို ချင့်ချိန်ပြီး နေ့တိုင်းချိုးပေးလို့လည်း ရပါတယ်။ ဒါပေမယ့် နေ့တိုင်းချိုးပေးတာကိုတော့ တော်တော်များများ အားမပေးကြတာကြောင့် သတိထားဖို့တော့ မှာချင်ပါတယ်။ ရေချိုးပေးတဲ့အခါမှာလည်း သားသားမီးမီးလေးတို့ကို ဘေးကင်းကင်းနဲ့ ရေချိုးပေးနိုင်ဖို့ လိုအပ်တာကြောင့် ဒီနေ့မှာတော့ သူတို့လေးတွေကို ရေချိုးပေးတဲ့အခါမှာ လိုက်နာရမယ့်၊ ရှောင်ကြဥ်ရမယ့်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

အရင်ဆုံး သားသားမီးမီးလေးတွေကို မုန့် ဒါမှမဟုတ် ထမင်းကျွေးပြီးတဲ့အချိန်၊ ပင်ပန်းနေတဲ့အချိန်၊ ဗိုက်ဆာနေတဲ့အချိန်တွေမှာ ရေမချိုးပေးသင့်ပါဘူး။ ဒါ့အပြင် သူတို့လေးတွေကို ရေချိုးပေးမယ့် ရေချိုးခန်းကလည်း လုံလောက်တဲ့အနွေးဓာတ်ရှိမရှိဆိုတာကို ဂရုစိုက်ပါ။ သားသားမီးမီးလေးတို့ကို ရေချိုးပေးတဲ့အခါမှာ ကလေးတွေအတွက် သီးသန့်ရေချိုးဇလုံတစ်လုံးကိုအသုံးပြုပြီး အဲ့ဒီအထဲမှာ ရေနွေးနွေးလေးဖြည့်ပေးထားပါ။ ရေက အလွန်ပူတာမျိုးမဟုတ်ဘဲ နွေးရုံံလောက်ဆိုရပါပြီ။ ပြီးရင် အဲ့ဒီရေကို ချစ်မေမေတို့က လက်နဲ့သေချာမွှေပေးပါ။ ဘာကြောင့် ဒီလိုမျိုးလုပ်ရလဲဆိုရင် ဇလုံထဲမှာတင်ကို တချို့နေရာတွေက အလွန်ပူပြီး တချို့နေရာတွေက အလွန်အေးနေတာမျိုးတွေ ဖြစ်နေနိုင်လို့ပါ။

ရေစမချိုးခင်မှာ အရင်ဆုံးမျက်နှာသစ်ပေးပါ။ မျက်နှာသစ်တဲ့နေရာမှာ မနေ့ကပြောခဲ့သလိုပဲ နူးညံ့တဲ့ဝါဂွမ်းစလေးကို ရေခပ်နွေးနွေးလေးဆွတ်ပြီး သန့်ရှင်းပေးပါ။ ခေါင်းလျှော်မယ်ဆိုရင် ဘာဆပ်ပြာရည်၊ ဘာအမွှေးအကြိုင်မှ မရောစပ်ထားတဲ့ရေကိုပဲ အသုံးပြုပြီး လျှော်ပေးပါ။ ပြီးရင် နူးညံ့တဲ့ပဝါနဲ့ ခေါင်းကို ခြောက်အောင် ချက်ချင်းသုတ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သားသားမီးမီးလေးတွေ နှာစေး၊ ချောင်းဆိုးတာမျိုး၊ အအေးပတ်တာမျိုးတွေကို ရှောင်ရှားနိုင်ပါတယ်။

ပြီးသွားမှ အဝတ်အစားလေးတွေကို ချွတ်ပြီး ရေချိုးပေးဖို့ လုပ်ပါနော်။ သားသားမီးမီးတို့ကို ဇလုံထဲဖြည်းဖြည်းချင်းချီထည့်ပြီး ချစ်မေမေတို့ရဲ့ လက်တစ်ဖက်က သူတို့ရဲ့လက်မောင်းတစ်ဖက်ကို ညင်ညင်သာသာလေး ထိန်းထားပါ။ သူတို့လေးတွေမလဲကျသွားအောင် သတိထားပါ။ သားသားမီးမီးလေးတို့ရဲ့ အစောပိုင်း အသားအရည်က အင်မတန်မှနူးညံ့တာကြောင့် တခြားဘာဆပ်ပြာရည်ကိုမှ အသုံးပြုစရာ မလိုအပ်ပါဘူး။ ဘာမှမရောစပ်ထားတဲ့ ခပ်နွေးနွေးရေကသာ သူတို့လေးတွေအတွက် အသင့်တော်ဆုံးပါ။

အဲ့ဒီအချိန်ရောက်ရင် သားသားမီးမီးတို့ရဲ့ခေါင်းကို ရေမစိုပါစေနဲ့။ တစ်ချို့အိမ်တွေမှာ ရေပူ၊ ရေအေးရှိတာကြောင့် ရေပန်းတွေကနေလည်း ရေချိုးလို့ရပါတယ်။ ဒါပေမယ့် သားသားမီးမီးလေးတို့ အင်မတန်ငယ်သေးတဲ့အချိန်မှာ ရေပန်းနဲ့ရေချိုးပေးတာမျိုးတွေ မလုပ်ပါနဲ့ဦး။ ခုနကပြောတဲ့အတိုင်း ဇလုံထဲကရေခပ်နွေးနွေးနဲ့ပဲ ချစ်မေမေတို့ရဲ့လက်ကိုအသုံးပြုပြီး သားသားမီးမီးတို့ကို ရေချိုးပေးသင့်ပါတယ်။ အထူးအရေးကြီးတဲ့အချက်က သူတို့လေးတွေကို ရေချိုးဇလုံထဲမှာ တစ်ယောက်တည်းလုံးဝ လုံးဝမထားခဲ့ပါနဲ့။ တစ်စက္ကန့်တောင်ထားခဲ့လို့မရပါဘူးနော်။

ရေချိုးပြီးသွားတဲ့နောက်မှာတော့ ရေချိုးဇလုံထဲကနေ ပြန်ချီထုတ်ပြီး စိုစွတ်တဲ့နေရာ လုံးဝမကျန်အောင် သေချာသုတ်ပေးပါ။ အဲ့ဒီအချိန်မှာ တစ်ခါတည်း သားသားမီးမီးလေးတို့ကို ညင်ညင်သာသာလေး နှိပ်နယ်ပေးလိုက်တာကလည်း သူတို့လေးတွေကို စိတ်အပန်းပြေစေပြီး ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်၊။ နောက်ထပ်သတိထားရမယ့်အချက်က တစ်လသားအရွယ် သားသားမီးမီးတို့ကို ရေချိုးပြီးတဲ့အချိန်မှာ ဘယ်လို လိုးရှင်း၊ ခရင်မ်၊ အဆီမျိုးဖြစ်နေပါစေ၊ လုံးဝမလိမ်းပေးဖို့ သတိပေးချင်ပါတယ်။

တကယ်လို့များ သားသားမီးမီးတို့က ရေချိုးရမှာကို ကြောက်နေတယ်၊ အသည်းအသန် ရုန်းကန်နေတယ်ဆိုရင်တော့ ချစ်မေမေတို့ကပါ သူတို့နဲ့အတူတူ ရေချိုးကြည့်လိုက်ပါ။ နောက်ပြီး ရေချိုးဇလုံထဲမှာရှိတဲ့ ရေက သူတို့လေးတွေမခံနိုင်လောက်အောင် အလွန်အမင်းပူနေလားဆိုတာကိုလည်း တစ်ချက်ပြန်ဆန်းစစ်ပါ။ ချစ်မေမေတို့ကိုယ်တိုင်ပါ ရေအတူတူချိုးမယ်ဆိုရင်တော့ သားသားမီးမီးလေးတို့ကို ထိန်းပေးထားဖို့အတွက် နောက်ထပ်လူပိုတစ်ယောက်လောက်ရှိဖို့လိုအပ်ပြီး အဲ့ဒါဆိုရင်တော့ ချစ်မေမေတို့အတွက် လုပ်ရကိုင်ရ ပိုမိုလွယ်ကူနိုင်မှာဖြစ်တဲ့အကြောင်း အကြံဥာဏ်ကောင်းလေးတွေကို မျှဝေပေးလိုက်ရပါတယ်နော်။

#HM

#ChitMayMay

Source: nhs, childcare

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here