
ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေ ဝဝကစ်ကစ်လေးဖြစ်နေတာက တစ်ဖက်ကကြည့်ရင် ကျန်းမာရေးကောင်းပြီး အာဟာရပြည့်ဝနေတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဝဝကစ်ကစ်ဖြစ်ပြီး ချစ်ဖို့ကောင်းနေတာနဲ့ အဝလွန်နေတာလားဆိုတာကိုတော့ ခွဲခြားသိမြင်သင့်ပါတယ်နော်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ သားသားမီးမီးလေးတို့ ဝဝကစ်ကစ်လေးဖြစ်လာဖို့ ဘယ်လိုအစားအစာတွေ ကျွေးမွေးသင့်လဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

၁။ သံလွင်ဆီ
(၄) ကယ်လိုရီ ပမာဏဟာ ပရိုတိန်း ဒါမှမဟုတ် ကာဘိုဟိုက်ဒရိတ် (၁) ဂရမ်နဲ့ ညီမျှပါတယ်။ သံလွင်ဆီ (၁) ဂရမ် ပမာဏမှာ (၉) ကယ်လိုရီပမာဏအထိ ပါဝင်နေတာကြောင့် သားသားမီးမီးတို့ကို ဟင်းသီးဟင်းရွက်ကြော်ကျွေးတဲ့အခါမှာ သံလွင်ဆီကို လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာ ပမာဏလောက်ထည့်ကြော်ပြီး ကျွေးသင့်ပါတယ်။

၂။ အခွံမာသီးပါဝင်တဲ့ထောပတ်
ဒီအရာကတော့ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်တဲ့နေရာမှာ နာမည်ကြီးတဲ့ အမေရိကန်လူမျိုးတွေရဲ့ အသည်းစွဲ အစားအစာပါပဲ။ ဒီလိုမျိုးထောပတ်တွေမှာ အာဟာရဓာတ်မျိုးစုံပါဝင်ပြီး ပါဝင်တဲ့အဆီကလည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆီတွေဖြစ်ပါတယ်။ ဒါ့အပြင် သားသားမီးမီးတို့ အသက် (၆) လအရွယ်လောက်ရှိလာပြီဆိုရင် အစာနဲ့ပတ်သက်တဲ့အလက်ဂျစ်ရှိတာမျိုးတွေ မဖြစ်ရအောင် ဒီလိုမျိုးထောပတ်အမျိုးအစားတွေကို နည်းနည်းစီစမ်းသပ်ကျွေးမွေးကြည့်ပါ။ ကျွမ်းကျင်သူတွေကတော့ မြေပဲ၊ ဗာဒံသီး၊ သီဟိုဠ်စေ့တို့ကို သားသားမီးမီးတို့ရဲ့ မနက်စာအတွက် ကျွေးမွေးမယ့် ထောပတ်ထဲမှာ ကြိတ်ချေပြီး ထည့်သွင်းကျွေးမွေးဖို့ တိုက်တွန်းထားပါတယ်။
၃။ နွားနို့
မွေးကင်းစအရွယ်ကစပြီး သားသားမီးမီးလေးတို့ (၁) နှစ်လောက်ရောက်တဲ့အထိ မိခင်နို့ရည်တစ်မျိုးတည်းကို သေချာတိုက်ကျွေးပါ။ ဒါပေမယ့် အသက် (၁) နှစ်ကနေ (၂) နှစ်ကြား အရွယ်လောက်ကစလို့ သားသားမီးမီးတို့ရဲ့ ခန္ဓာကိုယ်အလေးချိန် တိုးတက်ဖို့အတွက် နွားနို့ကို သေချာကျိုချက်ပြီး စတင်တိုက်ကျွေးသင့်ပါပြီ။

၄။ ထောပတ်သီး
ထူးခြားနူးညံ့တဲ့ အရသာကို ပိုင်ဆိုင်ထားတဲ့ ထောပတ်သီးတွေကလည်း အာဟာရဖြစ်စေတဲ့ဓာတ်ပေါင်းစုတွေ ပါဝင်တာကြောင့် သားသားမီးမီးတို့ကို ဝဝကစ်ကစ်လေးဖြစ်စေချင်တဲ့ ချစ်မေမေတို့အတွက် မဖြစ်မနေ အသုံးဝင်တဲ့ အသီးတစ်မျိုးပါ။ ထောပတ်သီးကို ကျွေးတဲ့အခါမှာ ထောပတ်သီးကို လက်တစ်ဆစ်စာပမာဏလောက် ဖဲ့ပြီးတော့ဖြစ်ဖြစ်၊ Blender ထဲထည့်ကျိတ်ပြီးမှဖြစ်ဖြစ် ကျွေးမွေးရမှာဖြစ်ပါတယ်။
၅။ ငှက်ပျောသီး
အသီးတစ်မျိုးနဲ့တစ်မျိုးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ မတူညီပါဘူး။ ငှက်ပျောသီးမှာ ဖရဲသီး၊ ပန်းသီး၊ စတော်ဘယ်ရီသီးတို့ ကယ်လိုရီပါဝင်မှု ပိုမိုများပြားသလို ပိုတက်ဆီယမ်ဓာတ် ပါဝင်မှုလည်း ပိုမိုများပြားပါတယ်။ အဲ့ဒါကြောင့် ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို ငှက်ပျောသီးလို အာဟာရရှိတဲ့ အသီးမျိုးကျွေးဖို့လည်း လိုအပ်ပါတယ်။

၆။ ကုလားပဲ
သားသားမီးမီးလေးတွေ စားတဲ့သောက်တဲ့ပုံစံကို စောင့်ကြည့်ရင်းနဲ့လည်း ကုလားပဲလို အရာမျိုးကို ကျွေးသင့်ပါတယ်။ ပဲမှာ ပရိုတိန်းဓာတ် ကြွယ်ဝစွာပါဝင်ပြီး သားသားမီးမီးတို့ရဲ့ ခန္ဓာကိုယ် အလေးချိန် တိုးတက်ဖို့အတွက် အဓိက အထောက်အကူဖြစ်စေမှာပါ။ ကုလားပဲမကျွေးချင်သေးဘူးဆိုရင်တောင် ချစ်မေမေတို့အနေနဲ့ သားသားမီးမီးတို့ရဲ့ အနေအထားကိုချင့်ချိန်ရင်း ပဲနီလေး၊ ပဲဝါလေးလောက်ကို နည်းနည်းချင်းစီ စမ်းသပ်ကျွေးသင့်ပါတယ်။
၇။ ချိစ်
ချိစ်မှာလည်း အာဟာရဓာတ် ကြွယ်ဝစွာပါဝင်ပြီး သားသားမီးမီးတို့အတွက် ခွန်အားဖြစ်စေမယ့် ဓာတ်ပေါင်းစုတွေ အများကြီးပါဝင်ပါတယ်။ ချိစ်ကိုတော့ သားသားမီးမီးတို့ ငယ်ရွယ်စဥ်တည်းက စတိလောက်လေးပဲဖြစ်ဖြစ် စမ်းသပ်ကျွေးမွေးကြည့်ရင်း အာဟာရဓာတ်တွေ ရရှိနိုင်မှာဖြစ်ပါတယ်။

၈။ ကွေကာအုပ်
ကွေကာအုပ်ကလည်း သားသားမီးမီးတို့အတွက် အကောင်းဆုံး အစားအသောက်တွေထဲက တစ်ခုအဖြစ် ပါဝင်နေပြီး သံဓာတ်နဲ့ဇင့်ဓာတ်တို့လိုမျိုး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။
၉။ သစ်တော်သီး
သစ်တော်သီးကလည်း ငှက်ပျောသီးလိုပဲ အခြားသောသစ်သီးတွေထက် ကယ်လိုရီပါဝင်မှုနှုန်း ပိုမိုများပြားပါတယ်။ ချစ်မေမေတို့အနေနဲ့ သားသားမီးမီးတို့ကို သစ်တော်သီး၊ ငှက်ပျောသီးတို့တင်မဟုတ်ဘဲ အခြားသော ရာသီပေါ်အသီးလေးတွေကိုလည်း သားသားမီးမီးတို့ စားကျင့်ရှိအောင် နည်းနည်းချင်းစီ ကျွေးမွေးသင့်ပါတယ်။

၁၀။ ဒိန်ချဥ်
အခုဆိုရင် သားသားမီးမီးတို့အတွက် အထူးသီးသန့်ပြုလုပ်ထားတဲ့ ဒိန်ချဥ်တွေရှိလာတာကြောင့် ချစ်မေမေတို့ အနေနဲ့ သားသားမီးမီးတို့အတွက် ဘေးကင်းပြီး သန့်ရှင်းစိတ်ချရမယ့် အမျိုးအစားတွေကို ဝယ်ယူကျွေးမွေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာက သားသားမီးမီးတို့ကို ဒိန်ချဥ်တိုက်ကျွေးတဲ့နေရာမှာ သကြားပါဝင်တဲ့ဒိန်ချဥ်တွေကိုတော့ ရှောင်ကြဥ်သင့်ပါတယ်။
#HM
#ChitMayMay
Source: Parents