သားသားမီးမီးတွေမှာ အကျင့်ဆိုးတွေရှိခဲ့ရင် ပြင်ပေးဖို့ သိကောင်းစရာများ
လူအများစုမှာ လက်သည်းကိုက်တာ၊ လက်စုပ်တာ၊ နှာခေါင်းနှိုက်တာ၊ လက်ဆစ်ချိုးတာ စတဲ့ ဒီမကောင်းတဲ့အလေ့အထ အနည်းဆုံး တစ်ခုခုတော့ ရှိတတ်ကြပါတယ်။ ဒီကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အလေ့အထတွေက ယေဘုယျအားဖြင့် ကလေးဘဝတည်းက အမြစ်တွယ်လာပြီး လူကြီးဖြစ်တဲ့အထိ ဒီအကျင့်ဆိုးကို ဖျောက်ဖို့ခက်ခဲပါတယ်။ မေမေတို့ကလေးမှာ ဒီလိုမကောင်းတဲ့ အကျင့်လေးတွေရှိရင် ငယ်စဉ်ကတည်းက ပြင်ပေးထားဖို့ လိုပါတယ်။

ကလေးအရွယ်ဆိုတာ ဖြူစင်အပြစ်ကင်းတဲ့အရွယ် ဖြစ်တာကြောင့် သူတို့ရဲ့ လုပ်ရပ်တွေကို သတိမထားမိတတ်ကြပါဘူး။ ဒီလိုလုပ်တာဟာ ကျန်းမာရေးအတွက် ကောင်းတဲ့အကျင့်လား၊ မကောင်းတဲ့အကျင့်လားဆိုတာ မသိကြပါဘူး။ ဒါ့ကြောင့် မေမေတို့ကလေးမှာ ဒီလိုအကျင့်ဆိုးရှိခဲ့ရင် ပြင်ပေးဖို့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ လျစ်လျူရှုခြင်း
ဒီအကျင့်ဆိုးတွေ ပြင်ပေးတဲ့အခါ ညင်ညင်သာသာ ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ မကောင်းတဲ့ အလေ့အထကို အမြဲတမ်းစောင့်ကြည့် သတိပေးနေတာ၊ ကလေးကို အပြစ်ဒဏ်ပေးတာက တကယ်တော့ negative သက်ရောက်မှု ရှိနိုင်ပါတယ်။ ဖိအားပေးတာ၊ ရိုက်တာ၊ အော်ငေါက်တာက ဒီအကျင့်ဆိုးကို ပိုဆိုးလာစေပါတယ်။ ကလေးရဲ့သဘာဝက ဒါမလုပ်နဲ့ဆိုရင် ပိုပြီး လုပ်ပြလေ့ရှိပါတယ်။ သူတို့ကို ဂရုစိုက်ပြီး သတိပေးနေရင် ဒီအပြုအမှုကို ထပ်လုပ်ဖို့ အားပေးသလို ဖြစ်စေပါတယ်။ ဒါ့ကြောင့် သူတို့ဒီလိုအကျင့်ဆိုး လုပ်ခဲ့ရင် လျစ်လျူရှုထားလိုက်ပါ။ ဒီအလေ့အထကို တချိန်ချိန်မှာ သူ့ဘာသာသူ ပြင်သွားပါလိမ့်မယ်။
၂။ ချီးမွမ်းခြင်းနှင့် ဆုချခြင်း
ကလေးတွေ ကောင်းတဲ့အလေ့အထ ပြုလုပ်တဲ့အခါ ချီးမွမ်းခြင်းနှင့် ဆုချခြင်းက ကလေးအတွက် သတိရှိရှိနဲ့ မကောင်းတဲ့အလေ့အထကို ရှောင်ရှားဖို့ အကောင်းဆုံး နည်းဗျူဟာ ဖြစ်ပါတယ်။ သူတို့ရဲ့ကိုယ်ကျင့်တရားကို မြှင့်တင်ပေးပြီး သူတို့ရဲ့ အပြုအမှုကောင်းကို သတိပြုမိပါစေ။
၃။ ပညာပေးခြင်း
သားရေ.. ဒီအပြုအမှုကို မလုပ်ရဘူးနော်။ ကျန်းမာရေးအတွက် မကောင်းဘူးလို့ အလေ့အထရဲ့ နောက်ကွယ်က မကောင်းတဲ့ အကြောင်းရင်းတွေကို နားလည်အောင် ရှင်းပြပေးပါ။ သင့်ကလေးဟာ မလုပ်သင့်တဲ့ အကြောင်းရင်းတွေကို နားလည်စေဖို့ အရေးကြီးပါတယ်။ဒါမှသာ ဒီမကောင်းတဲ့ အပြုအမှုပေါ်မှာ စိတ်ဝင်စားမှု နည်းသွားပြီး စွန့်လွှတ်မှာ ဖြစ်ပါတယ်။ သင့်ကလေးက လက်သည်းကိုက်တဲ့အကျင့်ရှိသူဆိုရင် လက်သည်းကိုက်တာက လက်သည်းမှာရှိတဲ့အညစ်အကြေးတွေ၊ ရောဂါပိုးတွေ အလွယ်တကူ ကူးစက်နိုင်တယ်ဆိုတာ ရှင်းပြပေးရပါမယ်။
၄။ဖြစ်ပေါ်တဲ့ အရင်းအမြစ်ကို ရှာဖွေခြင်း
တခါတလေမှာ ကလေးတွေဟာ စိတ်ဖိစီးမှုရှိရင် ဒီမကောင်းတဲ့ အပြုအမူပုံစံကို ကျင့်သုံးပါတယ်။ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ အကြောင်းရင်းကို ရှာဖွေပြီး ကလေးကို ပြောပြဖို့ အရေးကြီးပါတယ်။ သူတို့ရဲ့ပြဿနာကို နားထောင်ခြင်း၊ စိတ်ရှည်ရှည်ထားခြင်း၊ ချစ်ခြင်းမေတ္တာကို ဖော်ပြခြင်းနှင့်အတူ ဒီစိတ်ဖိစီးမှုတွေကို ဖြေရှင်းပေးခြင်းက မကောင်းတဲ့အကျင့်ဆိုးများကို ဖယ်ရှားခြင်းမှာ အရေးပါလှပါတယ်။ ဒါ့အပြင် ဖြစ်ပေါ်တဲ့ အကြောင်းရင်းကို နားလည်ခြင်းက ကလေးရဲ့စိတ်ကို လမ်းကြောင်းပြောင်းဖို့ ကူညီပေးနိုင်ပါတယ်။