ကမ္ဘာပေါ်က မိဘတိုင်းမှာ တူညီတဲ့အရာတစ်ခုကို ပြောပါဆိုရင် သူတို့ရဲ့သားသမီးအရေးနဲ့ပတ်သက်လို့ ဘက်ပေါင်းစုံကနေလိုက်တွေးပြီး စိတ်ပူတတ်ခြင်းပါပဲ။ ကလေးတွေဟာ တဖြည်းဖြည်းကြီးထွားလာတာဖြစ်လို့ ထိန်းကျောင်းရတဲ့ပုံစံတွေကလည်း ပြောင်းလဲနေရတာကြောင့် သားသမီးကိုပြုစုပျိုးထောင်ရတာဟာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုကိစ္စဟာ သင်တစ်ယောက်တည်းမဟုတ်ဘဲ မိဘတိုင်းကြုံတွေ့နေရတာပါ။ ဒါကြောင့် စိုးရိမ်ပူပန်မှုတွေပပျောက်ပြီး စိတ်လက်ပေါ့ပါးစွာ ကလေးတွေကိုထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။
အသီးအရွက်တွေမစားတာ
ကလေးမွေးမလာသေးခင်ကတည်းက သူတို့စားမယ့်အရာနဲ့ပတ်သက်လို့ စိုးရိမ်ကောင်းစိုးရိမ်မိနိုင်ပါတယ်။ မိခင်နို့ပဲတိုက်ရမလား ဒါမှမဟုတ် နို့မှုန့်တွေကပိုကောင်းလား စသဖြင့်တွေးလာရပြီး နောက်လတွေကြာတဲ့အခါ ထပ်တွေးပူလာရတာက ဘယ်လောက်တိုက်ရမလဲ၊ ဘယ်နှစ်ကြိမ်တိုက်သင့်လဲ စတဲ့မေးခွန်းတွေပါ ထပ်ဆောင်းပါလာရပါတယ်။ အဆိုးဆုံးကတော့ သူတို့အတွက် ဘယ်အစားအစာတွေက ပိုကောင်းလဲ၊ ဘယ်လိုဟာတွေကို ရွေးပြီးကျွေးရမလဲဆိုပြီး တွေးရတာပါပဲ။ ကလေးဆိုတာကတော့ သူတို့ကြိုက်တယ် မကြိုက်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ကြလို့ သိပ်ပြီးစိတ်ပူမနေပါနဲ့။

အနိုင်ကျင့်ခံရမှာ
ဒါကတော့ မိဘတိုင်းတွေးပူတတ်လေ့ရှိပြီး သဘာဝကျတဲ့ စိုးရိမ်စိတ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် မဖြစ်လာသေးတာကို ထိုင်ပြီးပူပန်နေလို့လည်း ဘာမှဖြစ်မလာပါဘူး။ ဒီလိုစိုးရိမ်စိတ်ကို သက်သာစေဖို့အတွက် အနိုင်ကျင့်ခံရတဲ့အခါ အသုံးပြုနိုင်ဖို့အတွက် လိုအပ်မယ့် ပစ္စည်းကိရိယာလေးတွေသာ ပေးထားလိုက်ပါ။

ကလေးတစ်ခုခုဖြစ်သွားမှာ
ကိုယ့်ကလေးမိုးရွာထဲသွားနေချိန် မိုးကြိုးအပစ်ခံလိုက်ရမလား၊ အစားအသောက်နင်သွားမလား၊ ရေနစ်မလား၊ ဓာတ်လိုက်မလား စသဖြင့် အတွေးအမျိုးမျိုးလျှောက်တွေးပြီး ညညအိပ်မပျော်ဘူးဖြစ်နေတတ်တာဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ အခုလိုအတွေးတွေနဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်မယ့်အစား ဒီလိုအခြေအနေတွေကိုကြုံလာရတဲ့အခါ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေကို သင်ပေးထားလိုက်ပါ။

အပယ်ခံထားရမှာ
မိဘတိုင်းကတော့ ကိုယ့်သားသမီးကို လူချစ်လူခင် ပေါစေချင်ကြတာချည်းပါပဲ။ ဒါပေမယ့်လည်း ကိုယ်နေလာတဲ့ သက်တမ်းတစ်လျှောက်က အတွေ့အကြုံတွေကို ပြန်ကြည့်မယ်ဆိုရင် လူတိုင်းကိုပျော်အောင်ထားနိုင်ဖို့ဆိုတာဟာ ခက်ခဲလွန်းလှပါတယ်။ ဒါကြောင့် ကလေးငယ်စဥ်ကတည်းက လူကြီးသူမတွေနဲ့ လိုအပ်သူတွေကို ကူညီပေးဖို့ လက်မနှေးတတ်အောင်၊ ရိုင်းပင်းကူညီတတ်အောင်၊ လူသားချင်းစာနာတတ်အောင် သင်ကြားပေးပါ။

ကားတိုက်ခံရမှာ
ဟုတ်ပါတယ်။ မတော်တဆ ယာဥ်တိုက်မှုဆိုတာတွေက အမြဲဖြစ်နေတတ်တယ်ဆိုပေမယ့်လည်း တစ်ခါတစ်ရံကျတော့ စိုးရိမ်မှုတွေက သိပ်ပြီးအစွဲကြီးလွန်းရာရောက်တတ်ပါတယ်။ သည့်အတွက် ကလေးကို ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ပတ်သက်သမျှ သေချာသိနားလည်သဘောပေါက်အောင် စောစောစီးစီး သင်ကြားပေးထားပါ။

Lifestyle_Myanmar
Thinzar
Source- familyminded