လူသားတွေရဲ့ ဘ၀မှာ အရေးကြီးဆုံးဆိုတဲ့အခန်းကဏ္ဍတော်တော်များများမှာ ပါ၀င်နေတတ်တာက အမေတွေပါ။ လူတွေရဲ့ ကောင်းခြင်းဆိုးခြင်းအကျိုးဆက်တွေက အမေရဲ့ ပုံဖော်ဖန်တီးမှု (သို့) စနက်တွေဖြစ်နေတတ်တယ်။ ကျွန်မဘ၀လည်း အဲ့ဒီ့အတိုင်းပါပဲ။ ကျွန်မဘ၀ရဲ့ ပညာရေး၊ ကျန်းမာရေး လူမှုရေး အရာရာတိုင်းပေါ့။ တစ်ခုရှိတာက ကျွန်မဘ၀ကို ဆေးစက်ချတဲ့နေရာမှာ အမေသုံးခဲ့တဲ့လက်နက်တွေက ကြိမ်လုံး၊ ၀ါးခြမ်းပြား ဒါမှမဟုတ် ရေထမ်းပိုးတွေဖြစ်နေတတ်တာပါပဲ။ အဲ့လိုသွန်သင်ဆုံးမခံရတဲ့အခါတိုင်းလည်း ကျွန်မမှာ မကျေနပ်ချက်တွေ၊ ဘာ့ကြောင့်ဆိုတဲ့အကြောင်းတရားတွေကို စဥ်းစားဖို့ထက်အကြောက်တရားတွေသာ လွှမ်းမိုးနေခဲ့တယ်။

အဲဒီ့နေ့က အဲ့ဒီ့နေ့ဆိုတာက အသက်၁၀နှစ်အရွယ်စတုတ္ထတန်းကျောင်းသူဘ၀ရဲ့ မနက်ခင်းတစ်ခု။ ကျောင်းနဲ့အိမ်ကနီးတော့ တစ်ခါတလေမှာ ကျောင်းတက်ခေါင်းလောင်းထိုးမှ ကျောင်းကိုအပြေးအလွှားသွားတတ်သည်။ အဲ့ဒီ့နေ့က ကျောင်းမတက်ခင်မှာ အိမ်ရှေ့မှာပဲ သူငယ်ချင်းတွေနဲ့ ကစားနေခဲ့တယ်။ ယောင်္ကျားလေးသူငယ်ချင်းတွေလည်းရှိနေခဲ့တယ်။ အမေကတော့ အခင်းထဲ(ယာခင်း)ကို သွားတယ်။ ကျွန်မကို ၈း၀၀လောက်ဆို နွားတွေကို စားကျက်ကိုလွှတ်လိုက်ဖို့ မှာခဲ့တယ်။ ကျွန်မလုံး၀ကို မေ့နေခဲ့တယ်။
ကလေးသဘာ၀ကစားနေပြီဆို ဘာမှမသိတော့တာမျိုး။ ၉း၀၀ထိုးခါနီးလောက်မှာ အမေပြန်ရောက်လာတယ်။ အမေပင်ပန်းလာတယ်ထင်တယ်။ မလွှတ်ရသေးတဲ့နွားတွေကို မြင်တော့အမေ့ရဲ့ပင်ပန်းမှုတွေ၊ ဒေါသတွေ ကျွန်မအေပေါ်စုပုံကျလာတယ်။ နွားတွေက ဘာလို့ခုချိန်ထိမလွှတ်ရသေးတာလဲ၊ တစ်ချိန်လုံးဘာတွေလုပ်နေတာလဲ၊ မိဘစကားဆိုရင်ဘယ်တော့မှအလေးမထားဘူး စတဲ့စကားလုံးမြောက်များစွာနဲ့အတူ ကျွန်မခန္ဓာကိုယ်အနှံ့ ကြိမ်လုံးအရှိုးရာတွေ အထူးသဖြင့် ခြေသလုံး နဲ့တင်ပါးတွေပေါ်ပိုများများကျရောက်ခဲ့တယ်။ ဒီလိုဖြစ်တိုင်းလည်းကျွန်မတစ်လုံးတစ်လေမှ ပြန်ရှင်းခွင့်မရှိဘူး။ ဘယ်လိုအကြောင်းပြချက်မှ ပေးပိုင်ခွင့်မရှိဘူး။

အရင်က ခဏခဏအရိုက်ခံခဲ့ရတယ်ဆိုပေမယ့်လည်း ဒီတစ်ခါတော့သူငယ်ချင်းတွေရှေ့မှာမို့ ကျွန်မအရမ်းရှက်ခဲ့တယ်။ ကျွန်မတို့ကစားပွဲလေးလည်းပျက်သွားတယ်။ ပြန်ခါနီး သူငယ်ချင်းတစ်ယောက်က တိုးတိုးလေးပြောသွားတယ်။ ”နင်က နွားတွေကိုမှမလွှတ်ထားတာ”တဲ့။ ကျွန်မအပြစ်က အဲ့လောက်ထိကြီးမားသွားခဲ့တာလား ဒါမှမဟုတ် အမှားအမှန်၀ေခွဲနိုင်ဖို့ ကျွန်မစဥ်းစားခွင့်ဆိုတာမျိုးတောင် မရှိခဲ့ဘူး။ အဲ့ဒီ့အချိန်မှာ ကျွန်မမှာအကြောက်တရားတွေကလွဲလို့ အရာအားလုံးက အမှောင်အတိပဲ။ ဘယ်လောက်ထိအကြောက်တရားတွေ လွှမ်းမိုးခဲ့လဲဆိုရင် အဲ့ဒီ့ခံစားချက်တွေ ခုချိန်မှာ ကျွန်မခံစားလို့ရနေသေးတယ်။

အမေက အမြဲတမ်းလိုလိုအဲ့ဒီ့နည်းကို သုံးတယ်။ အမေက သူ့ရဲ့ ဆုံးမနည်းတွေနဲ့ပတ်သက်ပြီး ဘယ်တော့မှ သံသယသေးသေးလေးမှ မ၀င်ခဲ့ဘူး။ ဒီလိုရိုက်ပြီးဆုံးမတာဟာ ကျွန်မဘ၀တစ်လျှောက်လုံးမှာ အကြောက်တရားတွေကြီးစိုးသွားနိုင်တယ်၊ မလုံခြုံတဲ့ခံစားချက်တွေ လွှမ်းမိုးသွားနိုင်တယ်ဆိုတာ အမေဘာလို့နည်းနည်းလေးမှ မတွေးပေးခဲ့ရတာလဲ။ ပင်ကိုယ်ဗီဇက အာ၀ဇ္ဇန်းကောင်းကောင်း နေရာတကာမှာ အာပေါင်းအာရင်းသန်သန်နဲ့ စကားများလွန်းတဲ့ ကျွန်မက ဘာလို့ဒီလောက်ထိအေးစက်သွားရတာလဲလို့ အမေတစ်ခါတလေမစဥ်းစားမိဘူးလား။ ဒီလိုဆုံးမနည်းတွေဟာ အရေပြားနာကျင်မှုက ယာယီဆိုပေမယ့် ရင်ဘတ်တစ်နေရာရာမှာ တစ်သက်လုံးစွဲနေတတ်တယ်လို့ ကျွန်မပြောရင် အမေအံ့ဩနေမလား။

အမေ ကျွန်မကိုချစ်ခဲ့ရဲ့လားဆိုလားသံသယမ၀င်မိပေမယ့် ချစ်ခဲ့ပါတယ်လို့တော့ မသေချာခဲ့ဘူး။ အမေ ကျွန်မအပေါ်နူးညံ့ညင်သာခဲ့တာတွေအများကြီးရှိခဲ့ပါတယ်။ ဥပမာ- မနက်စောစောအလှူလှည့်လိုက်ရမယ့် ကျွန်မအတွက် အမေမနက်အစောကြီးထပြီး ဆံထုံးထုံးပေးခဲ့တာမျိုး၊ ”ယောင်္ကျားဆိုတာ ဘယ်အချိန်ယူယူ ပညာကငယ်တုန်းသင်ရတာ”လို့ ခဏခဏပြောပြီး ရည်းစားမထားဘဲ ကျောင်းစာကိုပဲဦးစားပေးစေခဲ့တာမျိုး။ ပြီးတော့ ခုလိုအ၀ေးရောက်နေတဲ့အချိန်မှာလည်း အပေါင်းအသင်းကြည့်ပေါင်းဖို့၊ အပြင်ထွက်ရင် ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့၊ အလုပ်ကိုလည်း အာရုံစိုက်ကြိုးစားလုပ်ပေးဖို့ အမေအမြဲမှာခဲ့တယ်။ အဲ့တော့ တကယ်တော့လည်း သေချာပါတယ် အမေကျွန်မကိုချစ်ခဲ့ပါတယ်။ ဒါဆိုရင် ဘာတွေကမှားယွင်းနေခဲ့တာလဲ။