ဟယ်ရီကော်ပတာ မိဘအုပ်ထိန်းမှုဆိုတာဘာလဲ? အဲ့ဒါက သင့်ကလေးရဲ့ဘဝကို ဘယ်လိုပျက်စီးစေနိုင်သလဲ?

0
114
- Advertisement -

ကိုယ့်ကလေးက တခြားကလေးနဲ့ ကစားကွင်းမှာ ရန်ဖြစ်နေတဲ့အခါ သူတို့ပထမဆုံးလုပ်တဲ့အရာက တခြားကလေးရဲ့ မိဘကို ခေါ်လိုက်ခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ ကောလိပ်ကျောင်းသားအရွယ်ကလေးကို စာစီစာကုံးရေးဖို့၊ အိမ်စာလုပ်ဖို့ အမြဲတမ်း တိုက်တွန်းတတ်ပြီး ကလေးရဲ့ အောင်မြင်မှုတွေကို အာရုံစိုက်တဲ့ မိဘတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကလေးတွေကို ဟယ်ရီကော်ပတာလို အပေါ်က အုပ်မိုးထားပြီး ကလေးရဲ့ လှုပ်ရှားမှုတိုင်းကို ထိန်းချုပ်ထားတဲ့ အရမ်းကာကွယ်လွန်းတဲ့ မိဘတွေဖြစ်ပါတယ်။ သင်ဟာ ဒီလိုမိဘအမျိုးအစားဖြစ်ခဲ့ရင် ဟယ်ရီကော်ပတာ မိဘအုပ်ထိန်းခြင်းရဲ့ လက္ခဏာများနှင့် ဒီအုပ်ထိန်းမှုက ကလေးတွေအတွက် ဘာ့ကြောင့် အန္တရာယ်ရှိနိုင်တာကို မျှဝေပေးချင်ပါတယ်။

သင်ဟာ ဟယ်ရီကော်ပတာ မိဘတစ်ဦးဖြစ်ကြောင်း ဘယ်လိုသိနိုင်သလဲ

ဟယ်ရီကော်ပတာ မိဘအုပ်ထိန်းမှုဆိုတဲ့ ဝေါဟာရကို ၁၉၆၉ ခုနှစ်မှာ Dr.Haim Ginott မှ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီဝေါဟာရက မိမိတို့ ကလေးတွေရဲ့ ဘဝကဏ္ဍအသီးသီးကို အလွန်အမင်း ထိန်းချုပ်ပြီး အရမ်းကာကွယ်လွန်းတဲ့ မိဘတွေကို သတ်မှတ်ရာမှာ အသုံးပြုပါတယ်။ ဒီဖြစ်ရပ်ကို ဖော်ပြဖို့ အသုံးပြုတဲ့ အခြားအသုံးအနှုန်းက ဘူဒိုဇာမိဘအုပ်ထိန်းခြင်းနှင့် မြက်ရိတ်စက်မိဘအုပ်ထိန်းခြင်းဖြစ်ပါတယ်။

ကျွမ်းကျင်သူများအဆိုအရ ဟယ်ရီကော်ပတာအုပ်ထိန်းမှုဟာ ယနေ့ခေတ်မှာ အများစုကျင့်သုံးကြတဲ့ မိဘအုပ်ထိန်းမှု ပုံစံတစ်ခုဖြစ်ပါတယ်။ မိဘတွေဟာ ကလေးတွေရဲ့ ဘဝမှာ စိတ်ပျက်စရာတွေ မကြုံစေလို၊ ကောင်းစေချင်တဲ့ဆန္ဒနှင့် ထိန်းကျောင်းပေးလိုကြတာကြောင့် ဖြစ်ပါတယ်။ ဟယ်ရီကော်ပတာ မိဘတွေဟာ ကလေးတွေကို ဂရုစိုက်လွန်နေတာဖြစ်ပြီး ဒီမိဘတွေက ကလေးတွေနှင့် ပတ်သတ်လာတဲ့အခါ ဖြစ်လာနို်ငချေရှိတဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ အရမ်းကို active ဖြစ်လွန်းပါတယ်။ ကလေးတွေရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ခြင်းဖြင့် သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချပေးတတ်ကြပါသေးတယ်။

ဟယ်ရီကော်ပတာ မိဘအုပ်ထိန်းမှုမှာ ပုံစံအမျိုးမျိးနှင့် အရွယ်အစားအမျိုးမျိး ရှိပါတယ်။ တကယ်လို့ သင်ဟာ ဟယ်ရီကော်ပတာလို မိဘမျိုးဖြစ်နေရင် သိစေနိုင်မယ့် လက္ခဏာတစ်ချို့ ရှိပါတယ်။

သင်ဟာ ကလေးကို ရုပ်သေးရုပ်လို သဘောထားတာ။ ကလေးနောက်ကို အရိပ်တစ်ခုလို အမြဲလိုက်နေတတ်ပြီး ကျောင်းက သူတို့ သူငယ်ချင်းရဲ့ မွေးနေ့ပွဲအထိ နေရာတိုင်း လိုက်ပါနေတာမျိုးပါ။ တစ်ယောက်ယောက်က သင့်ကလေးကို မေးခွန်းတစ်ခုမေးတဲ့အခါ ဖြေတဲ့သူက သင်ဖြစ်နေပါလိမ့်မယ်။ ကလေးကိုယ်တိုင် သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းခွင့်ပြုမယ့်အစား မိဘအနေနဲ့ အရာရာတိုင်းကို ကိုယ်တိုင် အလျင်စလို လိုက်လုပ်ဆောင်တတ်ပါတယ်။ တကယ်လို့ ကလေးက သူ့အတန်းဖော်နှင့် ပဋိပက္ခဖြစ်ပါက ဒီအခြေအနေကို ဘယ်လိုပြုမှုရမယ်လို့ ကလေးအား သင်ပေမယ့်အစား ဆရာမ (သို့) အခြားကလေးရဲ့ မိဘတွေကိုခေါ်ပြီး သင်ကိုယ်တိုင် ဖြေရှင်းပစ်လိုက်တာမျိုးပါ။

ကလေးကို ကျရှုံးခွင့်မပြုတာ- ကိုယ့်ကလေးကို အောင်မြင်စေလိုပြီး ကလေးရဲ့ ကျောင်းကိစ္စတွေမှာ အလွန်အမင်း ပါဝင်ပတ်သတ်မှုရှိတာ၊ ကလေးရဲ့ ဆရာမကို ခဏခဏ ဖုန်းခေါ်ပြီး ကလေးရဲ့ကိစ္စမှန်သမျှကို အသေးစိတ်မေးမြန်းတာ ဖြစ်ပါတယ်။ ဒါက သင့်ကိုပိုမိုဝေးကွာသွားစေပါတယ်။ သူတို့ရဲ့ စာစီစာကုံးတွေကို ရေးပေးတာ၊ သူတို့ရဲ့ အိမ်စာတွေကိုလုပ်ပေးတာ၊ မိမိစိတ်ကြိုက်ရွေးထားတဲ့ ဆရာတွေ၊ ဂိုက်တွေနဲ့ စာသင်စေတာက ကလေးရဲ့ သင်ကြားရေးမှာ အောင်မြင်ဖို့ အထောက်အကူပြုလိမ့်မယ်လို့ သင်ထင်ပါလိမ့်မယ်။

Over-protective မိဘတွေဟာ အနားမရနိုင်သလို လူတိုင်းနဲ့ အရာအားလုံးက သူတို့ကလေးတွေအတွက် ဆိုးရွားတဲ့ ခြိမ်းခြောက်မှုလို့ မြင်နေကြခြင်း ဖြစ်ပါတယ်။

ဘာ့ကြောင့် ဟယ်ရီကော်ပတာ ပြုစုပျိုးထောင်မှုက ကလေးအတွက် အန္တရာယ်ရှိနိုင်တာလဲ?

Over-protective မိဘတွေကို သူတို့ရဲ့ ကလေးကို ပြုစုပျိုးထောင်ဖို့ ဘာ့ကြောင့် ဒီနည်းဗျူဟာကို ရွေးချယ်ခဲ့သလဲလို့မေးရင် သူတို့က သူတို့ကလေးတွေကို ချစ်မြတ်နိုးပြီး သူတို့ဘဝကို ပိုမိုပျော်ရွင်စေလိုတာကြောင့်လို့ ပြောပါလိမ့်မယ်။ တကယ်တော့ ကလေးအုပ်ထိန်းခြင်းအတွက် ဒီချဉ်းကပ်မှုက ကလေးငယ်တွေအတွက် သူတို့အရွယ်ရောက်လာပြီး သူ့တို့ဘဝမှာ မအောင်မြင်မှုတွေနဲ့ စိတ်ပျက်စရာတွေကို ကြုံလာတဲ့အခါ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို မသိသော အခြေအနေမျိုးကို ဖြစ်ပေါ်စေပါတယ်။

လေ့လာမှုများအရ ဟယ်ရီကော်ပတာမိဘအုပ်ထိန်းခြင်းက ကျောင်းနှင့် သက်ဆိုင်လာတဲ့အခါ ကောလိပ်ကျောင်းသားတွေ အတွက်တော့ မီးလောင်ရာလေပင့် ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ နောက်ထပ်လေ့လာမှုအရ စိတ်ကျဝေဒနာမြင့်တတ်မှုနှင့် ဘဝကို ကျေနပ်မှုနည်းပါးခြင်းက မိဘတွေလွှမ်းမိုးမှုဖြင့် ကြီးပြင်းခံရခြင်းတို့ ဆက်စပ်လျက်ရှိပါတယ်။

အလွန်အကျွံ ပါဝင်ပတ်သတ်နေတဲ့ မိဘတွေရဲ့ ကလေးတွေဟာ သူတို့အမှားတွေထဲက သင်ယူဖို့နှင့် သူတို့အရွယ်ရောက်ပြီး သူတို့ဘဝမှာ အရေးကြီးသော ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ အခွင့်အရေးမရှိပါဘူး။ ထို့အပြင် ဟယ်ရီကော်ပတာ အုပ်ထိန်းခြင်းက မိဘတွေဟာ ကိုယ့်ကလေးတွေကို ကိုယ်တိုင်လုပ်နိင်တယ်ဆိုတာကို မယုံကြည်ကြောင်း အချက်ပြတစ်ခုလို ဖြစ်စေပါတယ်။ ဒါက နောက်ပိုင်းမှာ ကလေးတွေရဲ့ မိမိကိုယ်ကို လေးစားမှုကို နည်းပါးစေပါတယ်။

မိဘအုပ်ထိန်းမှုပုံစံကို ဘယ်လိုပြောင်းလဲနိုင်သလဲ?

အထက်မှာ ဖော်ပြခဲ့တဲ့ ဟယ်ရီကော်ပတာ မိဘအုပ်ထိန်းမှုရဲ့ လက္ခဏာအချို့သင့်မှာရှိကြောင်း တွေ့ရှိပါက သင့်ရဲ့ မိဘအုပ်ထိန်းမှုပုံစံကို ပြောင်းလဲဖို့ ပြုလုပ်နိုင်တဲ့ ထိရောက်သော အဆင့်အချို့ရှိပါတယ်။
ကလေးရဲ့ အချိန်ဇယားကို ပြန်လည်စဉ်းစားပါ။ ကလေးအနားရစေဖို့နှင့် သူတို့လိုချင်တဲ့အတိုင်းလုပ်ဖို့ အချိန်နှင့် နေရာအလုံအလောက် ရှိ/မရှိဆိုတာ ဆန်းစစ်ပါ။ လုပ်ဖို့စီစဉ်ထားတာ မရှိတဲ့ အချိန်တွေမှာ သင့်ကလေးရဲ့ စိတ်ကူးစိတ်သန်းကို မြှင့်တင်ပေးပြီး သူတို့ အမှန်တကယ် ဘာလုပ်ချင်သလဲဆိုတာကို ဆုံးဖြတ်ဖို့ ကူညီပေးပါ။

သင့်ကလေးကို ပိုယုံကြည်စိတ်ချထားပြီး သူတို့အသက်အရွယ်နဲ့ သင့်တော်မယ့် နေ့စဉ်အိမ်မှုကိစ္စလေးတွေ လုပ်ခိုင်းပါ။

သင့်ကလေးကို အမှားတွေထဲမှ သင်ခန်းစာယူခွင့်ပြုပါ။ ဒါက သူတို့ရဲ့ လူကြီးဘဝမှာ ကျရှုံးမှုနှင့် စိတ်ပျက်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်လိမ့်မယ့် သင်ယူခြင်းနှင့် ကြီးပြင်းလာခြင်းရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီအဆင့်က သင့်ကလေးရဲ့ အမှားတွေကို လက်ခံဖို့ မိဘတစ်ယောက်အနေဖြင့်လည်း ကူညီပါလိမ့်မယ်။

ကလေးကို စွန့်စားဖို့ သင်ယူစေပါ။ လက်တွေ့ကျကျ သင်ယူခြင်းက သင့်ကလေးရဲ့ self-esteem ကိုမြှင့်တင်ပေးပါလိမ့်မယ်၊ သူတို့ လိုအပ်တဲ့အခါ ကူညီဖို့ မိဘတွေအမြဲရှိနေတယ်ဆို သူတို့ကိုအသိပေးပါ။ သို့သော် သူတို့ရဲ့ ဆုံးဖြတ်ချက်တိုင်းကို ဝင်မစွက်ဖက်ပါနဲ့။

ကောင်းမွန်တဲ့ မိဘအုပ်ထိန်းမှုပုံစံဖြင့် ကလေးတွေကို ပြုစုပျိုးထောင်နိုင်ကြပါစေ။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here