အကျိုးရှိပြီး ထိရောက်တဲ့ မိဘအုပ်ထိန်းမှုပုံစံအကြောင်း သိကောင်းစရာ

0
147
- Advertisement -

မိဘတိုင်းကတော့ သားသားမီးမီးတို့ကို ချစ်ကြတာချည်းပါပဲ။ ဒါပေမယ့် တစ်ဖက်မှာလည်း ချစ်မေမေတို့က ချစ်ခြင်းမေတ္တာနဲ့မှန်ကန်တဲ့ မိဘအုပ်ထိန်းမှုပုံစံ

ချစ်မေမေတို့ရေ…။ သားသားမီးမီးတို့ ကောင်းစွာကြီးပြင်းလာဖို့အတွက် ချစ်မေမေတို့ရဲ့ မိဘအုပ်ထိန်းမှုပုံစံက မှန်ကန်ဖို့ လိုအပ်ပါတယ်။ မိဘတိုင်းကတော့ သားသားမီးမီးတို့ကို ချစ်ကြတာချည်းပါပဲ။ ဒါပေမယ့် တစ်ဖက်မှာလည်း ချစ်မေမေတို့က ချစ်ခြင်းမေတ္တာနဲ့မှန်ကန်တဲ့ မိဘအုပ်ထိန်းမှုပုံစံကို ကောင်းကောင်းချိန်ညှိနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ချစ်မေမေတို့နဲ့ ချစ်ဖေဖေတို့လို မိဘတွေအားလုံးသိထားဖို့လိုအပ်တဲ့ မိဘအုပ်ထိန်းမှုပုံစံတွေအကြောင်းကိုမျှဝေပေးချင်ပါတယ်။

၁။ သားသားမီးမီးတို့ကိုယ့်ကိုယ်ကိုယ် လေးစားတတ်မှုကို မြှင့်တင်ပေးခြင်း။

- Advertisement -

လူ့လောကကြီးမှာ ရှင်သန်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ်လေးစားမှုက မပါမဖြစ် အရေးကြီးပါတယ်။ ချစ်မေမေတို့က သားသားမီးမီးတို့ကို အခြားကလေးတွေနဲ့ နှိုင်းယှဥ်ပြီး အမြဲတမ်းပြစ်တင်ဝေဖန်နေမယ်ဆိုရင် သူတို့လေးတွေရဲ့စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမဲ့လာသလို ခံစားရပါလိမ့်မယ်။ ဒီတော့ ဒီလိုအပြုအမူကို လုံးဝရှောင်ကြဥ်ဖို့ အရေးကြီးပါတယ်။ နောက်ပြီး ချစ်မေမေတို့က သူတို့လေးတွေ ကိုယ့်ကိုယ်ကိုယ်လေးစားတတ်အောင် သင်ကြားပေးပါနော်။

၂။ နေ့စဥ်နေ့တိုင်း ချီးမွမ်းပါ။

ချစ်မေမေတို့က သားသားမီးမီးတို့နဲ့ ပတ်သက်လာရင် အမြဲတမ်း အဆိုးမြင်တတ်ကြလား ဒါမှမဟုတ် အကောင်းမြင်ပြီး ချီးကျူးတတ်ကြလား ပြန်စဥ်းစားကြည့်ပါ။ လိုအပ်တာကတော့ ချစ်မေမေတို့အနေနဲ့ သားသားမီးမီးတို့ကို နေ့ရက်တိုင်းမှာ အနည်းဆုံးတစ်ခါလောက်တော့ သူတို့လေးတွေရဲ့ အပြုအမူနဲ့ပတ်သက်လို့ ချီးကျူးပြောကြားပေးပါနော်။

၃။ စည်းကမ်းကောင်းအောင် သင်ကြားပေးပါ။

ချစ်မေမေတို့ဖြစ်စေချင်တာရယ်၊ သားသားမီးမီးတို့ဖြစ်ချင်တာရယ် နှစ်ခုအကြားမှာ သေချာချိန်ညှိပြီး ချစ်မေမေတို့က စည်းမျဥ်းစည်းကမ်းတွေကို သတ်မှတ်ပေးပါ။ ဥပမာပြောရရင် သားသားမီးမီးတို့ ကျောင်းက အိမ်စာမပြီးမချင်း တီဗီမကြည့်ရဘူးဆိုတဲ့ စည်းကမ်းမျိုးပေါ့။ စည်းကမ်းဟူသည်လူ့တန်ဖိုးဆိုတဲ့ စကားရှိတာကြောင့် ချစ်မေမေတို့က သားသားမီးမီးတို့ကို စည်းကမ်းရှိအောင် သင်ကြားပေးထားဖို့ အရေးကြီးပါတယ်။

၄။ သားသားမီးမီးတို့အတွက် အချိန်ပေးပါ။

ချစ်မေမေတို့၊ ချစ်ဖေဖေတို့က ဘယ်လောက်ပဲအလုပ်များနေပါစေဦး၊ သားသားမီးမီးတို့အတွက် သီးသန့်အချိန်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း သားသားမီးမီးတို့က နွေးထွေးမှုကို ခံစားရမှာဖြစ်ပြီး သူတို့လေးတွေရဲ့ ပျော်စရာအခိုက်အတန့်တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။

၅။ စံပြပုဂ္ဂိုလ်ဖြစ်အောင်နေပါ။

သားသားမီးမီးတို့က ချစ်မေမေတို့၊ ချစ်ဖေဖေတို့ကိုပဲ ကြည့်ပြီး ကြီးပြင်းလာရတာဖြစ်တာကြောင့် ချစ်မေမေတို့ရဲ့ အပြုအမူတွေက သူတို့လေးတွေအတွက် လုံးဝကိုစံပြဖြစ်နေဖို့လိုအပ်ပါတယ်။ ချစ်မေမေတို့က နူးညံ့သိမ်မွေ့ရင် သိမ်မွေ့သလို သူတို့လေးတွေကို ဒီပုံစံအတိုင်း ကြီးပြင်းလာမယ်ဆိုတာကိုလည်း စဥ်းစားသင့်ပါတယ်။

၆။ အဆုံးအစမဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကို ပြသပါ။

ချစ်မေမေတို့က သူတို့လေးတွေအပေါ် ဘယ်လောက်အထိ ချစ်လဲဆိုတာကို အပြည့်အဝထုတ်ပြဖို့ လိုအပ်ပါတယ်။ မိဘမေတ္တာကတော့ ကြီးကျယ်ခမ်းနားတာ လူတိုင်းအသိပါ။ ဒါပေမယ့် သူတို့လေးတွေက ဒီချစ်ခြင်းတရားတွေကို မမြင်နိုင်ဘူးဆိုရင် ဘာမှအကျိုးရှိမှာမဟုတ်ပါဘူး။ ဒီတော့ ချစ်မေမေတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို သူတို့လေးတွေသိနိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ထုတ်ပြနိုင်ပါတယ်။

၇။ မိဘတစ်ယောက်ရဲ့မျှော်လင့်ချက်နဲ့သားသားမီးမီးတို့ရဲ့ ဆန္ဒ။

ချစ်မေမေတို့က မိဘအနေနဲ့ မျှော်လင့်ချက်တွေ ထားတာကို နားလည်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း သားသားမီးမီးတို့ရဲ့ ဝါသနာနဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကိုလည်း လေးစားတာပေါ့။ ဒီတော့ တတ်နိုင်သလောက် သူတို့လေးတွေဖြစ်ချင်တာကို ပံ့ပိုးပေးပါ။ သူတို့လျှောက်လှမ်းနေတဲ့လမ်းက မှန်လား၊ မှားလားဆိုတာကိုလည်း ချစ်မေမေတို့က ထိန်းကျောင်းပေးလိုက်ကြပါ။

ချစ်မေမေတို့ရေ…။ သားသားမီးမီးတို့အပေါ်ထားတဲ့ အတိုင်းအဆမဲ့တဲ့ ချစ်ခြင်းမေတ္တာတရားကို ထိရောက်ပြီး အကျိုးရှိတဲ့ အုပ်ထိန်းမှုတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတို့က သူတို့ရဲ့ဘဝမှာ အရမ်းအရမ်းကို ပြီးပြည့်စုံစွာနဲ့ ကြီးပြင်းလာမှာနော်။ အဲ့ဒါကြောင့်လည်း ချစ်မေမေတို့အတွက် အခုလိုပဲတန်ဖိုးရှိတဲ့နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်ရှင်။

#HM

#ChitMayMay

Source: kidshealth

LEAVE A REPLY

Please enter your comment!
Please enter your name here