ကလေးငယ်တွေကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ချစ်ခြင်းမေတ္တာနဲ့ ချစ်ခင်ကြင်နာခြင်းတို့လိုအပ်ပါတယ်။
ကလေးငယ်တွေဟာ သူတို့ရဲ့ စောင့်ရှောက်သူများထံမှ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှု၊ ကာကွယ်ပေးမှု၊ အာရုံစိုက်ခံရမှုမရရှိပါက
ကလေးငယ်တွေဟာ ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့မှုတွေခံစားကြရပါတယ်။ အဲဒီလိုချို့တဲ့မှုတွေရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို ဖော်ပြပေးချင်ပါတယ်။
ရန်လိုတတ်ခြင်း

ချစ်ခင်တွယ်တာမှုမဲ့ခြင်းရဲ့ အကျိုးဆက်အဖြစ် သူတို့ဟာ အရာရာကို အဆိုးမြင်တတ်လာကြပါတယ်။ အတ္တကြီးပြီး ရန်လိုတတ်လာပါတယ်။ အဲဒီလိုမျိုးတွေကို ပြန်လည်ပြုပြင်ပေးဖို့အတွက် သူတို့ကို ဂရုစိုက်မှုတွေပေးရပါမယ်။ သူတို့ရဲ့ စကားတွေကို နားထောင်ပေးရပါမယ်။ ဘယ်လိုအရာတွေက သူတို့ကို အနှောင့်အယှက်ဖြစ်စေတာလဲဆိုတာမျိုးကို ထုတ်ဖော်ပြောဆိုလာအောင် သူတို့ရဲ့ ယုံကြည်မှုကို တဖန်ပြန်လည်ရရှိအောင် ကြိုးပမ်းရပါမယ်။
မနာခံခြင်း

ကလေးငယ်တွေသည် မိဘတွေဟာ သူတို့အပေါ် (သို့) သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးဟု ထင်မြင်နေတဲ့အခါမျိုးမှာ မိဘတွေရဲ့ ပြောဆိုဆုံးမမှုတွေကို အရွဲ့တိုက်တတ်ကြပါတယ်။ အဲဒီလို အပျက်သဘောဆောင်တဲ့ အပြုအမူမျိုးတွေ၊ စကားတွေကို ပြောဆိုတာဟာ မိဘတွေရဲ့ အာရုံစူးစိုက်မှုကို ပြန်လည်ရရှိနိုင်တယ်လို့ထင်မှတ်ကြတဲ့အတွက် မနာခံမှုတွေကို ပြတတ်ကြပါတယ်။ မနာခံမှုရဲ့ လက္ခဏာတွေဖြစ်တဲ့ ဒေါသကြီးခြင်း၊ စိတ်အပြောင်းလဲမြန်ခြင်း၊ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ခြင်း၊ ရန်လိုတတ်ခြင်း၊ ဘာရယ်မဟုတ်ဘဲ ကြောက်လန့်တတ်ခြင်း အစရှိတဲ့ ပြဿနာမျိုးတွေဟာ သူတို့ကြီးပြင်းအရွယ်ရောက်လာချိန်အထိ ဆိုးကျိုးသက်ရောက်မှုရှိနိုင်တာမို့ မိဘတွေအနေနဲ့ ဂရုတစိုက်ဖြေရှင်းပေးဖို့လိုအပ်ပါတယ်။
မလုံခြုံမှု

ချစ်ခြင်းမေတ္တာမရရှိဟု ခံစားရတဲ့ ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေဖြစ်ပေါ်လာကြပြီး အကာအကွယ်မဲ့တဲ့ခံစားချက်မျိုးတွေကို ခံစားလာရပါတယ်။ သူတို့တွေဟာ လူအများနဲ့ ဆက်ဆံရေးကို ကြောက်ရွံ့လာကြပါတယ်။ အမြဲတမ်းမယုံသင်္ကာတဲ့စိတ်တွေဖြစ်ပေါ်နေပြီး ပညာရေးညံ့ဖျင်းမှု၊ သင်ယူနိုင်မှုအခက်အခဲနဲ့ စိတ်ဓါတ်တက်ကြွမှုကင်းမဲ့တဲ့အတွက် ဘာသာစကားဖွံ့ဖြိုးဖို့ အချိန်ပိုယူရလေ့ရှိပြီး လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေမှာလည်း ညံ့ဖျင်းသွားတတ်ကြပါတယ်။

ဒီလိုလက္ခဏာတွေရဲ့ အကျိုးဆက်ဟာ အရွယ်ရောက်ကြီးပြင်းလာတဲ့အထိကို သက်ရောက်မှုရှိပြီး သူတို့ကို လူမှုရေးစွမ်းရည်ညံ့ဖျင်းတဲ့၊ အတ္တကြီးပြီး တကိုယ်ကောင်းဆန်တဲ့လူတွေဖြစ်သွားစေတတ်ပါတယ်။ ဒီလိုချို့တဲ့မှုတွေခံစားရတဲ့ ကလေးငယ်တွေဟာ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုကို အကျိုးသက်ရောက်မှုရှိတာကို မိဘတွေအနေနဲ့ သတိပြုဖို့လိုအပ်ပါတယ်။
မိမိတို့ရဲ့ ကလေးငယ်တွေမှာ ဒီလို လက္ခဏာတွေကို သတိပြုမိပါက အဲဒီလိုအပြုအမူတွေကို ပြုပြင်ဖို့နဲ့ ကလေးငယ်တွေကို ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ကြင်နာခြင်းများပိုမိုပေးစွမ်းဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြလိုက်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref- youaremom
Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။