အချိန်ကိုကောင်းကောင်းစီမံခန့်ခွဲနိုင်ဖို့ မေမေတို့အတွက်လမ်းညွှန်

0
294
- Advertisement -

မေမေဆိုတာက ကမ္ဘာပေါ်မှာသမ္မတထက်တောင် အလုပ်များတဲ့သူတွေလို့ဆိုနိုင်ပါတယ်။ အပြင်ထွက် အလုပ်လုပ်နေတဲ့ မေမေတို့ဆိုရင် ရုံးအလုပ်နဲ့အိမ်အလုပ်တွေကတစ်ဖက်၊ သားသားမီးမီးတွေကို ထိန်းဖို့ကတစ်ဖက်နဲ့ ဗျာများနေရတဲ့သူတွေဖြစ်တာကြောင့် အလုပ်တွေပိပြီး စိတ်ပန်း၊ လူပန်းမဖြစ်ဖို့အတွက် အချိန်ကိုဘယ်လိုမျိုးစီမံခန့်ခွဲရမယ်ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အကူအညီယူပါ။
အိမ်မှာရှိသမျှကိစ္စရပ်တွေအားလုံးကို တစ်ယောက်တည်းသိမ်းကျုံးလုပ်နေမယ့်အစား ကိုယ့်ခင်ပွန်းကိုလည်း အားလပ်ချိန်မှာ အိမ်အလုပ်တွေဝိုင်းကူလုပ်ပေးဖို့၊ သားသားမီးမီးတို့ကို ထိန်းပေးဖို့ အကူအညီတောင်းသင့်ပြီး ခင်ပွန်းဘက်ကသာ ကူညီမယ်ဆိုရင် ကိုယ်ပင်ပန်းရမှာနဲ့ကုန်ကျမယ့်အချိန်တွေက တစ်ဝက်လောက်သက်သာသွားပါလိမ့်မယ်။ ဒါ့အပြင် ဒီလိုမျိုးစုပေါင်းဆောင်ရွက်တာက ကိုယ်နဲ့ကိုယ့်ခင်ပွန်းအကြားမှာလည်း နွေးထွေးမှုပိုမိုရရှိစေမှာပါ။ ခေတ်စနစ်ကြီးက တိုးတက်လာတာနဲ့အညီ အဝတ်လျှော်၊ ဟင်းချက်ကိစ္စရပ်တွေမှာလည်း အဝတ်လျှော်စက်တွေ၊ မိုက်ခရိုဝေ့ဗ်မီးဖိုတွေကို အသုံးပြုခြင်းအားဖြင့် လူလည်းသက်သာ၊ အချိန်ကုန်လည်းသက်သာနဲ့အကျိုးရှိနိုင်ပါလိမ့်မယ်။

၂။ သားသားမီးမီးတို့ကို ကိုယ့်အားကိုယ်ကိုးတတ်အောင်သင်ကြားပေးပါ။
အိမ်တစ်အိမ်ရဲ့ဆည်းလည်းလေးတွေလို့ဆိုရမယ့် သားသားမီးမီးလေးတွေ လူ့လောကထဲ ပထမဆုံးရောက်လာတဲ့အချိန်က ဖေဖေနဲ့မေမေတို့အတွက် ပျော်ဖို့အကောင်းဆုံးအချိန်တွေပါပဲ။ မွေးကင်းစအရွယ်မှာ သားသားမီးမီးတို့ကို ထမင်းကျွေးတာ၊ ရေချိုးပေးတာ၊ အညစ်အကြေးသန့်စင်ပေးတာတွေ လုပ်ပေးရတယ်ဆိုပေမယ့် သူတို့ဘာသာသူတို့လုပ်နိုင်တဲ့အရွယ်အထိ ဒီလိုမျိုးတွေလိုက်လုပ်ပေးတာက သူတို့လေးတွေရဲ့အကျင့်စရိုက်ကို ပျက်စီးစေနိုင်သလို ကိုယ့်အတွက်လည်း မလိုအပ်ဘဲအချိန်တွေအများကြီးကုန်စေပါတယ်။

၃။ လိုအပ်မှသာ အလုပ်နှစ်ခု၊ သုံးခုကို တစ်ပြိုင်နက်တည်းလုပ်ပါ။
အချိန်ကိုကောင်းကောင်းစီမံခန့်ခွဲနိုင်မှုဆိုတဲ့ခေါင်းစဥ်အောက်မှာ အလုပ်နှစ်ခု၊ သုံးခုကို တစ်ပြိုင်တည်းကောင်းကောင်းလုပ်နိုင်တယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ လမ်းလျှောက်နေရင်း အလုပ်ကိစ္စဖုန်းပြောတာ၊ မီးဖိုချောင်သန့်ရှင်းရေးလုပ်ရင်း ကိုယ့်ရဲ့သားသားမီးမီးတွေကို ဗဟုသုတရစရာအကြောင်းတွေ ဥာဏ်စမ်းမေးခွန်းလုပ်ပြီးမေးတာမျိုးတွေလည်း လုပ်သင့်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ အချို့သောအလုပ်တွေကိုနှစ်ခု၊ သုံးခု တစ်ပြိုင်တည်းလုပ်တာမျိုးက အန္တရာယ်ကိုဖိတ်ခေါ်နိုင်တယ်ဆိုတာကိုလည်း မေမေတို့အားလုံးသေချာသတိထားသင့်ပါတယ်။

၄။ ကိုယ့်အတွက် အပန်းပြေမယ့်အချိန်တွေကို ရှာဖွေပါ။
မေမေတို့အနေနဲ့ တစ်ချိန်လုံးအိမ်နဲ့ရုံး၊ ရုံးနဲ့အိမ် ကူးလူးသွားလာရင်း ရုံးအလုပ်တွေ၊ အိမ်အလုပ်တွေနဲ့ပိနေမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ စိတ်ရောလူပါပင်ပန်းပြီး အိပ်ရာထဲလဲသွားပါလိမ့်မယ်။ အဲ့ဒါကြောင့် အလုပ်နားရက်တွေမှာ သားသားမီးမီးတို့အပါအဝင် မိသားစုနဲ့အတူ အပြင်ထွက်လည်ပတ်ပြီး အရသာရှိတာတွေ ဝယ်စားတာမျိုး ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့လျှောက်လည်တာမျိုးတွေကို ပြုလုပ်ပေးသင့်ပါတယ်။

၅။ အချိန်ဇယားဆွဲထားပါ။
ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို အချိန်ဇယားနဲ့ သတ်သတ်မှတ်မှတ်လုပ်ထားမယ်ဆိုရင် မလိုအပ်ဘဲ ဗျာများစရာမလိုတော့ဘဲ လုပ်စရာရှိတာတွေကို သတ်မှတ်ထားတဲ့အချိန်အတွင်း သက်သောင့်သက်သာလုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအချိန်ဇယားပေါ်မှာချည်းပဲ ပုံသေတွက်ချက်ထားလို့မရဘဲ သားသားမီးမီးတို့နဲ့ပတ်သက်လို့ လိုအပ်ရင်လိုအပ်သလိုပြောင်းလွယ်ပြင်လွယ်ဖြစ်နိုင်ဖို့ လိုအပ်ပါတယ်လို့ အကြံပေးလိုက်ရပါတယ်။

#HM
#ChitMayMay
Source: verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here