အငိုသန်တဲ့သားသားမီးမီးတို့ကို ပိုင်ဆိုင်ထားတဲ့ ချစ်မေမေတို့အတွက် နည်းလမ်းကောင်းများ

0
282
- Advertisement -

သားသားမီးမီးတို့ဆိုတာကလည်း လူတစ်ကိုယ်၊ စိတ်တစ်မျိုးဆိုတဲ့အတိုင်း မတူညီတဲ့ အကျင့်စရိုက်တွေကို ပိုင်ဆိုင်ရင်း မွေးဖွားလာကြသူတွေပါ။ အချို့ကျ အရယ်အပြုံးသန်တယ်၊ တစ်နည်းပြောရရင် မျက်နှာချိုတယ်၊ အချို့ကျတော့လည်း အင်မတန်မှ အငိုသန်တတ်ကြတာတွေရှိပါတယ်။ ဒီနေ့မှာတော့ အငိုသန်တဲ့ သားသားမီးမီးတို့ကို ပိုင်ဆိုင်ထားတဲ့ ချစ်မေမေတို့အတွက် အသုံးဝင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေတင်ဆက်ပေးလိုက်ရပါတယ်။

၁။ အနှီးနဲ့ထုပ်ပြီး ပွေ့ဖက်ချော့မြူပါ။

သားသားမီးမီးတို့က အင်မတန်မှ နှစ်သိမ့်မှု လိုချင်ကြတာကြောင့် သူတို့လေးတွေ ငိုပြီဆိုရင်တော့ အနှီးနဲ့ နွေးနွေးထွေးထွေးထုပ်ပြီး သေချာလေး ချော့မြူပေးလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ချစ်မေမေတို့ရဲ့ နွေးထွေးတဲ့ မိခင်မေတ္တာကို သူတို့လေးတွေ ခံစားနိုင်မှာဖြစ်ပါတယ်။ မိဘရဲ့နွေးထွေးမှုကို ခံစားရလေ့ရှိတဲ့ သားသားမီးမီးတို့က လွယ်လွယ်နဲ့စိတ်အားငယ်တာမျိုး၊ မျက်ရည်လွယ်တာမျိုးတွေမဖြစ်နိုင်တော့ပါဘူး။

၂။ မှောက်လျက်ပွေ့ချီပေးပါ။

အင်မတန် ငယ်ရွယ်သေးတဲ့ သားသားမီးမီးလေးတွေ ငိုရင် တစ်ခါတလေ ဘာဖြစ်လို့ဖြစ်မှန်း မသိနိုင်ပါဘူး။ များသောအားဖြင့် ချစ်မေမေတို့က သူတို့လေးတွေရဲ့ နောက်ကျောကို လက်နဲ့ကပ် ကိုယ်နဲ့မျက်နှာမူလျက် ချီတတ်ကြပေမယ့် လွယ်လွယ်နဲ့ အငိုမတိတ်ဘဲ အလွန်အမင်း အငိုသန်နေဦးမယ်ဆိုရင်တော့ ခုနပြောတဲ့ပုံစံနဲ့ဆန့်ကျင်ဘက်အဖြစ် မှောက်လျက်လေးချီလိုက်ပါ။

၃။ ချိုသာအေးမြတဲ့အသံအချို့ကို ဖွင့်ထားပေးပါ။

အင်မတန်ငိုတတ်လွန်းတဲ့ သားသားမီးမီးလေးတို့အတွက် ပန်ကာဖွင့်သံ၊ အဲယားကွန်းဖွင့်သံ၊ ရေပန်းကရေကျသံနဲ့ ရေဒီယိုအသံလေးတွေကို သူတို့ ကြားလောက်ရုံ အသံပမာဏလောက်ဖွင့်ပေးထားသင့်ပါတယ်။ အဲ့ဒီအသံတွေက သူတို့လေးတွေကို ချစ်မေမေတို့ရဲ့ ဝမ်းထဲမှာ နေခဲ့တုန်းကလိုမျိုး နွေးထွေးမှုတွေကို ခံစားရစေမှာပါ။

၄။ ချိုလိမ်တပ်ပေးထားပါ။

သားသားမီးမီးလေးတို့ မွေးကင်းစအချိန်တွေမှာ သူတို့ရဲ့နှုတ်ခမ်းနဲ့ ပါးစပ်က အမြဲတမ်းနို့စို့နေရသလိုမျိုး ပါးစပ်ကို တပြွတ်ပြွတ်နဲ့ စုပ်တတ်ကြပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့လေးတွေအတွက် ချိုလိမ်လေးတွေ တပ်ပေးထားတာဖြစ်ပြီး ဒါက သားသားမီးမီးတို့ကို တော်ရုံတန်ရုံမငိုအောင် တားဆီးနိုင်သလို လေ့လာမှုတွေအရ မွေးကင်းစကလေးငယ်တွေ ရုတ်တရက်သေဆုံးတာမျိုးကိုလည်း ဒီချိုလိမ်တွေက ကာကွယ်ပေးနိုင်တယ်လို့ဆိုကြပါတယ်။

၅။ ပါးစပ်အသံဖြင့် ချော့မြူပေးပါ။

ဒါကတော့ မိဘတော်တော်များများ သိထားပြီးသား အချက်တစ်ခုပါ။ သူတို့လေးတွေကို ကျွတ် ကျွတ်ဆိုတဲ့ အသံလေးပေးပြီး ချော့မြူတာက အင်မတန်မှ အသုံးဝင်တဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

၆။ ရွေ့လျားမှုတစ်ခုခုဖန်တီးပေးထားပါ။

သားသားမီးမီးလေးတွေက မိခင်ဝမ်းဗိုက်ထဲမှာရှိနေတဲ့အချိန်မှာတည်းက ရွေ့လျားလေ့ရှိကြပါတယ်။ အဲ့ဒါကြောင့် သူတို့လေးတွေကို အိပ်ဖို့သိပ်တဲ့နေရာမှာ ပုခက်လေးတွေ၊ လှုပ်ရှားလို့ရတဲ့အိပ်စင်လေးတွေကို အသုံးပြုတတ်ကြပြီး အချို့သောမိဘတွေဆိုရင် သားသားမီးမီးလေးတွေ မအိပ်လို့ဆိုပြီး ဟိုနားဒီနား ကားပတ်မောင်းပေးရတာမျိုးတွေတောင် ရှိပါတယ်။

၇။ နူးနူးညံ့ညံ့လေး နှိပ်နယ်ပေးပါ။

သားသားမီးမီးလေးတို့ရဲ့ နောက်ကျော၊ ခြေလက်လေးတွေကို လက်ဖဝါးလေးနဲ့ နူးနူးညံ့ညံ့နှိပ်နယ်ပေးတာကလည်း သူတို့လေးတွေကို သိပ်မငိုစေတော့ဘဲ ကောင်းကောင်းအိပ်ပျော်စေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သားသားမီးမီးလေးတွေက အသားချင်းထိကပ်ပြီးနေရတာကို နှစ်သက်လို့ပါတဲ့။ ဒါ့အပြင် လေအောင့်လေနာဖြစ်တတ်တဲ့ သားသားမီးမီးလေးတွေရဲ့ ဝမ်းဗိုက်ကိုလည်း စက်ဝိုင်းပုံစံနဲ့ နူးနူးညံ့ညံ့လေးနှိပ်နယ်ပေးကြည့်လိုက်ပါနော်။

၈။ လေအရှူအသွင်းမှန်ကန်အောင် ဂရုစိုက်ပေးပါ။

ငိုကြွေးနေတဲ့အချိန်မှာ သားသားမီးမီးလေးတွေက လေတွေအများကြီးကို ရှူရှိုက်မိတတ်ကြပြီး နောက်ဆက်တွဲအနေနဲ့ အလွန်အမင်းချောင်းဆိုးတာမျိုးတွေဖြစ်လေ့ရှိပါတယ်။ အဲ့ဒါကြောင့်လည်း ချစ်မေမေတို့အပါအဝင် မိဘတော်တော်များများက သူတို့လေးတွေကို ချီပြီး ပခုံးပေါ် ခေါင်းပေးတင်၊ ကျောလေးကို ပွတ်ပေးရင်း ချော့တတ်ကြပါတယ်။ ဒါကလည်း ကောင်းတဲ့နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် နောက်ထပ်နည်းလမ်းအနေနဲ့ သူတို့လေးတွေကို ကိုယ့်ရဲ့ ရင်ခွင်ထဲမှာ မတ်မတ်ထိုင်စေပြီး ကိုယ့်ရဲ့လက်တစ်ဖက်နဲ့ သူတို့ရဲ့ ရင်ဘတ်နဲ့လည်ပင်းတို့ကို ထိန်းကျောင်းပေးသင့်ပါတယ်လို့ အကြံပေးလိုက်ရပါတယ်နော်။

#HM

#ChitMayMay

Source: lifehack

LEAVE A REPLY

Please enter your comment!
Please enter your name here