အစားအသောက်ချေး (ဂျီး) များတဲ့ သားသားမီးမီးတို့ကို ကောင်းမွန်စွာကျွေးမွေးနိုင်မယ့် နည်းလမ်းကောင်းများ

0
462
- Advertisement -

သားသားမီးမီးလေးတို့က ဟိုဟာမစားဘူး၊ ဒီဟာမစားဘူးဆိုပြီး ဂျီတိုက်တတ်တာက သဘာဝပါပဲ။ ဒါကချစ်မေမေတို့အတွက်လည်း အင်မတန်မှခေါင်းစားစရာကိစ္စရပ်ဖြစ်နေပြီး သားသားမီးမီးတို့ အခုလိုမျိုး အစားချေး(ဂျီး)များတာကြောင့် အာဟာရလုံလုံလောက်လောက်မရရှိမှာကိုလည်း စိတ်ပူပန်ရပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ အစားချေး (ဂျီး) များတဲ့ သားသားမီးမီးတို့ကို အဆင်ပြေစွာကျွေးမွေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ သားသားမီးမီးတို့အပေါ် လေးစားမှုထားရှိပါ။

သားသားမီးမီးလေးတို့က ဗိုက်မဆာသေးလို့ ဒါမှမဟုတ် ဗိုက်ပြည့်သွားလို့ မစားသေးဘူး၊ မစားတော့ဘူးဆိုရင် ချစ်မေမေတို့က ဒါကို အတင်းအကျပ်ထပ်ကျွေးတာမျိုး မလုပ်ပါနဲ့။ “ဒါလေးပဲကျန်တော့တာ စားလိုက်” ဆိုတာမျိုးက ချစ်မေမေတို့ စိတ်ထဲမှာဘာမှမဟုတ်ပေမယ့် သားသားမီးမီးတို့ကတော့ နောက်တစ်ကြိမ် ထမင်းထပ်စားဖို့ ဒါမှမဟုတ် အစားထပ်စားဖို့အတွက် မသိစိတ်ကကြောက်သွားတာမျိုးဖြစ်နိုင်ပါတယ်။

- Advertisement -

၂။ ဘယ်အချိန်မှာဘာကျွေးမယ်ဆိုပြီး စနစ်တကျဇယားဆွဲထားပါ။

ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို ဘယ်အချိန်မှာ ထမင်းကျွေးမယ်၊ ဘယ်အချိန်မှာ အဆာပြေမုန့်ကျွေးမယ်၊ နွားနို့တိုက်မယ် ဒါမှမဟုတ် အာဟာရဖြည့်စွက်စာကျွေးမယ်ဆိုတာမျိုးကို စနစ်တကျသတ်မှတ်ပေးထားပါ။ အဆာပြေကျွေးတဲ့အချိန်ကို စနစ်တကျသတ်မှတ်ပေးထားတာမျိုးက သားသားမီးမီးလေးတို့ကို ပုံမှန်စားနေကျ ထမင်းနဲ့ဟင်းလိုမျိုး အာဟာရရှိတာတွေကို စားသုံးဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

၃။ အစားအစာအသစ်တစ်ခုခုကိုကျွေးတဲ့အခါ စိတ်ရှည်ပါ။

သားသားမီးမီးတို့က အစားအစာအသစ်တစ်ခုခုကို ပထမဆုံးစားကြည့်ဖို့အတွက် တော်တော်လေး ကြောက်ရွံ့တတ်ကြပါတယ်။ ဒါပေမယ့် ချစ်မေမေတို့က ခဏနဲ့အားမလျှော့လိုက်ပါနဲ့။ လေ့လာမှုတွေအရ ကလေးတစ်ယောက်အနေနဲ့ အစားအစာအသစ်အဆန်းကို ပထမဆုံးစားကြည့်ဖို့အတွက် အကြိမ်ပေါင်းများစွာ ကြိုးစားရတယ်လို့ ဆိုထားလို့ပါ။

၄။ အိုးခွဲမချက်ပါနဲ့။

သားသားမီးမီးတို့က ဒီဟင်း၊ ဒီထမင်းကို မစားလို့ဆိုပြီး သီးသန့်ချက်ပြီးကျွေးတာမျိုးက သူတို့လေးတွေကို ပိုလို့တောင် အစားအသောက်ချေး (ဂျီး) များစေနိုင်ပါတယ်။သားသားမီးမီးလေးတွေ ကိုယ်ကျွေးတာကို မစားမချင်း ချစ်မေမေတို့က သူတို့လေးတွေနဲ့အတူတူထိုင်ပြီး ကျွေးနိုင်အောင် အချိန်ပြည့်ကြိုးစားလိုက်ပါ။

၅။ ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ ထမင်းပန်းကန်မျိုးကိုပြင်ဆင်ပါ။

သားသားမီးမီးတို့က ငယ်သေးတာကြောင့် သူတို့ကိုခွံ့ကျွေးတဲ့အခါမှာ မေမေတို့က ထမင်းရော၊ ဟင်းရောပေါင်းထည့်ပြီး ကျွေးလေ့ရှိပါတယ်။ ဒီလိုလုပ်တဲ့အခါ သားသားမီးမီးတို့က ထမင်းပန်းကန်ထဲကို ကြည့်လိုက်ချိန်မှာ ကြည့်ပျော်ရှုပျော်ဖြစ်နေဖို့လိုအပ်ပါတယ်။ အဲ့ဒါကြောင့် ပန်းကန်ထဲမှာ သေချာချက်ပြုတ်ထားတဲ့ ပန်းပွင့်စိမ်းတို့၊ မုန်လာဥနီတို့လို ဟင်းသီးဟင်းရွက်တွေကို သေးသေးလေးပိုင်းထည့်ပြီး သူတို့မျက်လုံးထဲမြင်လိုက်တာနဲ့ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပေးကြည့်ပါ။

၆။ စျေးသွားတဲ့အခါ သားသားမီးမီးလေးတို့ကိုပါ ရံဖန်ရံခါခေါ်သွားပါ။

ချစ်မေမေတို့ စျေးဝယ်တဲ့အခါ သားသားမီးမီးလေးတွေကို ခေါ်သွားပြီး သူတို့ကြိုက်တဲ့ အသီးအရွက်တွေနဲ့ ကျန်းမာရေးနဲ့ညီညွှတ်မယ့်အခြားသောအစားအသောက်တွေကို ရွေးချယ်ဝယ်ယူခိုင်းပါ။ နောက်ပြီး သူတို့မစားချင်တဲ့ဟာဆို ဘာတစ်ခုမှမဝယ်ဘဲနေတာမျိုးကိုလည်း တစ်ခါတလေလုပ်ပေးသင့်ပါတယ်။ ဒါပေမယ့် အခုကိုဗစ်ကာလကြီးမှာတော့ သားသားမီးမီးတို့ကို အပြင်မခေါ်ပါနဲ့ဦးနော်။ ဒါကြီးပြီးသွားတဲ့တစ်နေ့ကျ သားအမိနှစ်ယောက် အတူတူစျေးသွားကြတာပေါ့။

၇။ တီဗီနဲ့ တက်ဘလက်များ၊ ဖုန်းများကိုပိတ်ထားပါ။

သားသားမီးမီးတို့ကို ထမင်းကျွေးတဲ့အခါ ချစ်မေမေတို့က သူတို့လေးတွေကို တီဗီက ကာတွန်းကားဖွင့်ပြတာ၊ တက်ဘလက်၊ ဖုန်းတို့နဲ့ YouTube ဖွင့်ပြတာမျိုးတွေလုပ်ပြီး ထမင်းကျွေးလေ့ရှိပါတယ်။ ဒါကမလုပ်သင့်တဲ့အရာပါ။ ဘာဖြစ်လို့လဲဆိုတော့ တီဗီကြည့်ရင်း ထမင်းစားတာက သားသားမီးမီးလေးတွေကို အစားအသောက်အပေါ် အာရုံမရောက်စေဘဲ ထမင်းစားတာကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

၈။ ထမင်းကုန်အောင်စားရင် သကြားလုံးကျွေးမယ်ဆိုပြီး မဆွဲဆောင်ပါနဲ့။

သားသားမီးမီးလေးတို့ကို ထမင်းကုန်အောင်စားပြီးရင် သကြားလုံးကျွေးမယ်၊ သွားရည်စာမုန့်ကျွေးမယ်ဆိုပြီး ဆွဲဆောင်တာမျိုုး မလုပ်ပါနဲ့။ ဒါကသူတို့လေးတွေကို ပိုပိုပြီး ပျက်စီးစေနိုင်ပါတယ်။ အဲ့ဒီအစား အခြားသော ကျန်းမာရေးနဲ့ညီညွတ်မယ့်၊ သူတို့လည်း ကြိုက်တတ်တဲ့အသီးနဲ့ဒိန်ချဥ်တို့လိုမျိုးအရာတွေကို ကျွေးမယ်ဆိုပြီး ဆွဲဆောင်သင့်ပါတယ်။

ချစ်မေမေတို့ရေ …. အချို့သော သားသားမီးမီးလေးတွေကတော့ ဘာကျွေးကျွေးစားတတ်ကြပေမယ့် အချို့အချို့ကျတော့လည်း ဟိုဟာမစား၊ ဒီဟာမစားနဲ့ ချေး (ဂျီး) များတတ်ကြတာ သဘာဝပါပဲ။ အဲ့ဒါကြောင့် ချစ်မေမေတို့လည်း ဒီအပေါ်မှာဘာမှစိတ်မပျက်ဘဲ အခုပြောပြပေးထားတဲ့နည်းလမ်းတွေကို အသုံးချရင်း အစားချေး (ဂျီး) များတဲ့ သားသားမီးမီးတို့ကို ကောင်းမွန်စွာကျွေးမွေးနိုင်မှာပါလို့ အားပေးစကားပြောကြားချင်ပါတယ်ရှင်။

#HM

#ChitMayMay

Source: mayoclinic

LEAVE A REPLY

Please enter your comment!
Please enter your name here