ကျွန်မက အသက်၁၁နှစ်အရွယ် ပဥ္စမတန်းကျောင်းသူတစ်ယောက်။ အတန်းထဲမှာ စာတော်ပြီးတော့ စကားများတဲ့ကလေးမလေးတစ်ယောက်။ စာတော်တဲ့ကျောင်းသူတစ်ယောက်လို့ ပညာရည်ချွန်ပွဲတွေ ခဏခဏ၀င်ပြိုင်ခွင့်ရတဲ့ သူတစ်ယောက်ပေါ့။ ဒါ့ကြောင့်မို့လို့ ဒီကနေ့မှာလည်း ကျွန်မတို့ရွာထက် အစစအရာရာဖွံ့ဖြိုးတဲ့ ရွာကြီးတစ်ရွာမှာ ပညာရည်ချွန်ပြိုင်ပွဲမှာ ပါ၀င်ခွင့်ရခဲ့တယ်။ ကျွန်မအဲဒီ့ပွဲမှာ ပထမရခဲ့တယ်။
တစ်ခြားရွာမှာ သွားပြိုင်တာဖြစ်တဲ့အတွက် ကျွန်မအရမ်းပျော်ခဲ့ပါတယ်။ ကျွန်မပြန်ခဲ့တဲ့လမ်းတစ်လျှောက်မှာလည်း ကျွန်မပထမဆုရခဲ့တာနဲ့ ပတ်သက်ပြီးတော့ နောက်ပြီး ပြိုင်ပွဲရဲ့အတွေ့အကြုံတွေကို အမေ့ကို ဘယ်လိုပြောပြမယ်။ နောက်ပြီး အမေကတော့ ဘယ်လိုလေးပျော်သွားမှာပဲ။ အဖေကတော့ ဘေးနားကနေပြီးတော့ စိတ်ထဲကနေ ”ငါ့သမီးကွ”လို့ ကြုံး၀ါးနေမယ်ထင်တယ်။ ကျွန်မရဲ့ စိတ်ကူးယဥ်အတွေးတွေနှင့်အတူ ပီတိပြုံးတွေက လမ်းတောက်လျှောက်ဖုံးမရဖိမရပါပဲ။

တကယ့်တကယ်ကျွန်မအိမ်ရောက်တဲ့အခါမှာ ကျွန်မစိတ်ကူးယဥ်ခဲ့တာတွေအားလုံးက သဲထဲရေသွန်လိုက်တဲ့အတိုင်းပဲ။ ကျွန်မပြန်လာမယ့်နေ့မှာပဲ အဖေနဲ့အမေ ရန်ဖြစ်ထားကြတယ်တဲ့။ ခုတစ်လောဖေဖေနဲ့မေမေ မကြာခဏဆိုသလိုစကားများများနေကြတာတော့ သတိထားမိတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ တုတ်တစ်ပြက် ဓားတစ်ပြက်အထိ ဖြစ်ကြတယ်တဲ့။ အသောက်အစားမက်တဲ့ အဖေနဲ့ စကားများတဲ့အမေထိပ်တိုက်တွေ့ကြခြင်း။
ကျွန်မရဲ့မောင်လေးတွေနဲ့ ညီမလေးတွေကတော့ အဖေနဲ့အမေကြားမှာ မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့ ဖြစ်နေခဲ့ကြတယ်တဲ့။ သူတို့ဘယ်လောက်တောင်များ အနေခက်လိုက်မလဲ။ ဒါပေမယ့် ကျွန်မပြောစရာရှိတာကိုတော့ ၀တ်ကျေတန်းကျေပြောပြလိုက်ပါတယ်။ ”အမေ ကျွန်မပထမရတယ်” အမေက ပြန်ပြောတယ် ”အေး”တဲ့။ ကျွန်မဒီ့ထက်ပိုပြီးလည်း မျှော်လင့်လို့မရတော့ဘူးလေ။ ကျွန်မအထုတ်အပိုးတွေကို အခန်းထဲထည့်လိုက်ပြီး ၀ရံတာမှာခြေပစ်လက်ပစ်ထိုင်ချလိုက်တယ်။

လူတွေအတ္တကြီးလာတဲ့အခါ ကျွန်မအရမ်းကြောက်တယ်။ လူတွေက သူတို့အကျိုးအတွက်ဆိုရင် ဘယ်အရာကိုမှမမြင်နိုင်တော့ဘူး။ ကျွန်မရဲ့ အဖေနဲ့အမေက မကြာခဏဆိုသလိုရန်ဖြစ်ကြတယ်။ တကယ်လို့များ အဖေနဲ့အမေနဲ့ ကွဲသွားတဲ့အခါ ကျွန်မဘယ်သူ့နောက်လိုက်ရမလဲ။ ကျွန်မမောင်လေး၊ ညီမလေးတွေနဲ့ရော တစ်ကွဲတစ်ပြားဆီဖြစ်သွားမှာလား။ တကယ်လို့ အမေနဲ့လိုက်သွားတဲ့အခါကျရင် ကျွန်မကျောင်းမတက်ရတော့ဘဲ အမေနဲ့အတူတူ စပါးရိတ်၊ ကောက်စိုက်တဲ့ အလုပ်တွေလုပ်ရမှာလား။ ဟင့်အင်း ကျွန်မမလုပ်ချင်ဘူး၊ ကျွန်မက ပညာအရမ်းတတ်ချင်တာ။
ဒါဆိုရင် အဖေ့နောက်လိုက်သွားရင်ရော ။ အသောက်အစားမက်တဲ့အဖေက ထိန်းသိမ်းပေးမယ့်အမေမရှိတော့ရင် ပျက်စီးသွားမှာလား။ တကယ်လို့ နောက်အိမ်ထောင်ပြုလိုက်ရင် အမေပြောပြောနေတဲ့ ”နင်တို့က ငါမရှိမှ ငါ့တန်ဖိုးကို သိမယ့်ဟာတွေ၊ မိထွေးနဲ့မှ တန်တဲ့ဟာတွေ”ဆိုတာ တကယ်ဖြစ်လာတော့မှာလား။ မြန်မာဗီဒီယိုဇာတ်ကားတွေထဲကလိုမျိုး မိထွေးက ကျွန်မတို့မောင်နှစ်မတွေကို နှိပ်စက်မှာလား။ အဲ့ဒီအခါကျရင် ကျွန်မတို့မောင်နှစ်မတွေ အမေပြောဖူးတဲ့ သောင်ပြင်မှာလွှတ်တဲ့ခွေးတွေလို ဖြစ်ပြီပေါ့။

ကျွန်မတောင်စဥ်ရေမရတွေ တွေးနေတာပါလေ။ အဖေနဲ့ အမေက ဘာလို့ကွဲရမှာလဲ။ ၁၁နှစ်အရွယ်ကလေးမလေးတစ်ယောက်အတွက် ဘယ်အရာကိုမှ ကောင်းကောင်းမွန်မွန်နားလည်နိုင်စွမ်း မရှိသေးတဲ့အချိန်မှာ ဗလာမျက်လုံးတွေနဲ့သာ အိမ်ရှေ့လမ်းကို ငေးကြည့်နေမိပါတော့တယ်။