သားသားမီးမီးလေးတို့ရဲ့ အသက် (၃) နှစ်ကနေ (၅) နှစ်အရွယ်ကြားကာလက သူတို့လေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးနဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်နိုင်တဲ့အချိန်ပါ။ ဒါပေမယ့် အဲ့ဒီအချိန်မှာ သားသားမီးမီးလေးတွေက ညဘက်တစ်ယောက်တည်း အိပ်ရမှာကြောက်နေတာမျိုး၊ နောက်ဖေးမီးဖိုချောင်ထဲကို တစ်ယောက်တည်းသွားရမှာ ထိတ်လန့်နေတာမျိုးကို ချစ်မေမေတို့က ကြိုးစားပြင်ဆင်ပေးရမှာဖြစ်ပြီး အဲ့ဒီအတွက်လည်း လိုအပ်တဲ့နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ သက်သေပြပါ။
သားသားမီးမီးတို့ရဲ့ အခန်းထဲမှာရှိတဲ့ ဘီဒိုတွေကို ဖွင့်ပြတာမျိုး၊ အိပ်ရာအောက်ကို ဓာတ်မီးနဲ့ထိုးပြီး ပြတာမျိုးနဲ့ ပြတင်းပေါက်တံခါးတွေကို လုံးဝလော့ခ်ချထားတာမျိုးတွေ လုပ်ပြပြီး သရဲမရှိဘူးဆိုတာကို သက်သေပြလိုက်ပါ။ ဒါပေမယ့် ဒီလိုလုပ်ရပ်တွေနဲ့ပဲ သူတို့လေးတွေရဲ့ ကြောက်စိတ်ကို ဖျောက်ဖျက်လို့မရပါဘူး။ သားသားမီးမီးတို့ရဲ့ စိတ်ထဲမှာ ကြောက်စိတ်ကကိန်းအောင်းနေတာဖြစ်ပြီး အဲ့ဒီအရာကို ပျော်စရာကောင်းတဲ့ကိစ္စတွေနဲ့ အစားထိုးပေးနိုင်ဖို့ လိုအပ်ပါတယ်။ ချစ်မေမေတို့က သူတို့ကို ပျော်စရာအကြောင်းအရာတွေ ပြောပြတာမျိုး၊ ကြည်နူးစရာပုံပြင်တွေကို ပြောပြတာမျိုးနဲ့ သရဲဇာတ်ကောင်မပါဝင်တဲ့ ကာတွန်းကားတွေ ပြသတာမျိုးကို ပြုလုပ်သင့်ပါတယ်။

၂။ ပြင်ပလောကမှာ သူတို့ဘယ်လိုအရာတွေကို ကြည့်ရှုခဲ့လဲ စဥ်းစားပါ။
တစ်ခါတလေမှာ သူတို့ရဲ့ မသိစိတ်က အမှောင်ကြောက်တာမျိုး မဟုတ်ဘဲ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ ဥပမာပြရရင် သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကြည့်ရှုမိတာကြောင့်လည်း ဒီလိုမျိုးဖြစ်တာတွေရှိပါတယ်။ အဲ့ဒါကြောင့်လည်း ချစ်မေမေတို့က အဲ့ဒီအချက်တွေကို သေချာထောက်ရှုသုံးသပ်သင့်ပါတယ်။ ကျောင်းနေခါစအရွယ် ကလေးငယ်တွေရဲ့ (၂၀) ရာခိုင်နှုန်းကနေ (၃၀) ရာခိုင်နှုန်းအထိက ညအိပ်ချိန်မှာ အမှောင်ကြောက်တတ်တာ၊ သရဲအကြောင်းတွေ စဥ်းစားပြီး ကြောက်တတ်တာကလည်း သဘာဝဆိုတာကို ချစ်မေမေတို့က သိထားဖို့လိုအပ်ပါတယ်။

၃။ တစ်ယောက်တည်း မအိပ်ရဲတော့ဘူးဆိုတဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။
သူတို့အခန်းထဲရောက်တော့မှ သားသားမီးမီးတို့က တစ်ယောက်တည်း မအိပ်ရဲတော့ဘူးဆိုရင်တော့ ချစ်မေမေတို့အတွက် သေချာပေါက် ဦးနှောက်စားရတော့မှာပါ။ အဲ့ဒီအခါကျရင် သူတို့စိတ်ကို အလှည့်အပြောင်းဖြစ်ဖို့ အစွမ်းကုန်ကြိုးစားရတော့မှာဖြစ်ပြီး သူတို့ကြိုက်တဲ့အရုပ်တွေနဲ့ အိပ်ရာပေါ်မှာ ဖက်အိပ်ခိုင်းထားတာမျိုးတွေ ပြုလုပ်ပါ။ ပြီးရင်တော့ အခန်းထဲမှာ မီးပြန်ဖွင့်ပေးထားပြီး သူတို့ကြောက်စိတ်ပျောက်လောက်တဲ့အချိန်ရောက်မှ နောက် (၅) မိနစ်လောက်နေရင် ပြန်လာမယ်ဆိုပြီး အဖြူရောင်မုသားနဲ့ လိမ်လည်ပါ။ သားသားမီးမီးတို့က အရမ်းကို ကြောက်နေတယ်ဆိုရင်တော့ ဘယ်လိုမှမတတ်သာတဲ့အဆုံး သူတို့နဲ့ ခဏလောက် အတူတူအိပ်ပေးလိုက်ပါ။ ဒါပေမယ့် သူတို့ အိပ်ပျော်သွားတဲ့အချိန်မှာတော့ တစ်ယောက်တည်းထားခဲ့ရင်းနဲ့ပဲ ဖြည်းဖြည်းချင်း အကျင့်လုပ်ပေးသွားဖို့ အကြံပြုလိုက်ပါတယ်။

၄။ အိပ်ခန်းထဲက မီးလုံးတွေကို သားသားမီးမီးတို့ နှစ်သက်ဖွယ်ဖြစ်အောင် အလှဆင်ထားပါ။
အိပ်ခန်းထဲမှာ ညဘက်ဖွင့်တဲ့ မီးလုံးလေးတွေကို အလှဆင်တဲ့နေရာမှာလည်း ကြောက်ဖို့ကောင်းအောင်၊ စိတ်ချောက်ချားစရာကောင်းအောင် အလှဆင်ထားတာမျိုး မဖြစ်သင့်ပါဘူး။ နံရံပေါ်မှာလည်း ကြယ်ပုံစံမီးလုံးလေးတွေနဲ့ အလှဆင်ထားသင့်ပြီး ညဘက်ရောက်နေတဲ့ ခံစားချက်မှာမှ သာယာကြည်နူးဖို့ကောင်းအောင် ပြင်ဆင်ပေးထားသင့်ပါတယ်။

၅။ အိပ်ခါနီးမှာ သားသားမီးမီးတို့ကို စိတ်ဖိစီးမှုမဖြစ်အောင်ထားပါ။
သားသားမီးမီးလေးတို့ကို ညအိပ်ဝတ်စုံတွေဝတ်ပေးတာ၊ သွားတိုက်ပေးတာ၊ ပုံပြင်စာအုပ်ဖတ်ပြ၊ ပုံပြင်ပြောပြတာတွေက ချစ်မေမေတို့ လုပ်ပေးနေကျ အရာတွေပါပဲ။ ဒါပေမယ့် သူတို့အိပ်မပျော်သွားခင်မှာ နွေးနွေးထွေးထွေး ပွေ့ဖက်ပေးတာ၊ စကားပြောပေးတာမျိုးတွေကို ပြုလုပ်ပေးသင့်ပြီး သူတို့ပြောတဲ့စကားတွေကိုလည်း ကိုယ်က သေချာလေးပြန်နားထောင်ပေးဖို့ လိုအပ်ပါတယ်။ အချို့ အသက် (၂) နှစ် (၃) နှစ်အရွယ် သားသားမီးမီးတွေဆို ဘုရားရှိခိုးဆုတောင်းတာ၊ ဝင်လေထွက်လေရှုမှတ်တာမျိုးတွေကို သေချာစနစ်တကျပြုလုပ်တတ်နေပြီး အဲ့ဒီလိုမျိုးတွေလုပ်တာကလည်း ချစ်မေမေတို့ရဲ့ သားသားမီးမီးတွေ ညအမှောင်ကြောက်တာ၊ မရှိတဲ့သရဲကို တွေးပူပြီး ကြောက်တာမျိုးတွေကို ပြေပျောက်စေဖို့အတွက် လိုအပ်တဲ့ နည်းလမ်းကောင်းတွေဖြစ်ပါတယ်လို့ အကြံဥာဏ်ပေးလိုက်ရပါတယ်နော်။
#HM
#ChitMayMay
Source: childrensmd