အရေးကြီးတဲ့မိဘအုပ်ထိန်းမှုဆိုင်ရာ အချက် ၇ ချက်

0
72
- Advertisement -

ဘယ်လိုမိဘတွေမဆို မိမိတို့ရဲ့ ကလေးငယ်တွေကို ပျော်ရွှင်မှုရရှိနိုင်ဖို့၊ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေဖို့၊ ကျန်းမာသန်စွမ်းပြီး အရာရာကို အကောင်းမြင်စိတ်နဲ့ ကျေနပ်ရောင့်ရဲတတ်တဲ့စိတ်ထားမျိုးရှိစေဖို့ အစရှိတာတွေကို ပိုင်ဆိုင်နိုင်စေချင်ကြတာချည်းပါဘဲ။ မိဘတွေဟာ ကလေးငယ်တွေရဲ့ လက်ဦးဆရာဖြစ်သလို အကောင်းဆုံးသောသူငယ်ချင်းတွေလည်းဖြစ်ပါတယ်။ ဒီတော့ မိဘတွေ မျှော်လင့်ထားသလို ဖြစ်စေနိုင်ဖို့အတွက် အထောက်အကူဖြစ်စေနိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

သားသမီးတွေရဲ့ ကျရှုံးမှုတွေကို စိတ်မပျက်ကြပါနဲ့

မိဘတွေအနေနဲ့ အကောင်းဆုံးသော ထောက်ပံ့မှုတွေပေးပေမယ့် မျှော်လင့်ထားသလိုဖြစ်မလာတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။ ဒီလိုမျိုးကြုံတွေ့လာရတဲ့အခါမျိုးမှာ သားသမီးတွေကို စိတ်ပျက်သွားတတ်ကြပြီး သားသမီးတွေကို တော်စေ၊ တတ်စေချင်တဲ့စိတ်နဲ့ ဆူပူမာန်မဲတတ်ကြပါတယ်။ စိတ်ဓါတ်ပြင်းပြတဲ့ ကလေးငယ်တွေဆိုရင်တော့ မခံချင်စိတ်နဲ့ ပိုကြိုးစားပြီး အောင်မြင်မှုတွေကို ပြန်ရရှိနိုင်ပေမယ့် စိတ်အားငယ်တတ်တဲ့ ကလေးငယ်တွေဆိုရင်တော့ သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေပျောက်ဆုံးသွားတတ်ပြီး ဘာလုပ်လုပ်ဖြစ်မလာနိုင်တော့ပါဘူးဆိုပြီး အောင်မြင်ချင်တဲ့စိတ်တွေပျောက်ဆုံးသွားတတ်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ မိမိတို့သားသမီးတွေရဲ့ စိတ်အခြေခံကို နားလည်သဘောပေါက်ဖို့ လိုအပ်ပြီး
သင့်တော်မှန်ကန်တဲ့ တွန်းအားပေးမှုမျိုးကို ရွေးချယ်ဖို့လိုအပ်ပါတယ်။ ပထမဆုံးသောခြေလှမ်းကို လှမ်းလျောက်နိုင်သွားပြီဆိုရင်တော့ ကျန်တဲ့ အဆင့်တွေအားလုံးဟာ လွယ်ကူသွားပါလိမ့်မယ်။

သားသမီးတွေရဲ့ စဉ်းစားတွေးခေါ်မှုကို ဖွံ့ဖြိုးအောင်ကူညီပေးပါ

လက်တွေ့လုပ်ဆောင်မှုတိုင်းရဲ့ အခြေခံအုတ်မြစ်ဟာ စဉ်းစားတွေးခေါ်ခြင်းဘဲဖြစ်ပါတယ်။ ဘယ်လိုအရာတွေကို စဉ်းစားတွေးခေါ်ပြီး ဘယ်လိုအရာတွေကို လက်တွေ့လုပ်ဆောင်သလည်းဆိုတာမှာ လူတိုင်းရဲ့ ဘဝအောင်မြင်မှုတွေဟာ ကွဲပြားခြားနားသွားကြပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ သားသမီးတွေကို စဉ်းစားတွေးခေါ်မှုဖွံ့ဖြိုးလာစေဖို့အတွက် အနုပညာ၊ စာပေနဲ့ နည်းပညာတွေကို အကျွမ်းတဝင်ဖြစ်စေဖို့အတွက် လုပ်ဆောင်ပေးဖို့လိုအပ်ပါလိမ့်မယ်။ သူတို့ရဲ့ စဉ်းစားတွေးခေါ်မှုတွေကိုလည်း လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်နိုင်အောင် အားပေးကူညီတိုက်တွန်းမှုတွေလုပ်ဆောင်ပေးရပါမယ်။ ဒါမှသာ အောင်မြင်မှုတွေကို သူတို့ဘာသာဖန်တီးတည်ဆောက်နိုင်မှာဘဲဖြစ်ပါတယ်။

ကလေးငယ်တွေကို အချို့သော အငြင်းပွားမှုလေးတွေမှာ အနိုင်ပေးပါ

အချို့သော အခြေအနေမျိုးမှာ မိဘနဲ့သားသမီး အငြင်းပွားစရာလေးတွေ၊ သဘောထားကွဲလွဲစရာလေးတွေကြုံလာရတတ်ပါတယ်။ သာမာန်အားဖြင့် မိဘတွေဖြစ်ချင်စေတာနဲ့ သားသမီးတွေဖြစ်ချင်တာကို ညှိနှိုင်းယူတတ်ကြပေမယ့် အချို့သောကိစ္စမျိုးလေးတွေမှာတော့ သားသမီးတွေကို ခွင့်ပြုပေးဖို့၊ အနိုင်ပေးလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒီလိုမျိုးတွေကတဆင့် မိဘတွေရဲ့ နားလည်ပေးမှုကို သိရှိစေပြီး မိဘတွေဖြစ်စေချင်တဲ့ လမ်းကြောင်းပေါ်ကို ဆွဲယူနိုင်ဖို့ ကြိုးစားတာက သားသမီးတွေအတွက် အကောင်းဆုံးသော စိတ်ခံစားမှုနဲ့ ယုံကြည်မှုတွေကို ရရှိစေနိုင်ပါလိမ့်မယ်။

ပထမဆုံးသော ခြေလှမ်းစလှမ်းနိုင်ဖို့ ကူညီပေးပါ

လူတိုင်းမှာ အကြံဉာဏ်တွေ၊ အစီအစဉ်တွေနဲ့ ပန်းတိုင်တွေရှိပါတယ်။ ဒါပေမယ့် များသောအားဖြင့်တော့ ပျောက်ဆုံးနေတတ်ကြပါတယ်။ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိ၊ ဘဝအတွက် ဘယ်လိုလမ်းကြောင်းတွေကို ရွေးချယ်ရမှန်းမသိတာတွေဖြစ်တတ်ကြပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ သားသမီးတွေ ဝါသနာပါတဲ့လမ်းကြောင်းကို ဖြောင့်တန်းစွာလျောက်လှမ်းနိုင်ဖို့အတွက် အားပေးကူညီမှုတွေ လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။

သူတပါးရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ကျော်လွှားတတ်စေဖို့ သင်ကြားပေးပါ

များသောအားဖြင့် လူတွေဟာ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေထဲမှာ ပိတ်မိနေပြီး ကိုယ့်စိတ်ရဲ့ ဖြစ်တည်မှုတွေကို ထိန်းချုပ်ထားတတ်ကြပါတယ်။ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေကို အလွန်အမင်းဂရုစိုက်တာဟာ စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်ပြီး အောင်မြင်မှုလမ်းကြောင်းတွေကိုပါ ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်မို့ အချို့သော လောကကျင့်ဝတ်၊လူ့ကျင့်ဝတ်တွေကို လိုက်နာစေတာကလွဲလို့ မိမိတို့ရဲ့ ကလေးငယ်တွေကို သူတို့စိတ်ထဲရှိတဲ့အတိုင်းသာ နေထိုင်ပြုမူစေဖို့နဲ့ မည်သူတဦးတယောက်ကိုမှ ထိခိုက်နစ်နာမှုမရှိဘူးဆိုရင် သူတို့စိတ်ဆန္ဒတွေကို ခွင့်ပြုပေးပြီး သူတပါးရဲ့ ဝေဖန်ပြောဆိုမှုတွေကို ဂရုမစိုက်တတ်စေဖို့ သင်ကြားပေးသင့်ပါတယ်။

လူအများကြား ရဲတင်းပွင့်လင်းစေဖို့ ကူညီပေးပါ

လူအများကြား ရှက်ကြောက်တတ်ပြီး ရဲတင်းပွင့်လင်းမှုမရှိတာဟာ အခြားသောသူတွေရဲ့ နောက်သို့ ရောက်သွားစေတတ်ပါတယ်။ မိမိရဲ့ ထင်မြင်ယူဆချက်ကို ရဲတင်းပွင့်လင်းစွာနဲ့ ချက်ကျလက်ကျ ပြောဆိုတတ်တာဟာ လူအများရဲ့ အာရုံစူးစိုက်မှုကို ခံရစေပြီး အထင်ကြီးလေးစားမှုနဲ့ အောင်မြင်မှုလမ်းကြောင်းတွေကိုပါ လွယ်ကူစွာရရှိနိုင်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ မိမိရဲ့သားသမီးတွေကို လူအများနဲ့ ပြောဆိုဆက်ဆံတတ်အောင်၊ ရဲတင်းပွင့်လင်းမှုရှိအောင် လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။

သူတို့တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းကို ယုံကြည်ပေးပါ

အခြားသောသူတွေရဲ့ အားပေးထောက်ခံမှုတွေဟာ ကလေးငယ်တွေအတွက် အကူအညီဖြစ်ပေမယ့် မိဘတွေရဲ့ ထောက်ခံမှုနဲ့ အားပေးကူညီမှုတွေကိုတော့ မမှီနိုင်ပါဘူး။ မိဘတိုင်းဟာ သားသမီးတွေရဲ့ အောင်မြင်မှုကို မြင်တွေ့ချင်ကြသလို သားသမီးတွေကလည်း မိဘတွေရဲ့ ဂုဏ်ယူစရာဖြစ်ချင်ကြတာချည်းဘဲမို့ မိဘတွေအနေနဲ့ ဒီအချက်ကို ဂရုစိုက်ပြီး သားသမီးတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းကို ယုံကြည်အားပေးထောက်ခံမှုတွေပြုလုပ်ပေးသင့်ပါတယ်ဆိုတဲ့အကြောင်းကို နောက်ဆုံးအချက်အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref-inc

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here