အရင်ခေတ်က မေမေအများစုက အိမ်ထောင်ပြု၊ ကလေးမွေးပြီးသွားရင် အိမ်မှာပဲဝေယျာဝစ္စလုပ်ရင်း နေထိုင်တတ်ကြပေမယ့် အခုနောက်ပိုင်းမှာတော့ မေမေတို့ကလည်း မောင်တစ်ထမ်း၊ မယ်တစ်ရွက်ဆိုတဲ့ စကားအတိုင်း အပြင်မှာအလုပ်ထွက်လုပ်နေကြပြီဖြစ်တာကြောင့် အလုပ်တစ်ဖက်၊ အိမ်တစ်ဖက်နဲ့ မေမေတို့အတွက် နည်းလမ်းကောင်းတွေကိုဖော်ပြပေးလိုက်ရပါတယ်။

၁။ သားသားမီးမီးတို့ကိုလည်း ပေါ့ပေါ့ပါးပါးအိမ်အလုပ်တွေလုပ်တတ်အောင် သင်ကြားပေးထားပါ။
သားသားမီးမီးတို့အနေနဲ့ သူတို့အရုပ်တွေကို ကိုယ်တိုင်သန့်ရှင်းရေးလုပ်တာမျိုး၊ သူတို့ရဲ့အိပ်ရာခင်းတွေကို ကိုယ်တိုင်သိမ်းဆည်းတာမျိုးတွေ လုပ်တတ်အောင် သင်ကြားပေးထားသင့်ပါတယ်။ အိမ်ထဲက သားသားမီးမီးတို့ လက်လှမ်းမှီနိုင်တဲ့ စားပွဲတွေ၊ ထိုင်ခုံတွေကို ဖုန်သုတ်တတ်အောင်လည်း သင်ကြားပေးထားသင့်ပြီး အသက် (၄) နှစ် (၅) နှစ်အရွယ် သားသားမီးမီးတွေဆိုရင် ထမင်းမစားခင် ကူညီပြီးထမင်းခူးပေးတာမျိုး၊ သောက်ရေနဲ့အချိုရည်တွေကို စားပွဲပေါ်မှာ နေရာချပေးတာမျိုးတွေလုပ်တတ်အောင် သင်ထားပေးရင်းနဲ့ ကိုယ်ကသူတို့ရဲ့အကူအညီကို ဘယ်လောက်အထိ တန်ဖိုးထားလဲဆိုတာကို ပြသသင့်ပါတယ်။

၂။ ကိုယ့်ရဲ့နံနက်ခင်းအတွက် ကြိုတင်ပြင်ဆင်ပါ။
နောက်နေ့နံနက်ရုံးကို ဘာဝတ်သွားမယ်ဆိုတာကို ညတည်းကကြိုတင်ပြင်ဆင်ထားသင့်ပြီး ကျောင်းသွားရမယ့် သားသားမီးမီးတို့အတွက်လည်း ထမင်းဘူးပြင်ဆင်ပေးထားတာမျိုးနဲ့ ကျောင်းဆင်းချိန် အိမ်မှာသူတို့စားမယ့်မုန့်တွေ ပြင်ဆင်ပေးထားတာမျိုးတွေကို တစ်ခါတည်းလုပ်ထားပေးသင့်ပါတယ်။ ဒါ့အပြင် သားသားမီးမီးတို့ကိုလည်း နံနက်ခင်းမှာ ကိုယ်တိုင်သွားတိုက်၊ မျက်နှာသစ်၊ အဝတ်အစားလဲ၊ ပြင်ဆင်ထားတဲ့နံနက်စာကို ကိုယ်တိုင်စနစ်တကျစားတတ်အောင် သင်ကြားပေးထားရမှာပါ။

၃။ စျေးဝယ်မယ့်စာရင်းတွေကို ကြိုတင်ပြင်ဆင်ထားပါ။
တစ်ပတ်ကို တစ်ခါလောက်ပဲစျေးဝယ်ပြီး အဲ့ဒီအချိန်မှာ ဝယ်ရမယ့်ပစ္စည်းစာရင်းအားလုံးကို သေသေချာချာ တစ်ခါတည်းအပြတ်ဝယ်ယူထားသင့်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ စျေးသွားရတဲ့အချိန်က အရမ်းကိုကုန်နေဦးမှာပါ။ ဝယ်ယူတဲ့နေရာမှာလည်း တစ်ပတ်လုံးမှာ တစ်မိသားစုလုံး လုံလုံလောက်လောက် စားသောက်နိုင်အောင် ကျန်းမာရေးနဲ့လည်းကိုက်ညီတဲ့ ရေရှည်လည်းခံမယ့်အစားအစာတွေကို ဦးစားပေးရွေးချယ်ဝယ်ယူသင့်ပါတယ်။

၄။ မိသားစုအတွက် အချိန်ပေးပါ။
အခွင့်ခါသင့်ရင်သင့်သလို မိသားစုဝင်တွေရဲ့ မွေးနေ့လိုမျိုး အထိမ်းအမှတ်နေ့တွေမှာ ရုံးကိုခွင့်တောင်းပြီး ရုံးစောစောဆင်းရင်း မိသားစုနဲ့အတူ ညစာအတူစားတာမျိုး၊ လျှောက်လည်တာမျိုးတွေလုပ်ရင်းနဲ့ အချိန်ပေးသင့်ပါတယ်။

၅။ ကိုယ့်အတွက်လည်း ကိုယ်အချိန်ပေးပါ။
အလုပ်လုပ်နေတဲ့ မေမေတို့အတွက် အဓိကပြဿနာက မိသားစုဝေယျာဝစ္စတွေ၊ ရုံးအလုပ်တွေနဲ့အချိန်ကုန်နေရတာဖြစ်ပြီး ကိုယ်ပိုင်အချိန်လုံးဝမရှိတော့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ စိတ်အပန်းပြေဖို့အတွက် Gym ကိုသွားတာမျိုး၊ သူငယ်ချင်းတွေနဲ့အတူ ပြဇာတ်ရုံသွားတာမျိုး၊ ရုပ်ရှင်သွားကြည့်တာမျိုး ကော်ဖီဆိုင်ထိုင်ရင်း စာအုပ်တွေနဲ့အချိန်ကုန်တာမျိုး ဒါမှမဟုတ်ရင်လည်း ကိုယ့်ရဲ့ဝါသနာတစ်ခုခုကို လုပ်ကြည့်တာမျိုးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အချိန်ပေးသင့်ပါတယ်။

#HM
#ChitMayMay
Source: Monster
Chit May May မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။