
ဒါကတော့ မိဘတိုင်း မှတ်သားထားရမယ့် အကာအကွယ် လွန်ကဲနေသော မိခင်တွေရဲ့ အမူအကျင့် ၈ခုပဲဖြစ်ပါတယ်။ မိဘတွေဆိုတာ သားသမီးတွေအတွက် အကောင်းဆုံးကိုသာ အမြဲလိုချင်ကြပါတယ်။ ဒါပေမယ့် ကောင်းတယ်လို့ ကျွန်မတို့ ထင်ထားတာတွေက သူတို့ကို နာကျင်စေတာမျိုးလည်း ရှိပါတယ်။
တခါတရံ သားသမီးတွေအား သူတို့ဘဝသူတို့ ထိန်းကျောင်းခြင်းကနေ မသိစိတ်ဖြင့် တားဆီးမိနေတဲ့ overprotective မိဘတွေ အများကြီးရှိပါတယ်။ သူတို့က သူတို့သားသမီးတွေရဲ့ ကိုယ့်တာဝန်ကိုယ်ယူခြင်း ၊ ကိုယ်ပိုင်အတွေ့အကြုံတွေရှာခြင်းနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေရှိခြင်းကို တားဆီးပိတ်ပင်တတ်ကြပါတယ်။
ငါက အကာအကွယ် လွန်ကဲနေတဲ့ မိခင်တစ်ယောက်လား?လို့ ကိုယ့်ကိုယ်ကို တွေးဖူးပါသလား? ဒီလက္ခဏာတွေကို ကြည့်ပြီး သင့်ကိုယ်သင် ရှာဖွေကြည့်ပါ။
မိခင်တစ်ဦးအနေဖြင့် သင့်အလုပ်က သင့်ကလေးတွေကို ကာကွယ်ဖို့နဲ့ ထိပ်တိုက်တွေ့ခြင်းကနေ ကာကွယ်ဖို့ပေါ်မှာသာ အာရုံမစိုက်သင့်ကြောင်း သတိရပါ။ သူတို့အား စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားမယ့် ကိရိယာတွေ ၊ အမှီအခိုကင်းပြီး စွမ်းရည်ရှိတဲ့သူတွေ ဖြစ်လာစေဖို့ ကူညီပေးမယ့် ကိရိယာတွေပေးဆောင်ဖို့လည်း သင့်အတွက် အရေးကြီးပါတယ်။
အကာအကွယ်လွန်ကဲတဲ့ မိခင်ဖြစ်စေသော လက္ခဏာများ
၁။ သားသမီးတွေရဲ့ ပြဿနာအားလုံးကို ဖြေရှင်းဖို့ ကြိုးစားတာ
အခက်အခဲတွေနဲ့ ကြုံလာတဲ့အခါ အကာအကွယ် လွန်ကဲတဲ့ မိခင်တွေဟာ ချက်ချင်းထိန်းချုပ်ရတာကို နှစ်သက်ကြပါတယ်။သားသမီးတွေ အဆင်မပြေမှုမျိုး မကြုံရအောင် အစွမ်းကုန်ကြိုးစားကြပါတယ်။ ကလေးတွေဟာ အဆင်မပြေမှုမျိုး ဘယ်တော့မှ မခံစားဖူးတဲ့အခါ စိတ်ပျက်စရာတွေ ကြုံလာရင် ခံနိုင်ရည်မရှိကြပါဘူး။ ပြဿနာတွေ ဖြေရှင်းနိုင်စွမ်းကိုလည်း လျော့နည်းစေပါတယ်။
၂။ သားသမီးတွေရဲ့ကျောင်းနဲ့ အလွန်အကျွံထိတွေ့မှုရှိတာ
အခြေအနေတွေကို သူတို့ဘာသာသူတို့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သားသမီးတွေကို သင်ပေးမယ့်အစား ပြင်ပအဖွဲ့အစည်းတွေဆီကနေ ကြားဝင်ဆောင်ရွက်ပေးတတ်ပါတယ်။ ကျောင်းမှာ ပြဿနာတစ်ခု ကြုံလာတဲ့အခါ အကာအကွယ်လွန်ကဲတဲ့ မိဘတွေက အဲဒါကို ဖြေရှင်းပေးဖို့ ဆရာတွေဆီကို တန်းတန်းမတ်မတ် သွားကြပါတယ်။ ပြဿနာ ဘယ်လောက်ပဲ သေးငယ်ပါစေ သူတို့ရဲ့ ကလေးတွေကို အကာအကွယ်ပူဖောင်းထဲမှာထားဖို့ အကူအညီ ချက်ချင်းရှာဖွေကြပါတယ်။
၃။ သားသမီးတွေ အရာရာမှာ အောင်မြင်ဖို့ ဘာမဆိုလုပ်တာ
လူသားတွေဟာ အမှားတွေ၊ စိတ်ပျက်ခြင်းတွေကနေ သင်ခန်းစာ ထောင်ပေါင်းများစွာကို သင်ယူကြပါတယ်။ အကာအကွယ်လွန်ကဲတဲ့ မိဘတွေရှိသော ကလေးတွေဟာ အသစ်သောအရာတွေကို သင်ယူနိုင်စေမယ့် လှုပ်ရှားမှုတွေမှာ ပါဝင်ခွင့်မရကြပါဘူး။ သေချာတာပေါ့ ၊ သူတို့မှာ ရည်ရွယ်ချက်ကောင်းတွေ ရှိပေမယ့် ကလေးဟာ ကျွမ်းကျင်မှုအသစ်တွေကို စူးစမ်းလေ့လာခွင့် ဆုံးရှုံးရပါတယ်။
၄။ ကိစ္စတွေ အဆင်မပြေတဲ့အခါမှာ အလွန်တရာ နှိမ့်ချမှုမျိုး ရှိနိုင်တာ
ဘယ်လိုခံစားရလဲဆိုတာကို ခွဲခြားသိမြင်ပြီး ဖော်ပြနိုင်ဖို့က ကလေးတွေအတွက် အရေးကြီးပါတယ်။ ဝမ်းနည်းမှု၊ ဒေါသနဲ့ အကူအညီမဲ့မှုတို့ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို သင်ယူဖို့ လိုအပ်ပါတယ်။ သူတို့ စိတ်ချမ်းသာအောင် အရာရာကို လုပ်ပေးတာထက် စိန်ခေါ်မှုတွေကို လက်ခံပြီး ကျော်လွှားနိုင်အောင် ကူညီပေးရပါမယ်။
၅။ သားသမီးတွေရဲ့ ပေါင်းသင်းဆက်ဆံရေးကို ထိန်းချုပ်ထားတာ
သူတို့ရဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ကလေးတွေနဲ့ အတူနေထိုင်ကြသူတွေဟာ သူတို့ရဲ့အပြုအမှုအပေါ် ကြီးမားတဲ့ လွှမ်းမိုးမှုတွေ သယ်ဆောင်ပါတယ်။ Overprotective မိခင်တွေဟာ သူတို့ကလေးတွေကို ” ဆိုးတယ်လို့ ယူဆထားတဲ့ တခြားကလေးတွေနဲ့ ဆက်ဆံခြင်းကနေ တားဆီးဖို့ ကြိုးစားကြပါတယ်။
ဘယ်သူ “ကောင်းတယ်” ၊ဘယ်သူ “ဆိုးတယ်” ဆိုတာ သိဖို့လိုအပ်တာက ကလေးတွေ ကိုယ်တိုင်ပါပဲ။ Interpersonal relationships ကောင်းကို ဘယ်လိုဖန်တီးရမယ်ဆိုတာ သင်ယူခြင်းက သူတို့ကိုယ်တိုင်ပြုစုပျိုးထောင်ရမယ့် ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။

၆။ သားသမီးတွေရဲ့ကမ္ဘာကို အဆက်မပြတ်လွှမ်းမိုးထားတာ
မိခင်တစ်ဦးက ကိုယ့်သားသမီးရဲ့ ကောင်းကျိုးချမ်းသာကို ဂရုစိုက်တာက မှန်ကန်ပေမယ့် ကန့်သတ်ချက်ကို ဖြတ်ကျော်ခြင်းက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အသက်ကြီးလာတာနှင့်အမျှ ကလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဘဝကို စတင်ဖို့ သူတို့ရဲ့ privacy ကိုတောင်းဆိုလာပါလိမ့်မယ်။ ဒါက လုံးဝပုံမှန်ဖြစ်ပြီး ရင့်ကျက်မှုဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အကာအကွယ်လွန်ကဲတဲ့ မိဘတွေဟာ အဆိုပါကန့်သတ်ချက်တွေကို လေးစားခြင်းမရှိတဲ့အပြင် လျှို့ဝှက်ထားရမယ့် ကလေးရဲ့အခွင့်အရေးကိုပါ မလေးစားကြပါဘူး။
၇။ အိမ်မှာ ဝေယျာဝစ္စ (သို့) တာဝန်တွေ မပေးတာ
ပူးပေါင်းဆောင်ရွက်မှုနဲ့ မိသားစုပိုင်ဆိုင်မှုသဘောကို စည်းကမ်းနဲ့ တည်ဆောက်ပါတယ်။ အလွန်အကျွံ အကာအကွယ်ခံရတဲ့ ကလေးတွေဟာ အပြန်အလှန် ထိန်းကျောင်းခြင်း (သို့) လူ့အဖွဲ့အစည်းကို အကျိုးပြုခြင်း သဘောတရားကို နားမလည်ပါဘူး။ ဒီလိုဖြစ်လာရင် ကလေးတွေက သူတို့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေ၊ အတွေးအမြင်တွေနဲ့ လိုအပ်ချက်တွေဟာ လူတိုင်းရဲ့ ဦးစားပေးဖြစ်သင့်တယ်လို့ ယုံကြည်လာကြပါတယ်။
၈။ လောကရဲ့ သဘာဝအမှန်ကို ဖုံးကွယ်ထားကြတာ
လူကြီးတွေအနေနဲ့ မိဘတွေဟာ လောကကြီးက မတရားမှုတွေနဲ့ မနှစ်မြို့ဖွယ် အခြေအနေတွေ ပြည့်နှက်နေကြောင်း သိကြပါတယ်၊ ဒီအန္တရာယ်တွေရှိကြောင်း ကလေးတွေလည်း သိထားဖို့ လိုအပ်ပါတယ် ။ သူတို့ကို ကျော်လွှားဖို့ ပြင်ဆင်ထားရန်လည်း လိုအပ်ပါတယ်။ မပြင်ဆင်ထားပါက သူတို့ဟာ ဒီကြမ်းတမ်းတဲ့ ကမ္ဘာကြီးရဲ့ ဖျက်ဆီးခြင်းကို ခံရမယ့် အန္တရာယ်ရှိပါတယ်။
အကာအကွယ်လွန်ကဲတဲ့ မိခင်တွေရဲ့ ဒီလက္ခဏာတွေက ဘယ်လောက်ထိ ဆက်စပ်နေလဲ? သင့်ကလေးတွေအတွက် အကောင်းဆုံးကို လိုချင်ရင်တောင် ခက်ခဲတဲ့အခြေအနေတွေကို သူတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်အောင် ပြင်ဆင်ထားဖို့ သင်ပေးရပါမယ်။ သူတို့လိုအပ်သမျှကို ရအောင်ကူညီဖို့ သူတို့ အနားမှာ သင်အမြဲရှိနေမှာမဟုတ်ပါဘူး။ သူတို့ကို အမှီအခိုကင်းပြီး ခံနိုင်ရည်ရှိတဲ့လူကြီးတွေ ဖြစ်လာအောင် ကူညီပေးပါ။
Chit_MayMay
Nandar
Source-youaremom