အဝလွန်နေတဲ့ ကလေးငယ်တွေကို ခန္ဓာကိုယ်အလေးချိန်လျော့ကျစေဖို့အတွက် နည်းလမ်းများ

0
101
- Advertisement -

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ဖော်ပြထားသည့် အချက်အလက်များအရ ၁ နှစ်မပြည့်သေးသည့်အရွယ်တွေကနေ အသက် ၅ နှစ်အရွယ်အထိ ကလေးတွေပေါင်း ၄၁ သန်းဟာ အဝလွန်နေကြပါတယ်။ အခုလိုနှုန်းထားမျိုးက ကျဆင်းမသွားဘဲ ဆက်ပြီးသွားနေမယ်ဆိုရင်တော့ ၂၀၂၅ ခုနှစ်ကို ရောက်တဲ့အခါ ကမ္ဘာနှင့်ချီပြီး သန်း ၇၀ လောက်အထိ တိုးသွားပါလိမ့်မယ်။ ငယ်စဥ်ကတည်းက အဝလွန်နေတဲ့ ကလေးငယ်တွေဟာ အသက်ကြီးလာတဲ့အခါ ဆီးချိုရောဂါ၊ နှလုံးရောဂါတို့လို့ စိုးရိမ်ရလောက်တဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေ ယှဥ်တွဲခံစားလာရနိုင်ပါတယ်။ ဒါကြောင့်မို့ အဝလွန်ခြင်းကို ဘယ်လိုပုံစံမျိုးတွေနဲ့ ကြိုတင်ကာကွယ်ပြီးတော့ ဝိတ်ကျစေဖို့ ဘယ်လိုမျိုး ကူညီပေးရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ကစီဓာတ်လွန်ကဲသော အစားအစာများ မကျွေးပါနဲ့

ပေါင်မုန့်၊ ဆန်ဖြူ၊ အာလူးတို့လို ကစီဓာတ်ကဲတဲ့ Carbohydrates အစားအစာတွေဟာ စားပြီးပြီးချင်း ဂလူးကို့စ်အဖြစ် ပျော်ဝင်သွားစေသည့်အတွက် ထိုအစားအစာတွေ အစား ကြက်ဥ သို့မဟုတ် ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကို မနက်စာအဖြစ် ကျွေးမွေးတာကအကောင်းဆုံးဖြစ်ပါတယ်။

သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို သေသေချာချာ ရွေးချယ်ပါ

ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေက ကျန်းမာရေးနဲ့အညီညွတ်ဆုံးသော အစားအစာတွေဆိုတာကို ဘယ်သူမှငြင်းဆန်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပြောင်းဖူးနှင့် အာလူးတို့လို GI မြင့်မားသည့် အစားအစာတွေနဲ့ ငှက်ပျောသီး၊ နာနတ်သီးအစရှိတဲ့ အသီးအနှံတွေဟာ စပျစ်သီး၊ ပန်းသီး၊ ကီဝီသီး၊ ဘယ်ရီသီး၊ လိမ္မော်သီးတို့လို အသီးတွေထက် ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။

ပရိုတင်းများများဖြည့်တင်းပေးပါ

ကိုယ်ခန္ဓာအတွင်းမှာ စုဝေးနေတဲ့ အဆီတွေကို အားအင်အဖြစ်ထုတ်လွှတ်ရန် ကူညီပေးမယ့် ဟော်မုန်းကို ထုတ်လုပ်ဖို့အတွက် လှုံ့ဆော်ပေးတဲ့ ပရိုတင်းသည် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သည့်အတွက် မနက်စာ၊ နေ့လည်စာ၊ ညစာစားတဲ့အချိန်တွေမှာ အမြဲထည့်ကျွေးပေးဖို့လိုပါတယ်။

အဆီတိုင်းကို ရှောင်စရာမလိုပါဘူး

အဆီလို့ဆိုတိုင်း မကောင်းဘူးလို့ မထင်လိုက်ပါနဲ့။ ထောပတ်သီး၊ ငါးအဆီတို့လို အဆီတွေက ကျန်းမာရေးနဲ့ညီညွတ်ပြီး အစာခြေစနစ်ကို နှေးကွေးစေကာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပြောင်းဆန်တို့နဲ့ စားသုံးမယ်ဆိုပါက ပိုပြီးတော့တောင် ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ အဆီဓါတ်သည် ဆဲလ်အလွှာပါးကို ပြုလုပ်ပေးရာမှာ လိုအပ်သည့်အတွက် ကျန်းမာရေးအတွက် အဆီဓါတ်သည် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တခုဘဲဖြစ်ပါတယ်။

ကလေးကိုဘာမှမကျွေးပဲမထားပါနဲ့

မိဘတိုင်းကတော့ ကလေးကိုအငတ်မထားချင်ကြပါဘူး။ တကယ်လည်းမထားသင့်ပါဘူး။ ဒါပေမယ့် ကလေးကိုတော့ ဝိတ်ကျအောင်မစားနဲ့ပြောပြီး ကိုယ်ကတော့စားချင်တာထိုင်စားပြနေလို့တော့ မဖြစ်ပါဘူး။ ဒါကြောင့် တစ်မိသားစုလုံး GI ပါဝင်မှုနည်းပါးသည့် အစားအသောက်တွေကို အတူတကွစားမယ်ဆိုရင်တော့ ဝိတ်ချနေတဲ့ကလေးလည်း စိတ်ကျေနပ်စရာအခြေအနေကို ဖြစ်စေပါလိမ့်မယ်။

#Chit_May_May

#Dmo_aung

#Ref- timesofindia

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here